တောင်တန်းသာသနာပြု ထောင်နန်းမှာ ယခု

20101010 Lashio Prision (1)

တောင်တန်းသာသနာပြု ထောင်နန်းမှာယခု . . . .

ဆရာတော်ကို တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း-တန့်ယန်း)လို့ လူသိများတယ်။   ဟိုနားခဏ ဒီနားခဏ ဦးသုခမိန္ဒလို့ ဂျာနယ်လစ် ကျော်ရင်မြင့်က တင်စားခေါ်ထားတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ သာသနာပြုခရီးကို တစ်နှစ်ပတ်လုံးလိုလို ဟိုနားမှာ ခဏ ဒီနားမှာ ခဏ၊ တချို့နေရာလည်း တစ်ရက်၊ တစ်ည၊ သုံးလေးငါးည၊ ဆယ်ည စသဖြင့် သာသနာပြုလုပ်ငန်းစဉ်အရ သာသနာပြု မာရသွန်ခရီး အမြဲ တမ်းဆက်နေတော့ တစ်နေရာတည်းမှာ ကြာကြာနေတဲ့ ပုဂ္ဂိုလ်မဟုတ်လို့ပါ။

 

ထူးခြားတဲ့ နေ့တစ်နေ့။

အဲဒီနေ့ကတော့ ၁၀ ရက် ၁၀ လ ၂၀၁၀။ တနည်းပြောရရင် ၁၀ သုံးလုံးနေ့ပါ။

အဲဒီနေ့ရဲ့ ထူးဆန်းမှုက ဒီလိုပါ . . .

အ/၆၅၄၅ လင်ခရူဆာကားနက်တစ်စီး သိန္နီမြို့ကျောင်းဆိုင်ကျောင်း (၁၀)ရက် ဓမ္မဂုဏ်ရည် တရားစခမ်း ကနေ လားရှိုးကို နေ့လည် တစ်နာရီအရောက် ခရီးဆက်ထွက်လာခဲ့တယ်။ လွန်ခဲ့တဲ့ ၅ ရက်ကတည်းက မိုးဆက်တိုက် ရွာခဲ့တာကြောင့် သိန္နီမြို့ရဲ့ တောင်ဘက်ကို ဖြတ်စီးဆင်းနေတဲ့ နမ္မတူချောင်းလည်းး ရေတွေ ကြီးပြီး မြေနိမ့်ပိုင်းက တချို့လယ်တွေ ရေမြုပ်လို့ စပါးပင်အချို့ ရေငုတ်နေတာ တွေ့ရတယ်။ ကားလမ်းပေါ်တော့ ရေမကျော်ပါဘူး။ ဆရာတော်ကားရဲ့ နောက်မှာ စရထ ဘိက္ခဝေ (ရဟန်းတို့ သာသနာပြု ခရီးထွက် တရားဟောကြ) အဓိပ္ပါယ်ရှိတဲ့ ပါဠိစာရယ် The water is pure, that flows. The monk is pure, that goes. (စီးဆင်းတဲ့ရေသည် ကြည်သန့်ရှင်း၏၊ သာသနာပြု ခရီးထွက်နေတဲ့ သံဃာတော်သည် ကြည်လင်သန့်ရှင်း၏) အဓိပ္ပါယ်ရှိတဲ့ အီတာလျံဘုန်းတော်ကြီး ဦးလောကနာထရဲ့ စကားတော်ရယ် ရေးထားတယ်။

နေ့လည် တစ်နာရီထိုးဖို့ ၁၀ မိနစ်အလို လားရှိုးမြို့အ၀င် နမ့်ယောင်ချောင်းတံးတားကို ဖြတ်ကျော်ခဲ့ပြီး လားရှိုးမြို့ ကိုရောက်လာပါတယ်။ ဆရာတော်ရဲ့ ကားနက်က လားရှိုးအကျဉ်းထောင်ရှေ့ရောက်တော့ အရှိန်လျှော့လာပြီး အကျဉ်းထောင် တာဝန်ရှိသူများက ဆရာတော်ရဲ့ ကားကို စောင့်ကြိုနေကြပြီး အကျဉ်းဦးစီးဌာနရဲ့ ဧည့်ဂေဟာ ဌာနကို ပင့်သွားတယ်။

20101010 Lashio Prision (2)

တတိယအကြိမ် ထောင်ထဲရောက်ခြင်း

ပြီးခဲ့တဲ့ ၂၀၀၈ ခု ဇန္န၀ါရီလ (၈) ရက်တုံးကလည်း ဆရာတော် ဒီအကျဉ်းထောင်ကို တစ်ခါရောက်ခဲ့ဖူးတယ်။ ဒီ တစ်ခါတော့ လားရှိုးထောင်မှာ ဒုတိယအကြိမ်ရောက်ရှိခြင်းပါ။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀-၂၂ ရက်တုံးက ၃ ရက်လုံးလုံး ဆရာတော်က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ် အကျဉ်းထောင်ကိုလည်း ရောက်ခဲ့သေးတယ်။ ရောက်ရခြင်း အကြောင်းရင်းကတော့ အတူတူပါ။ ပြည်ထဲရေးနှင့် အကျဉ်းဦးစီးဌာနမှ အကျဉ်းသားများကို တရားဟောပေးဖို့ ပင့်ထားလို့ တောင်တန်းသာသနာပြု ဆရာတော်ဟာ ထောင်နန်းမှာ ယခု တရားလာဟောရခြင်းဖြစ်တယ်။ လားရှိုးက သာမှုနာမှုလူမှုကူညီရေးအသင်း၊ မေတ္တာရေစင်အသင်း၊ ကလေးတရားပွဲဖြစ်မြောက်ရေးအသင်း၊ ဆန်ကုန်သည်ကြီးများအသင်း၊ ကုန်စည်တိုင်အဖွဲ့နဲ့ ရှမ်းယဉ်ကျေးမှု အဖွဲ့က ဒကာဒကာမတွေလည်း တစ်ယောက်ကို နည်းနည်းစီစုပြီး အလှူငွေတွေထည့်ကြကာ အကျဉ်းသားများ အတွက် ဆပ်ပြာ၊ လက်သုတ်ပုဝါ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ကော်ဖီထုတ်၊ ဆေး၊ ရေသန့်၊ ဆန်၊ ထမင်း၊ ဟင်းတွေကို သွားရောက်လှူဒါန်းတဲ့ အစီအစဉ်လည်းပါတယ်။ ကာလတန်ဖိုးကတော့ သိန်း(၅၀)လောက်ဖြစ် မယ်။ လားရှိုးအကျဉ်းထောင်မှာကတော့ ထောင်သား (၁၆၇၀)လောက်ရှိမယ်။

ထောင်ပိုင်ကြီး ဦးတင်မောင်ထွန်းလည်း ဆရာတော်ကို ဗွီအိုင်ပီများ နားနေဆောင်ကို ခေတ္တသီတင်းသုံးစေပြီး အအေးကပ်လှူကန်တော့ကာ ၀မ်းသာစကားတွေ အလ္လာပသလ္လာပ စကားတွေပြောပြီး ထောင်ရဲ့ အခြေအနေ ကို ပြောပြခဲ့တယ်။ ရှမ်းပြည်နယ်မှာ အကျဉ်းကျတာကတော့ မူးယစ်ဆေးဝါးမှုတွေက ရာခိုင်နှုန်းပိုများတယ်တဲ့။ ဒီတင်ပြချက်ကို ကြားရတော့ ဆရာတော်လည်း မူးယစ်ဆေးဝါးမိစ္ဆာကောင်ကြီး ရှမ်းပြည်နယ်မှာ မြန်မြန်အမြစ် ပြတ်ပါစေလို့ ဆန္ဒပြုမိတယ်။ လူညွှန့်တုံးစေရုံသာမက လူမျိုးကိုပါ ပျက်သုဉ်းစေတဲ့ အန္တရာယ်ကောင်ကြီးဟာ မူယစ်ဆေးဝါးပါ။

20101010 Lashio Prision (3)

ထောင်ထဲသို့ တတိယခြေလှမ်းများ

ထောင်ထဲက အဆင်သင့်ဖြစ်တာနဲ့ ဆရာတော်ကို လာပင့်တော့ ထောင်ပိုင်ကြီး ဦးတင်မောင်ထွန်းကိုယ်တိုင် ပန်းကလာပ်ကိုင်ပြီး ဆရာတော်ကို ထောင်ထဲပင့်သွားတယ်။ ကျန်တဲ့ အလှူရှင်အဖွဲ့များက နောက်ကနေ လိုက်တာတာ တပြုံကြီး။ ဆရာတော်တို့ အုပ်စုကလူတွေက (၄၀)ကျော်မယ်။ တာဝန်ရှိအစောင့်တွေက လူဝင် လူထွက်ကို သေချာစွာ ရေတွက်ထားရတယ်။ ထောင်ထဲအစီအစဉ်ကတော့ ကဏ္ဍလေးခု ခွဲထားပြီး ဆရာတော် က အမျိုးသားအကျဉ်းသား (ဗမာ)အတွက် တရားတစ်ပွဲ၊ အမျိုးသားအကျဉ်းသား (ရှမ်း)အတွက် တရားတစ်ပွဲ၊ လားရှိုး မန်ကောင်းကျောင်း သီလရှင်ဆရာလေး ဒေါ်ဧသိင်္ဂီက ယဉ်ကျေးလိမ္မာအတွက် အမျိုးသမီးနှင့် ကလေးများအတွက်ဟောပြောရေးနှင့် ဆရာတော်ရဲ့ အစ်မ ဒေါ်နန်းကြည်ကြည်သိန်းက အမျိုးသမီးအကျဉ်း သူများအတွက် တရားတစ်ပွဲစီစဉ်ထားတယ်။

ဆရာတော်ကတော့ အမျိုးသားအဆောင်ဘက်ကို ကြွသွားကာ အထဲရောက်တော့ အကျဉ်းသားတွေ ၀တ်စုံ အပြာနဲ့ စနစ်တကျ ထိုင်နေတာတွေ့ရတယ်။ သူတို့အားလုံးကို စိတ်နဲ့ မေတ္တာပို့လိုက်မိတယ်။ အစီအစဉ်အရ ရတနာသုံးပါးကန်တော့၊ ငါးပါးသီလခံယူပြီး (၁)နာရီလောက် တရားဟောပေးခြင်းဖြစ်တယ်။

ဆရာတော်ဟော တဲ့ တရားအကျဉ်းကတော့ . . .

ဗုဒ္ဓဘာသာဝင်များ သရဏဂုံအကျိုး ကြီးမားပုံကို သိရှိစေရန် ဒမိလတံငါသည်အကြောင်းကို စဟောတယ်။ သူက တစ်သက်လုံး တံငါလုပ်ပြီး မိစ္ဆာဇီဝနဲ့ အသက်မွေးကြောင်း။

သမ္မာအာဇီဝ၏ ဆန့်ကျင်ဘက် မိစ္ဆာဇိဝ (၅) မျိုး20101010 Lashio Prision (4)

(၁) သားသတ်လုပ်ငန်း= သူတစ်ပါးရဲ့ အသက်ကို သတ်လို့ အပြစ်ဖြစ်တယ်။

(၂) မူယစ်ဆေးဝါးရောင်းဝယ်ခြင်း= သူတစ်ပါးကို ဒုက္ခရောက်စေလို့ အပြစ်ဖြစ်တယ်။

(၃) လက်နက်ရောင်းဝယ်ခြင်း = သူတစ်ပါးကို သတ်ဖြတ်စေနိုင်လို့ အပြစ်ဖြစ်တယ်။

(၄) အဆိပ်ရောင်းဝယ်ခြင်း = သူတစ်ပါးကို အဆိပ်ဖြင့် သေစေနိုင်လို့ အပြစ်ဖြစ်တယ်။

(၅) လူကုန်ကူးခြင်း = အရောင်းခံရတဲ့သူ ဘ၀ဆုံးရှုံးလို့ အပြစ်ဖြစ်တယ်။

 

ဒီအရောင်းအ၀ယ်ငါးမျိုးဟာ အမြတ်အစွန်းများပေမယ့် သံသရာမှာလည်း အပြစ်ကြီးလွန်းတာကြောင့် ရှောင်ဖို့ ဘုရားက ဟောထားတယ်။ ဒမိလကတော့ ငါးတွေကို သတ်ပြီး အသက်မွေးတဲ့အတွက်ကြောင့် သေခါနီး မှာ ငရဲနိမိတ်တွေ ထင်လာတယ်။ ရဟန္တာတစ်ပါး အိမ်ကို ကြွလာပြီး သူ့ကို သရဏဂုံနဲ့ ငါးပါးသီလ ဆောက်တည် ဖို့ တိုက်တွန်းတော့ သူလည်း ငရဲနိမိတ်ကိုကြောက်လို့ ဆောက်တည်လိုက်တယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ . . . ကို တစ်ကြိမ်သာ ဆောက်တည်ခဲ့ရပြီး သေသွားတယ်။ ငါးပါးသီလကို သူမဆောက်တည်လိုက်ရဘူး။ သို့သော် ငရဲကျဖို့  ၉၅ ရာခိုင်နှုန်းသေချာနေတဲ့သူ ဟာ သရဏဂုံ တစ်ခဏသာ ဆောက်တည်ရလို့ ငရဲကလွှတ်ပြီး စတုမဟာရာဇ် နတ်ပြည်ကိုရောက်သွားတယ်။

နောက်ပြီးတော့ တိသရဏဂမနီယမထေရ်အကြောင်းကို ဆက်ဟောတယ်။ ဒီမထေရ်ဟာ လွန်ခဲ့တဲ့ (၉၁)ကမ္ဘာက သရဏဂုံနဲ့ ငါးပါးသီလကို တစ်သက်လုံး ဆောက်တည်ခဲ့တယ်။ အဲဒီအကျိုးက (၉၁)ကမ္ဘာတိုင်တိုင် ငရဲကို မရောက်ခဲ့ဘူး။ သိကြားမင်းဘ၀နဲ့ (၈) ကြိမ်၊ စကြ၀တေးမင်းဘ၀နဲ့ (၅) ကြိမ်၊ ပဒေသရာဇ် ဧကရာဇ်၊ သူဌေးဘ၀ကတော့ မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ဖြစ်ခဲ့ရတယ်။ နောက်ဆုံး ဂေါတမဘုရားရှင် လက်ထက်မှာ (၇)နှစ်သားနဲ့ သရဏဂုံကို ခံယူရင်း ရဟန္တာဖြစ်သွားတယ်။ ဒါဟာ သရဏဂုံ ဆောက်တည်ခြင်းရဲ့ အကျိုးထူးပါ။ အပါယ်ငရဲက လွတ်ဖို့ဆိုတာ ဘယ်နတ်သိကြားဗြဟ္မာ ထာဝရ ဘိုးတော် မယ်တော်ကမှ မလုပ်ပေးနိုင်တဲ့အကြောင်း၊ မိမိရဲ့ မှန်ကန်သောအယူ မှန်ကန်သော ကိုးကွယ်မှုကြောင့်သာ အပါယ်ဆင်းရဲက လွှတ်နိုင်ကြောင်း။

နောက်ဗမာပြည်က သရဏဂုံနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန်အကြောင်းတွေ ဖြစ်တဲ့ ဒလထောအကြောင်း။

သူမကတော့ မွန်မလေးပါ။ တချိန်က မွန်နေပြည်တော် ဟံသာဝတီ (ပဲခူး)မှာ ပုဏ္ဏားတွေ တိုက်တွန်း စည်းရုံး မှုကြောင့် ဗေဒင်လက္ခဏာတွေနဲ့ ချိန်းချောက်မှုကြောင့် ဘုရင်ကြီးက ဗုဒ္ဓဘာသာစွန့်ပြီး ဗြဟ္မဏအယူကို ယူသွားကာ တိုင်းသူပြည်သားအားလုံးကိုလည်း ဗုဒ္ဓဘာသာကို အမိန့်အာဏာနဲ့ စွန့်စေခဲ့တယ်။ လူထုတွေက သေဒဏ်ပေးခံရမှာ ကြောက်လို့ ဗုဒ္ဓဘာသာကို စွန့်ကြတယ်။ ဒလထောတစ်ယောက်သာ ဗုဒ္ဓဘာသာကို မစွန့်တဲ့ သူအဖြစ် ကျန်ရစ်တယ်။ တစ်နေ့ ရေထဲမှာ ဆင်းတုတော် ရှစ်ဆူမျောလာတာကို တွေ့တော့ သူမက သွားဆယ်ယူတယ်။ ဘုရင်ကြီးသိသွားတော့ သူမကို နန်းရင်ပြင်သို့ ဖမ်းလာပြီး သေဒဏ်ပေးတာပေါ့။ ဆင်နဲ့ နင်းသတ်ဖို့ အပြစ်ပေးကာ ပြည်သူလူထုတွေကိုလည်း နောင်ဗုဒ္ဓဘာသာ မကိုးကွယ်ရဲအောင် ပုဏ္ဏားတွေက ရက်ရက်စက်စက် ဆင်နဲ့ နင်းသတ်စေခြင်းပါ။ ဒလထောကတော့ ဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီး ခံယူသွားမယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ မေတ္တာပို့ပြီး သရဏဂုံကို ရွတ်ဖတ်ပူဇော်နေတယ်။ သရဏဂုံရဲ့ အစွမ်းကြောင့် ဆင်တွေက ဒလထောကို မနင်းသတ်ရဲပဲ ထွက်ပြေးကုန်တယ်။ သူမကို ဆင်မမြင်အောင် ဖြာနဲ့ လိပ်ထားပြီး နင်းခိုင်းသော် လည်း ဆင်တွေ အကုန်လုံး ထွက်ပြေးကုန်တယ်၊ ဒီအဖြစ်အပျက်ဟာ အင်္ဂလိပ်စာရေးဆရာ ဂျီအီးဟာဗေးကိုယ် တိုင် မြင်တွေ့ရလို့ အင်္ဂလိပ်လို လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးရာကျော်က မှတ်တမ်းတင်ထားတာပါ။ နောက်ဆုံးသူမကို မီးပုံပေါ် ပစ်တင်တယ်။ သရဏဂုံကြောင့် မီးမလောင်ပါဘူး။ ပုဏ္ဏားတွေ သူမကို မသေသေအောင် လုပ်မှ ဖြစ်မယ်။ မလုပ်နိုင်ရင် ဗုဒ္ဓဘာသာတွေ ပြန်ခေါင်းထောင်လာကုန်မယ်ပေါ့။ ဒါနဲ့ သူမကို အရှင်လတ်လတ် မြေမြုပ် ပစ်ဖို့ ဘုရင်ကြီးကို အကြံပြုတယ်။ သူမကတော့ သေမှာ မကြောက်ပါဘူး။ သရဏဂုံနဲ့ သေရင် အပါယ်မကျဘူး ဆိုတာ ယုံကြည်ထားလို့ပါ။ သရဏဂုံကို စွန့်ပြီးသေရင်တော့ အပါယ်လေးပါးဟာ ကိုယ့်ရဲ့ အိမ်ဂေဟာဖြစ်မယ်။

20101010 Lashio Prision (5)

သူမကို ဆင်နဲ့သတ်၊ မီးရှို့သတ်လို့ မသေတာကို ဘုရင်ကြီးက အံ့သြနေမိတယ်။ နောက်ဆုံး သူမကို သနားစိတ်ဝင်သွားလို့ အခွင့်အရေး တစ်ခု ပေးတယ်။ ဗုဒ္ဓဘာသာကို စွန့်ရင် သေဒဏ်က လွှတ်ပေးမယ်ပေါ့။ သူမ ကတော့ မစွန့်ဘူး၊ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ပဲ အသက်သာ အသေခံသွားမယ်လို့ ပြန်ပြောလိုက်တယ်။ တကယ့် ဘာသာချစ် အာဏာနည်သူရဲကောင်းမလေးလို့ ဆိုရမယ်။ ဘုရင်ကလည်း သွေးတိုးစမ်းချင်တာနဲ့

မင်းတို့ ဗုဒ္ဓဘာသာက တကယ်စစ်မှန်တယ်ဆိုရင် မင်းအိမ်မှာ ပင့်ထားတဲ့ ဆင်းတုတော ရှစ်ဆူကို ဒီနန်းတော် ရောက်အောင်ပင့်၊ မပင့်နိုင်ရင် မင်းကို အရှင်လတ်လတ် မြေမြုပ်ပစ်မယ်။ ပင့်နိုင်ရင်တော့ ငါလည်း ဗုဒ္ဓဘာသာ ပြန်ဝင်မယ်. . . တဲ့။

 

ဒလထောလည်း ဒို့ဗုဒ္ဓဘုရားရှင်ဟာ ဘုရားအစစ်အမှန်ဖြစ်တယ်၊ တပည့်တော်မကလည်း သရဏဂုံကို အသက်နဲ့ လဲပြီး စောင့်ရှောက်ခဲ့တယ် ဒီမှန်တဲ့ သစ္စာကြောင့် အိမ်မှာ ရှိတဲ့ ဆင်းတုတော်ရှစ်ဆူသည် ကောင်းကင် ခရီးဖြင့် နန်းတော်သို့ ကြွလာစေသား အရှင်ဘုရား ဆိုပြီး သစ္စာဆိုလိုက်တယ်။ ဆင်းတုတော် ရှစ်ဆူစလုံး ကောင်း ကင်ကနေ နန်းတော်ကို ရောက်လာတယ်။ ဘုရင်ကြီးလည်း သံဝေဂနောင်တရပြီး ဘုရားကို ပြန်ကန်တော့ကာ ဗုဒ္ဓဘာသာ အဖြစ်ပြန်ခံယူလိုက်တယ်။ တတိုင်းတပြည်လုံးလည်း ဗုဒ္ဓဘာသာပြန်ဖြစ်သွားတယ်။ ဒလထောကို လည်း မိဖုရားခေါင်အဖြစ် ဘုရင်ကြီးက တင်မြှောက်လိုက်တယ်။ ပုဏ္ဏားတွေကို ဖမ်းပြီး ဒလထောကို အပ်လိုက်ကာ ကြိုက်သလို အပြစ်ဒဏ်ပေးနိုင်ကြောင်း ပြောတော့ ဒလထောက ဗုဒ္ဓဘာသာပီပီ သူတစ်ပါးရဲ့ အသက်ကို မသတ်ပါဘူး။ သူတို့ကို ပြည်နှင်ဒဏ်ပေးပြီး သူတို့ရဲ့ တိုင်းပြည်ကိုသာ ပြန်လွတ်လိုက်တယ်။ ဒါဟာ သရဏဂုံရဲ့ ထူးခြားတဲ့ မှတ်တမ်းပါ။

20101010 Lashio Prision (6)

နောက်ပြီး လားရှိုး ရပ်ကွက် (၁၂)က အရက်သမား ဒကာကြီးတစ်ယောက် အကြောင်း။ သူ့မိန်းမက ဘာသာခြားဖြစ်သော်လည်း နောက်ပိုင်း ဗုဒ္ဓဘာသာဖြစ်လာတယ်။ ရတနာသုံးပါးကို မိရိုးဖလာဗုဒ္ဓဘာသာ တွေထက် ပိုပြီး ယုံကြည်သူဖြစ်သွားခဲ့တယ်။ ယောကျာ်းဖြစ် သူကတော့ နေ့စဉ်မူးနေတဲ့ အရက်သမားပါ။ နောက်ပိုင်း လေဖြတ်လို့ ကိုယ်တစ်ခြမ်း လှုပ်လို့ မရတော့ဘူး။ စစ်သားလူထွက်လည်း ဟုတ်တယ်။  သူသေခါနီး တစ်ကိုယ် လုံးပူတာ ခံရပြီး အ၀တ်တွေ ချွတ်ချွတ်ပစ်တယ်။ သူ့မိန်းမက ဆရာတော်ထံ ဖုန်းဆက်အကြောင်းကြား ပီး သူမတို့ အိမ်ကို ဆွမ်းစားကြွဖို့ ပင့်တယ်။ ဒကာကြီးအတွက်လည်း ကုသိုလ်ဖြစ်အောင် ဆွမ်းကပ်ချင်တယ်ဆိုပဲ။ ဆရာတော်လည်း မူဆယ်ကနေ လားရှိုးအိမ်ကို ကြွသွားတယ်။ ဆွမ်းစား တရားဟောရေစက်ချပြီး ပြန်ခါနီးမှာ ဒကာကြီးကို သရဏဂုံ သုံးခေါက် ချပေးကာ လိုက်ဆိုခိုင်းတယ်။ သူအမြဲတမ်းရွတ်ဖို့ သူ့အိမ်သားတွေကိုလည်း ထပ်ဆင့် သတိပေးလိုက်တယ်။ ဒါနဲ့ နှစ်ရက်လောက် ရွတ်တော့ သူ့ဒကာမက ဖုန်းဆက်လာတယ်။ ပူတာတော့ ပျောက်သွားပါပြီ၊ ဒါပေမယ့် နံတယ် လို့ပဲ ပြောပြောနေတယ် ဘာဆက်လုပ်ပေးရမှာလဲ ဘုရားတဲ့။ ပူတာကတော့ ငရဲက လွှတ်လောက်ပြီ၊ နံတာကတော့ ပြိတ္တာက မလွှတ်သေးဘူးနဲ့ တူတယ်… သရဏဂုံကိုပဲ ဆက်ရွတ်ခိုင်းတော့ နောက်သုံးရက်လောက် နံတာ တွေ ပျောက်သွားတယ်။ သေတဲ့ အထိ သရဏဂုံသာ ရွတ်ပြီး သေသွားတဲ့ ဒကာကြီးရဲ့ မျက်နှာရိပ်မှာ အပြုံးရိပ်တောင် သမ်းသွားသေးတယ်။ ဒမိလတံငါက သရဏဂုံ တစ်ခေါက်တည်း ရွတ်တာတောင် ငရဲက လွှတ်တယ်ဆိုတော့ ဒို့ဒကာ(အရက်သမားကြီး) တစ်ခါမက သရဏဂုံရွတ်တော့ ငရဲက လွှတ်တာ သေချာတယ်။ ဒါကြောင့် သရဏဂုံဟာ သေရေးရှင်ရေးအထိ အားကိုးလို့ရတဲ့ အကြောင်း။ ယုံရင် ကြည်တဲ့အကြောင်း။

20101010 Lashio Prision (8)

နောက် လားရှိုးက ရွှေကုန်သည်ဒကာမတစ်ယောက် ကင်ဆာရောဂါဖြစ်ပြီး သေခါနီး ဝေဒနာခံခက်တာကြောင့် တွေ့တဲ့သူကို ကလော်ဆဲခဲ့တဲ့အကြောင်း။ သူ့အမက ဆရာတော်ရဲ့ သရဏဂုံနဲ့ ပတ်သက်တဲ့ အကြောင်းဟောထားတဲ့ တရားခွေဖွင့်ပြတော့ မဆဲတော့ဘဲ သရဏဂုံကိုသာ ရွတ်ဖတ်ပြီး အနာကျွမ်းနေတဲ့ ကင်ဆာရောဂါဟာ သိပ်မနာတော့ဘဲ သေဆုံးသွားတဲ့ အထိ သရဏဂုံကို ရွတ်သွားတဲ့အကြောင်း ပြောပြလိုက်တယ်။

သရဏဂုံဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အသက်သွေးကြောဖြစ်ကြောင်း၊ သရဏဂုံကို ရွတ်ဖတ်ခြင်းကြောင့် မကောင်းသော အိပ်မက်မက်ခြင်း မရှိနိုင်ကြောင်း၊ မကောင်းဆိုးဝါးများ အန္တရာယ်မှ လွှတ်မြောက်နိုင်တဲ့ ရန်ကန် ချော်တွင်းကုန်းနေ ဒကာမဒေါ်တင်အကြောင်းတွေကို အကျဉ်းချုံးပြီးတော့ ဟောပေးလိုက်တယ်။

ဒေါ်တင် အကြောင်းက ဒီလိုပါ

မြောက်ဥက္ကလာဆေးရုံက လူနာတစ်ယောက်ဖြစ်တယ်။ သူမဘေးနား ကလည်း ဘာသာခြားအမျိုးသမီး တစ်ယောက်ဆေးကုသခံနေတယ်။ ဘာသာခြားအမျိုးသမီးကို ဆရာဝန်တွေက မနက်ဖြန် ဆေးရုံက ဆင်းလို့ရပြီ ဆိုတဲ့ အကြောင်းပြောလာတယ်။ ရောဂါအခြေအနေ ကောင်းသွားပြီးပေါ့။ ဆေးရုံက ဆင်းရမယ့် နံနက်စောစော သူမက ဒေါ်တင်ကို နှိုးပြီး မနေ့ညက ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြောပြတယ်။

သူမကို ခေါင်းပြတ်ကြီး ဆယ်လုံးက လိုက်ကိုက်တဲ့အကြောင်း၊ သူမတို့ရဲ့ ဘုရားစာကို ရွတ်ပေမယ့် ဘယ်လိုမှ မကာကွယ်နိုင်တဲ့အကြောင်း၊၊ ခေါင်းပြတ်ကြီး တစ်ခုဟာ သူမရဲ့ လက်ညိုးကို ကိုက်ပြီး သွေးတွေ စုပ်ယူသွားတဲ့အကြောင်း အိမ်မက်လိုလို တကယ်လိုလို ခံစားရပြီး လူကလည်း နှုန်းခွေနေပြီး သူမရဲ့ လက်ညိုးကလည်း ညိုမဲနေကြောင်း၊ ဒီနေ့ သေရတော့မယ့် အကြောင်း ဒေါ်တင်ကို ပြောပြတယ်။ ဒေါ်တင်လည်း မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေတယ်။ နံနက် ရှစ်နာရီကျော်ကျော်လောက် ဘာသာခြားအမျိုးသမီးရဲ့ ဆွေမျိုးသားချင်းတွေ ဆေးရုံဆင်းဖို့ လာကြိုချိန် သူမရဲ့ စောင်ကို ဖွင့်လိုက်တော့ သေနေတာကို တွေ့ရတယ်။

20101010 Lashio Prision (9)

ဒေါ်တင်လည်း ညအိပ်တော့ မကောင်းဆိုးဝါးတစ်ကောင်က သူမကို လည်ပင်းလာညစ်တယ်။ သူမက သမ္ဗုဒ္ဓေဂါထာရွတ်လိုက်တော့ မကောင်းဆိုးဝါးကို တစ်ယောက်ယောက်က ဆွဲချသလို ပြုတ်ကျပြီး ထွက်ပြေးသွား တယ်။ သမ္ဗုဒ္ဓေဂါထာလည်း ဗုဒ္ဓဘာသာဝင်တွေ ခပ်များများရကြပြီး ရွတ်ဖတ်ကြတယ်။ ချင်းစစ်သားတစ်ယောက်လည်း ရှေ့တန်းရောက်စဉ် တိုက်ပွဲကြားမှာ သေမှာကြောက်လို့ သူယုံကြည်ခဲ့တဲ့ သူတို့ဘုရားစာတွေကို ရွတ်ပေမယ့် လက်နက်ကြီးငယ်မျိုးစုံ သူ့အနားမှာပဲ ကျကျနေလေတော့ သေမှာကြောက်လို့ မတောက်တစ်ခေါက် သမ္ဗုဒ္ဓေဂါထာကို ရွတ်လိုက်တယ်။ သူရွတ်ကာက ဒီလိုပါ (ဗမာတွေ ပြောတဲ့ သမ္ဗုဒ္ဓေ၊ ဗမာတွေ ပြောတဲ့ သမ္ဗုဒ္ဓေ၊ ဗမာတွေ ပြောတဲ့ သမ္ဗုဒ္ဓေ) ဆိုပြီး ရွတ်လိုက်တာ မသေဘဲ ကျန်ခဲ့လို့ နောက်ပိုင်း ဗုဒ္ဓဘာသာဖြစ်သွားတယ်။ နောက် ဂါဝန်ဝတ်ထားတဲ့ မကောင်းဆိုးဝါးမ တစ်ကောင် ဒေါ်တင်လည်ပင်းကို ထပ်လာညစ်တယ်။ သူမက သမ္ဗုဒ္ဓေဂါထာကို ရွတ်ပေမယ့်လဲ အဲဒီ သူရဲမက မကြောက်ဘူး တဲ့။ ဒေါ်တင်လည်း ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမံ္မ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ … လို့ ရွတ်လိုက်မှ သူရဲမကြီး အဝေးကြီးကို လွှင့်ထွက်သွားပြီး ဒေါ်တင်တစ်ယောက် မကောင်းဆိုးဝါးဘေးကနေလွှတ်ခဲ့တယ်။ ဒါကြောင့် သရဏဂုံဟာ ဥုံ သြောင်း . . . စတာတွေ ရွတ်တာထက် အကောင်းတကာ့ အကောင်းဆုံးဖြစ်ကြောင်း။ ထောင်ကျ နေစဉ်အတွင်းမှာ မကျေနပ်ချက်တွေ စိတ်ကူးနေမယ့်အစား သရဏဂုံကို ပွားခြင်းအားဖြင့် စိတ်လည်း ကြည်လင်မယ်။ မမျှော်လင့်တဲ့ အကျိုးထူးတွေလည်း အများကြီးရလာနိုင်တယ်။ ကုသိုလ်လည်း အမြဲရမယ် ဆိုပြီး သရဏဂုံအကျိုးကို ဟောပေးပြီး ၀ိပဿနာတရား ဆက်ထိုင်ခိုင်းလိုက်တယ်။ နည်းလမ်းပြပေးတော့ ထောင်ပိုင် အပါအ၀င် အကျဉ်းသားများအားလုံး ၀ိပဿနာပွားများနေကြတော့တယ်။ အမှောင်ထုထဲက ၀ိပဿနာ အလင်းရောင် ထွန်းလင်းခြင်းမှတ်တိုင်ပါ။

 

အဲဒီနောက် ဆရာတော်လည်း အကျဉ်းဆောင်နောက်တစ်ခုကို တရားထပ်သွားဟောပေးလိုက်တယ်။ ဒီတစ်ခါတော့ ရှမ်းဘာသာနဲ့ ရှမ်းအကျဉ်းသားများကို သရဏဂုံအကြောင်း ဟောပေးလိုက်ပြန်တယ်။ နောက်ပိုင်း သူတို့ကိုလည်း ၀ိပဿနာတရားထိုင်ခိုင်းပြီး တရားပွဲကို အဆုံးသတ်လိုက်တယ်။

အမျိုးသမီး အခန်းဘက်မှာတော့ ဆရာလေး ဒေါ်ဧသင်္ဂီက ယဉ်ကျေးလိမ္မာတရားဟောပေးပြီးနောက် ဆရာမဒေါ်နန်းကြည်ကြည်သိန်းကလည်း (အရှုံးထဲက အမြတ်)တရားကို ဟောပေးခဲ့တယ်။

ဟောပြောရေး အစီအစဉ်ပြီးတဲ့နောက် အကျဉ်းသားများကို ထမင်းနဲ့အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းတဲ့အစီအစဉ်ပါ။ ဒီမြင်ကွင်းကတော့ မျက်စိထဲမှာ အမြဲတမ်း သစ်လွင်နေမယ့်မြင်ကွင်းဖြစ်သွားမှာပါ။ အကျဉ်းသားများ အပြင်ဘက်မှာ တန်းစီထားပြီး ထမင်းခွက် ဟင်းခွက်ကိုယ်စီနဲ့ ထမင်းဟင်းကို လာရောက် အလှူခံသွားတာ မြင်ရသူအားလုံး ပီတိတွေ ဖုံးနေခဲ့တယ်။ တချို့အကျဉ်းသားများ ၀မ်းသာဝမ်းနည်းဖြစ်ပြီး ထမင်း ဟင်းလက်ခံယူစဉ် မျက်ရည်ကျခဲ့သူတွေလည်း မနည်းသလို မြင်ရသူများအဖို့ မျက်ရည်လည်ခဲ့ရတယ်။ လာလှူတဲ့လူနဲ့ လာယူတဲ့သူတွေ တချို့သိနေကြတော့ သွန်းမျက်ရည်မိုးတွေလည်း ရွာသွန်းဖြိုးတာလည်း မြင်ရတယ်။ ထောင်ပိုင်ကြီးကိုယ်တိုင် မြင်ရတော့ (ဟင် ဟိုမှာ သွားထိုင်ပြီး စကားပြောကြ သွားကြ သွားကြ) ဆိုပြီး သဘောထားကြီးစွာ တွေ့ခွင့်ပြုလိုက်တယ်။

20101010 Lashio Prision (10)

ရယူခြင်းနှင့် ပေးဆပ်ခြင်း

ရယူခြင်းနှင့် ပေးကမ်းခြင်း နှစ်မျိုးစလုံးဟာ ၀မ်းသာမှုတွေ ဖြစ်စေခဲ့ပေမယ့် ဆရာတော်ရဲ့ ခံစားချက်ကတော့ ရယူခြင်းထက် ပေးဆပ်ခြင်း ပီတိက ပိုပြီး အရသာထူးကဲတယ် လို့ ခံစားမိတယ်။

ထောင်ကနေ ထွက်လာခါနီးမှာ အကျဉ်းသားများကို အဆိုးထဲက အဆိုးမဖြစ်စေနဲ့၊ အဆိုးထဲက အကောင်းဖြစ် အောင်ကြိုးစားပြီး နေသွားကြ။ အခု သင်တို့ ကျနေတဲ့ထောင်ဟာ လောကထောင်ဖြစ်တယ်။ သတ္တ၀ါတွေ အား လုံး ကျနေတဲ့ထောင်ကတော့ သံသရာထောင်ဖြစ်တယ်။ ဘုရားရဟန္တာကသာ သံသရာထောင်က လွှတ်မြောက် သွားလို့ ငြိမ်းချမ်းသွားကြပြီ။ မင်းတို့ ငါတို့လည်း အဲဒီသံသရာထောင်ကနေ လွှတ်အောင် ကြိုးစားကြရမယ်။ သံသရာ ထောင်က မလွှတ်သေးသ၍ သံသရာထောင်မှူးတွေက အိုအောင်၊ နာအောင်၊ သေအောင် ဘ၀တိုင်း ညာတာမဖက် အမြဲနှိပ်စက်ခြင်းကို ခံကြရမယ်။ ဒါကြောင့် သရဏဂုံကို အမြဲမပြတ်ရွတ်၊ တရားကို နှလုံးသွင်း သံသရာထောင်ကနေ လွှတ်အောင် အားခဲထား။ မင်းတို့ အားလုံးကိုလည်း ဆရာတော်က မေတ္တာပို့ပါတယ်။ ဒီ လောကီထောင်ကနေ အမြန်လွှတ်မြောက်ပါစေ . . . သံသရာထောင်ကလည်း လွှတ်မြောက်နိုင်ကြပါစေ . . .

အကျဉ်းသားများ လက်အုပ်ချီကာ

မျက်ရည်ဝဲလျက်

ဆရာတော်တို့ အုပ်စု

ထောင်ကနေ လွတ်လွတ်လပ်လပ်

ထွက်သွားတာကို ကြည့်ရင်း

လွှတ်မြောက်ခြင်း အရသာကို

တမ်းချင်းကြီးစွာဖြင့်

တမ်းတနေလေရဲ့ . . .

 

လွှတ်မြောက်ခြင်းရဲ့ တန်ဖိုးကို လူတိုင်း နားလည်ပါစေ။

အကျဉ်းအကြပ်ရောက်စေမယ့် ခြေလှမ်းများ ရှေ့မတိုးဘဲ အမြန်ဆုံး နောက်ဆုတ်လိုက်ပါ။

 

ဒီစာကို မည်သူမဆို လက်ဆင့်ကမ်းနိုင်သလို အင်တာနက်စာမျက်နှာနှင့် မိမိတို့၏ face book မှာလည်း တင်ခွင့်ပြုပါတယ်။

(ဗွီဒီယိုမှတ်တမ်းများကိုလည်း တည်းဖြတ်ပြီး ဖြန့်ဝေသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်)

 

မေတ္တာဖြင့်

တောင်တန်းသာသနာပြုဆရာတော်

အရှင်သုခမိန္ဒ (စ၀်ဆုခမ်း-တန့်ယန်း)

About laisaitai