ကြိုတင်ပြင်ဆင် မသေခင်

DSC05874တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ(စဝ်သုခမ်း-တန်.ယန်း)

(တရာတော်ကောက်နုတ်ချက်)

သာသနာတော် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၄)ရက် (၂၀၁၀၊ ၁၂၊၁၄၊) ဖားကန်.့မို.နယ် ၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီဇာသီရိရတနာဓမ္မရိပ်သာမှာ ကျင်းပပြုခဲ.သော ဓမ္မဂုဏ်ရည်တရားစခန်းရဲ့၆-ရက်မြောက်နေ့မှာ ဒီနေ့ ဘုန်းကြီး ဟောပေးမယ့်တရားဟာ အားလုံးနဲ့သက်ဆိုင်တဲ့တရားဖြစ်ပါတယ်။ ဒါကြောင့် တရားခေါင်းစဉ်ကို ကြိုတင်ပြင်ဆင် မသေခင် လို့ပေး လိုက်ပါတယ်။ ကြိုတင်ပြင်ဆင်တယ်ဆိုတာက အလေ့အကျင့်လုပ်ထားရမှာကို ဆိုလိုတာပါ။ လူဆိုတာဟာ ဘယ်အရာမဆို အားလုံးလေ့ကျင့်ထားမှ ကျွမ်းကျင်မှာ၊ လေ့ကျင့်မှုမရှိဘဲနဲ့ ကျွမ်းကျင်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ လူ့လောကထဲမှာ ရောက်လာတဲ.အချိန်မှစ၍ မလေ့ကျင့်ရတာ တစ်ခုပဲရှိတယ်။ အလိုလိုနေရင်း တတ်လာခဲ့တာ။ အဲဒါကတော့ ငိုတဲ့ကိစ္စပဲဖြစ်ပါတယ်။ မွေးလာကတည်းက ဇာတိဆိုတဲ့ ဒုက္ခကြောင့် ဆင်းရဲခဲ့ရတယ်။ ဆင်းရဲလွန်းလို့ ငိုသံထွက်လာတာပဲဖြစ်တယ်။ ကျန်တဲ့ကိစ္စမှာတော့ လေ့ကျင့်ရယူရပါတယ်။ ကိုယ့်နေမှုထိုင်မှုစသည်များအားလုံးကို ကိုယ့်ထက်ကြီးတဲ့သူတွေ အားလုံးက သွန်သင်ပြကပေးလို. ကိုယ်ကလိုက်လုပ်ခဲ.လို. အဲဒီကိစ္စတွေ ကျွမ်းကျင်လာရတာပါ။ လမ်းလျှောက်တာက အစ ကိုယ်ရဲ.မိဘ၊ အစ်ကို၊ အစ်မ၊ ဦးလေး၊ အန်တီစသည်တို့က တွဲလျှောက်ကာ သင်ပြခဲ့တယ်။ တစ်ခါတလေ လက်တွဲပြီးလမ်းလျှောက်တယ်။ တစ်ခါတလေ လက်လွှတ်ပြီး လျှောက်စေတယ်။ တစ်ခါတလေ လဲကျတယ်။ လဲပြီးရင် ပြန်ထတယ်။ ဒီလိုလေ့ကျင့်မှုတွေရှိမှ လူကကျွမ်းကျင်တာပါ။ ဒီအတိုင်းပါပဲ ထမင်းစားတာကအစ ရေသောက်တာကအဆုံး အကုန်လုံး ကိုယ်.ထက်ကြီးရင့်တဲ့သူတွေ၊ သိတဲ့သူတွေက သင်ပြပေးခဲ့လို့ ကိုယ်ကကျွမ်းလာတာပါ။ ဒါကြောင့် လေ့ကျင့်မှုရှိမှ ကျွမ်းကျင်မှုရှိမယ်။ Practice makes perfect လို့လဲ အင်္ဂလိပ် အဆိုရှိခဲ့ပါတယ်။ ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းအားဖြင့် အဖန်ဖန်အထပ်ထပ် လေ့လာဆည်းဖူး ခြင်းအားဖြင့် ပြည့်စုံမှုကိုရစေပါတယ်။ လမ်းလျှောက်တဲ့ဥပမာနဲ့ ပြန်ဆက်ပြောရင် ကလေးဘဝတုန်းက သူများတွဲလျှောက်လေ့ကျင့်ပေးလို့ ကိုယ်ကလမ်းလျှောက်တတ်ပြီးဆိုပါစို့၊ ပြေးတတ်ဖို့ အပြေးမြန်ဖို့ကိုလည်း ထပ်မံလေ့ကျင့်ယူရသေးတယ်။ စက်ဘီးစီးတတ်ချင်ရင်လဲ လေ့ကျင့်ယူရတယ်။ ဒါကြောင့် ဘယ်အရာမဆို တစ်ခါတည်းတတ်တာမရှိပါဘူး။ ယောဂီတို့ စက်ဘီးစီးတတ်လေ့ကျင့်တဲ့အခါ လဲကျဖူးကြမှာပါ။ တစ်ခါတလေ စက်ဘီးက ကိုယ့်အပေါ်ဖိပြီး လဲကျလိုက်၊ တစ်ခါတလေ ကိုယ်က စက်ဘီးရဲ. အပေါ်ကနေလဲကျလိုက်နဲ့၊ ဒီလိုနဲ့ပဲ လေ့ကျင့်မှု အပေါ်မှာ လုံးလဝီရိယ စိုက်ရပါတယ်၊ အချိန်ပေးရပါတယ်၊ စိတ်ပါလက်ပါ လုပ်ရပါတယ်၊ စိတ်မပါဘဲနဲ့ လေ့ကျင့် ရင်လဲ ကျွမ်းကျင်မှုမရနိုင်ပြန်ဘူး။ အမောပဲ အဖတ်တင်မှာဖြစ်ပါတယ်။ ဆိုင်ကယ်စီးတတ်ချင်ရင်လဲ ဒီအတိုင်းပဲ၊ လေ့ကျင့်မှုလိုတယ်၊ ဆိုင်ကယ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ. ဂီယတို့၊ ဘရိတ်တို့ တတ်သိကျွမ်းကျင်ဖို့လိုတယ်။ ကျွမ်းကျင်လာတဲ့ အချိန်ကျတော့မှ စက်ဘီးပဲစီးစီး၊ ဆိုင်ကယ်ပဲစီးစီး၊ စီးလို့နိုင်သွားပြီ။ စာပေသင်ကြားမှုအရာမှာလဲပဲ လေ့ကျင့်မှုက လိုအပ်နေပါတယ်။ ဘာကြောင့် လေ့ကျင့်ရတာလဲဆိုတော. ကျွမ်းကျင်တတ်မြောက်ချင်လို့ပါပဲ။ ကျွမ်းကျင်ဖို့အတွက် အချိန်ပေးရတယ်။ လုံးလဝီရိယစိုက်ထုတ်ရတယ်။ လေ့ကျင့်မှုအားလုံးတွေထဲမှာ မဖြစ်မနေကြုံဖို့ တစ်ခုကတော့ လူတိုင်းလူတိုင်း ကျင့်ကြံဖို့ မေ့နေကြတာပါပဲ။ အထူးသဖြင့် သေခြင်းတရား ကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြတယ်။ သိပ္ပံပညာရှင်တွေလဲ စိတ်ဝင်စားကြတယ်၊ သိချင်နေကြတယ်။ ဒါပေမယ့် သေခြင်းပြဿနာကိုတော့ ဘယ်သူကမှ မဖြေရှင်းနိုင်ခဲ့ကြဘူး။ ဘုရားရှင်လက်ထက်တုန်းကလဲ လူတွေ တချို့သေခြင်းတရားကို လိုက်လံစူးစမ်းကြတယ်။ လူတွေသေပြီးရင် ဘယ်ရောက်နေမလဲ-ဆိုပြီးစူးစမ်း လေ့လာကြတယ်။ ယခုခေတ် သိပ္ပံပညာရှင်တွေကလဲ သေခြင်းအကြောင်းကို သုတေသနလုပ်နေကြတယ်။ သေခါနီးလူပေါင်းများစွာ အလွှာပေါင်းစုံ ရောဂါပေါင်းစုံဖြစ်တဲ့လူတွေ သူတို့က ဆေးသုတေသနမှတ်တမ်းနဲ့ မှတ်တမ်းတင်ထားကြတယ်။ သူတို.ရဲ.မှတ်တမ်းတင်ချက်ဟာလဲပဲ ဘုရားဟောထားတာနဲ. တချို.ကိုက်ညီမှုတွေ ရှိတယ်။ ယခုခေတ် သိပ္ပံပညာတွေ တိုးတက်လာသည်နှင့်အမျှ ဘုရားသာသနာတော်ကို တစ်ဖက်တစ်လမ်းက ထောက်ခံရာရောက်ပါတယ်။ သေခြင်းဟာ ဆင်းရဲတယ်လို့မြတ်စွာဘုရားရှင်ဟောတော်မူခဲ့တဲ့အတိုင်း သိပ္ပံပညာရှင်တွေကလဲ သေခြင်းကို စူးစမ်းတဲ့နေရာမှာ သေသူရဲ့ကိုယ်ရေး ရာဇဝင်တွေကို သူတို့လေ့လာ သုံးသပ်ကြည့်တော့ နွားကိုသတ်တဲ့သူ သေခါနီးမှာ နွားလို ဝေဒနာပြင်းစွာ ခံစားပြီးမှ သေဆုံးသွားရသလို ဝက်သတ်တဲ့သူလည်း  ဝက်သေခါနီးမှာ ဝေဒနာပြင်ထန်စွာခံစားပြီးမှ သေဆုံးသွားခဲ့ရတယ် ကြက်ကို လည်ပင်းလှီးပြီးတတ်တဲ့သူက သေခါနီးမှာ လည်ဆန့်တငင်ငင်နဲ့ သေသွားရရှာတယ်၊ ဝက်ထိုးသတ်တဲ့သူကလဲ သေခါနီးမှာ ဝက်လိုပဲ အော်ပြီး သေဆုံးသွားရတယ်လို့ သူတို့တွေ့ရှိခဲ့တယ်။ ဒါကြောင့် သူတို့ရှာဖွေတွေ့ရှိမှုတချို.မှာ ဘုရားဟောနဲ့ကိုက်ညီတယ်။

ဘုရားရှင်လက်ထက်တော်တုန်းက စုန္ဒအမည်ရတဲ့ ဝက်သတ်သမားအကြောင်းလဲရှိပါတယ်။ သူဟာ ဝက်ကိုသတ်ပြီး အသက်မွေးတာပါ။ သူဟာအနှစ်ငါးဆယ်ကာလပတ်လုံး ဝက်သတ်ခဲ့တယ်။ သူ ဝက်သတ်တာ တခြားလူနဲ့မတူဘူး။ ဝက်ခြေထောက်များကို ကြိုးနဲ့ချည်နှောင်ထားပြီး ပါးစပ်ထဲသို့ ရေနွေးဆူဆူဖြင့် လောင်းလိုက်တယ်။ ပြီးရင် ဝက်ကိုယ်ကို ဒုတ်ဖြင့်ရိုက်တယ်။ အဲဒါမှ ပိဿာချိန်ပိုထွက်တယ်လို့ သူက ယူဆတယ်။ အဲဒီအကုသိုလ်ကံကြောင့် သူသေခါနီးမှာ ဝေဒနာအပြင်းအထန် ခံစားရတယ်။ ပူတယ်ဆိုပြီး အဝတ်အစားလဲ အကုန်ချွတ်ပစ်တယ်။ အိပ်ရာပေါ်လဲနေတော့ပူတယ် ၊ မနေနိုင်ဘူးဆိုကာ အောက်သို့ဆင်း အိပ်တယ်။ ဝက်လိုပဲ လူးကာလှိမ့်ကာနေတော့တယ်။ ဝက်လို ငယ်သံပါအောင် အော်ဟစ်တယ်၊ ရွှံ့ထဲမှာ ပန်းကန်ဆေးပြီး စွန့်ပစ်ရေအိုင်တွေထဲမှာ ဝက်မစင်လူးသလို လူးနေတယ်၊ ဝက်ကို ရေနွေးပူလောင်းထားတဲ့ အကုသိုလ်ကံကြောင့် သူလဲတစ်ကိုယ်လုံးပူလောင်နေပြီး လေးဘက်တွားသွားကာ ဝက်လိုပဲ ငြီးငြူအော်ဟစ် နေတယ်။ ဒါနဲ့ သူ့ဇနီးနဲ့ သားသမီးများက ဖခင်ဖြစ်ရပ်ဟာ ရှက်စရာကောင်းတယ်ဆိုပြီး အိမ်တံခါးပိတ်၍ ထွက်ပြေးသွားကြတယ်။ ဒီလိုဆင်းရဲဒုက္ခကို စုန္ဒ ခုနစ်ရက် ခုနစ်ညလူးလှိမ့်ခံစားခဲ့ရတယ်။ အဲသလို ခုနစ်ရက်လုံးလုံး ဝက်လိုအော်ပြီးမှ သေသွားရရှာတယ်၊ ရဟန်းတွေက မြတ်စွာဘုရားကို အရှင်ဘုရား စုန္ဒဟာ အင်မတန်မှ ရက်စက်တယ်၊ ခုနစ်ရက်လုံးလုံး မရပ်မနား ဝက်ကိုသတ်နေလိုက်တာ ဆူဆူညံညံပါပဲ။ အခုမှပဲ ငြိမ်သွားတော.တယ်ဘုရား လို.လျှောက်ထားတော့ မြတ်စွာဘုရားရှင်က ရဟန်းတို့ စုန္ဒဟာ ဝက်သတ်နေတာမဟုတ်ပါဘူး၊ သူကိုယ်တိုင် သူ့ရဲ့အကုသိုလ်ကြောင့် သေခါနီးမှာဆင်းရဲစွာ ခံစားနေရတယ်။ လှံနဲ့အထိုးခံနေရသလို ခုနစ်ရက်လုံးလုံး ဝက်လိုအော်ဟစ်ပြီး သေသွားရတယ်… လို့မိန့်တော်မူတယ်။ အဲဒီတော့မှ ရဟန်းတွေက ဆက်ပြီး ဒါဆိုရင် စုန္ဒဟာ ဘယ်ဘုံဘဝသို့ ရောက်သွားပြီလဲဘုရား လို့လျှောက်တော့ မြတ်စွားဘုရားက စန္ဒဟာ သူ့ရဲ့မကောင်းသော အကုသိုလ်ကံကြောင့် အခုအဝီစိငရဲ့သို့ရောက်နေပြီ လို့မိန့်တော်မူလိုက်တယ်။ ဒါကြောင့် ခုနတုန်းက ပြောခဲ့တဲ့အတိုင်း သိပ္ပံပညာရှင်တွေ သူတို့သုတေသန ပြုလုပ်တွေ့ရှိခဲ့တာတွေဟာ တချို့ဘုရားဟောနဲ့ ညီနေတယ်။ သို့သော် ကုသိုလ်လုပ်တဲ့သူဖြစ်ဖြစ်၊ အကုသိုလ်လုပ်တဲ့သူဖြစ်ဖြစ် ဘာမှမလုပ်တဲ့သူဖြစ်ဖြစ် သေခါနီးမှာ ဆင်းရဲရတယ်လို့ သူတို့ကောက်ချက်ချတယ်။ ကိရိယာမျိုးစုံနဲ့ ခန္ဓာကိုယ်ပေါ်တပ်ထားပြီး သွေးခုန်နှုန်းက ဘယ်လောက်များသလဲ၊ နှလုံးရဲ့ခုန်နှုန်းဟာ တစ်မိနစ်မှာ ဘယ်လောက်ခုန်သလဲ၊ ဦးနှောက်သွေးကြောနဲ့ မျက်လုံးကြောတို့ ဘယ်လိုပျက်သွားသလဲ စသည်ဖြင့် အကုန်လုံးကို စက်ကိရိယာများနဲ့ တိုင်းထား ပြီးမှတ်တမ်းတင်ထားပါတယ်။ လူတစ်ယောက်တည်းကိုပဲ သုတေသနပြုလုပ်တာ မဟုတ်ပါဘူး၊ လူအမျာကို စမ်းသပ်ပြီး နောက်ဆုံး သူတို့က ကောက်ချက်ချလိုက်တာပါပဲ။

ဒီပြဿနာကို ဖြေရှင်းဖို့ဆေးပညာရှင်တွေကိုခေါ်ပြီး တိုင်ပင်တယ်၊ သေမည့်သူ ပင်ပန်းဆင်းရဲစွာဖြင့် မသေရအောင် နည်းလမ်းရှာဖွေ၊ ဖေါ်ထုတ်ဖို့ပေါ့။ ဆေးပညာရှင်တွေကလဲ ဆေးဖက်ဆိုင်ရာ သုတေသန ပြုလုပ်ကြည်.ပြန်တယ်။ နောက်ဆုံးမှာတော့ သူတို့ရှာဖွေနိုင်တဲ့နည်းကတော့ တကယ်လို့ လူနာကာယကံရှင်ကိုယ်တိုင် ဆင်းရဲဒုက္ခဝေဒနာရဲ့ဒဏ်ကို ခခံချင်ဘူး အေးဆေးသက်သာစွာဖြင့် သေနိုင်ဖို့ သဘောတူတယ်၊ လူနာရဲ့အသိုင်းအဝိုင်းဆွေမျိုးများကလဲသဘောတူ၊ လက်မှတ်ထိုးပေးတယ်ဆိုရင် ညင်သာစွာ အိပ်စက်အနားယူနိုင်မည့် မေ့ဆေးတစ်မျိုးကိုထိုးပေးလို့ရတယ်လို့ပြောကြပါတယ်။ အဲသလို မေ့ဆေးထိုးပြီး ညင်သာစွာအိပ်ပျော်သွားတဲ့အချိန်မှာ နှလုံးခုန်နှုန်းကိုရပ်စေတဲ့ဆေး တစ်လုံးကို ထပ်ထိုးပေး လိုက်တယ်၊ လူနာဟာနှလုံးရပ်ပြီးကာ ငြိမ်သက်စွာ အသက်ထွက်၍ သေသွားပါတယ်။ ဒါကို သိပ္ပံပညာရှင်တွေ က သေခြင်းကိုဖြေရှင်းတဲ့နည်းလို့ယူဆပြီး ဒီနည်းကို တော်တော်များများ အသုံးပြုလာတာကိုတွေ့မြင်ရပါတယ်။

ဗုဒ္ဓဘာသာရဲ့ ရှုထောင့်အနေနဲ့ ပြောရလျှင် အထက်ကပြောခဲ့တဲ့နည်းဟာ မသင့်တော်ပါဘူး၊ သာမန်ကြည့်လျှင် ဒီနည်းဟာ ဟုတ်မှန်နေသယောင်ယောင်ရှိပေမယ့် တကယ်တော့ သေခြင်းတရားနဲ့ရင်ဆိုင်တဲ့အခါမှာ သူ့သဘာဝဖြစ်စဉ်အတိုင်း ရင်ဆိုင်ဖို့ကောင်းပါတယ်။ ရင်ဆိုင်နိုင်အောင် လဲပဲ မသေခင် လေ့ကျင့်ယူရပါမယ်။ သဘာဝအတိုင်းသေခြင်းနှင့် သတ္တိရှိရှိ ရင်ဆိုင်နိုင်ဖို့အတွက် မရဏာနုဿတိကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ် လေ့ကျင့်ဖို့လိုအပ်ပါတယ်။

ထို.အပြင် သိပ္ပံနည်းအရ မေ့ဆေးထိုးပြီးသေစေတဲ့နည်းဟာ အဘိဓမ္မာအမြင်နှင့် တိုက်ကြည့်ပြန်လျှင် သိပ်သဘာဝမကျလို့ လက်ခံနိုင်ဖို့ ခဲယဉ်းပါတယ်။ အဘိဓမ္မာဒေသနာတော်အရ သေသူရဲ့နောက်ဆုံး မရဏာသန္နဇောစိတ်ဟာ ဒေါသဖြင့်သေလျှင် ငရဲသို့ ကျရောက်နိုင်တယ်၊ လောဘဖြင့်သေလျှင် ပြိတ္တာဖြစ် နိုင်တယ်၊ မောဟနှင့်သေလျှင် တိရစ္ဆာန်ဖြစ်နိုင်တယ်လို့ ဟောထားပါတယ်။ သိပ္ပံနည်းအရ မေ့ဆေးထိုးပြီးချိန်မှာ လူနာဟာမိန်းမောမေ့လျော့ကာ မောဟစိတ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဘိဓမ္မာအမြင်နှင့် ဆန်းစစ်ကြည့်လျှင် သိပ်သဘာဝမကျပြန်ပါဘူး နောက်ပြီး ဝိနည်းတော်ဒေသနာအတိုင်း ပြောရလျှင် လူတစ်ယောက်ဟာ သူနေနိုင်တဲ့ သက်တမ်းအတိုင်း နေသွားမှသာလျှင် သဘာဝကျတယ်။ သေနေ့မစေံဘဲနဲ့၊ သေချိန်မရောက်သေးဘဲနဲ့ ကိုယ့်ပယောဂ တစ်ခုခုကြောင့် အဲဒီလူကိုသေအောင်ပြုလုပ်ခဲ့လျှင် မိမိမှာအပြစ်ရှိတယ်လို့ မြတ်စွာဘုရားရှင်က ရဟန်းတွေကို ဆုံးမတော်မူခဲ့ပါတယ်။

နောက်ပြီးသိပ္ပံနည်းအရ မေ့ဆေးထိုးပြီး သေစေတဲ.နည်းဟာ ကံတရားဒေသနာအရ ပြန်တိုက်ကြည့်လျှင်လဲ မသေသေးသောမိဘကို မေ့ဆေးထိုးသေစေဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့လျှင် မာတုဃာတက(အမိသတ်သောကံ) ၊ ပိတုဃာတက(အဖသတ်သောကံ)ဆိုတဲ့ကံကြီးငါးပါးမှာ တစ်ပါးပါး ကျူးလွန်နိုင်ပါတယ်။ လူတစ်ယောက်ဟာ ကံကြီးငါးပါးတို့တွင် တစ်ပါးပါးထိုက်လျှင် အဝီစိငရဲကျနိုင်ပါတယ်။ ဒါကြောင့် သိပ္ပံနည်းဟာ သဘာဝမကျပြန်ပါဘူး။

မြတ်စွာဘုရားရဲ့ နည်းလမ်းက သေခြင်းတရားကိုရင်ဆိုင်တဲ့နေရာမှာ သဘာဝအတိုင်းဖြစ်စေရမယ်။ ရုပ်နာမ်ခန္ဓာရဲ့ဖြစ်ပျက်မှုသဘောကို သူ့သဘော ဖြစ်စဉ်အတိုင်း ဝိပဿနာဥာဏ်ဖြင့် ရှုမြင်သုံးသပ်နိုင်ရမယ်။ ဝိပဿနာဥာဏ်ဖြင့် ရုပ်နာမ်ခန္ဓာရဲ.ဖြစ်ပျက်မှုသဘောကို ရှုမြင်သုံးသပ်နိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ပွါးများအားထုတ်ရပါမယ်။

ဝိပဿနာတရား ပွါးများအားထုတ်ခြင်းဟာ တကယ်တော့ အသေလေ့ကျင့်တာနဲ့တူတယ်။ တရားထိုင်တဲ့အခါ ကြာလာလျှင် မိမိခန္ဓာကိုယ်ဟာ နာကျင်မှုဒုက္ခဝေဒနာ ဖြစ်ပေါ်လာတတ်ပါတယ်၊ အဲသည်ချိန်မှာ မိမိရဲ့ အတွင်းအဇ္ဈတ္တသန္တာန်မှာ မခံနိုင်မှုစိတ်ဒေါမနဿဝေဒနာ ထပ်မံဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုပဲ သေခါနီးကာလမှာ ခန္ဓာကိုယ် နာကျင်မှုဝေဒနာဖြစ်ပေါ်လာကာ မခံနိုင်မှုစိတ်ဒေါမနဿဝေဒနာ ဖြစ်ပါတယ်၊ အဲသည်အချိန်မှာ ဝိပဿနာဥာဏ်ဖြင့် ရုပ်နာမ်၏ဖြစ်ပျက်မှုသဘောကို ရှုမှတ်နိုင်လျှင် သက်သာရာရမှာပါ။ ဒီလိုမှ မဟုတ်ရင် မခံနိုင်မှုစိတ် ဒေါမနဿဝေဒနာဖြစ်ကာ အသက်ထွက်သွားပါက ဒေါသနှင့်သေ ငရဲပြည် ဆိုသည့်အတိုင်း ဘဝရှုံးနစ်နာနိုင်ပါတယ်။ အဲဒီတော့ တရားထိုင်တာဟာ သေတတ်ဖို့ ပြင်ဆင် လေ့ကျင့်တာနဲ့တူတူပါပဲ။ ဒါကြောင့် တရားထိုင် လေ့ကျင့်တဲ့အခါမှာ ခန္ဓာကိုယ်၏ နာမှုကျင်မှုကို သည်းခံတတ်ရမယ်၊ ဝေဒနာကို ဝိပဿနာဥာဏ်ဖြင့်  ရှုမြင်နိုင်အောင် လေ့ကျင့်ရပါမယ်။။ ဒါမှ သေခါနီး တွေ့ကြုံရမည့်ဝေဒနာတွေကို ကောင်းမွန်စွာဖြင့် ရင်ဆိုင်နိုင်ပါလိမ့်မယ်။ တရားရှုမှတ်တဲ့အခါပေါ်လာတဲ့ဝေဒနာကို များသောအားဖြင့် ယောဂီများ မနှစ်သက်ကြဘူး။ နှလုံးသွင်းမှန်ဖို့ ယောနိသောမနသိကာရရှိဖို့ လိုပါတယ်။ ဒီဝေဒနာတွေဟာ မိမိမွေးလာကတည်းက၊ ခန္ဓာကိုယ်စရလာကတည်းကိုက ဝေဒနာက္ခန္ဓာဆိုပြီး ခန္ဓာတစ်ခုအနေနဲ့ ပါလာနေပြီ၊ ဒါကြောင့် သူ.ကို ရှောင်လွဲလို့ မရနိုင်ပါဘူး။ ရှောင်လွဲလို့ မရရင် ရင်ဆိုင်ဖို့ပဲလိုတော့တယ်၊ ရင်ဆိုင်တဲ့နေရာမှာ ကြက်ကန်း ဆန်အိုးတိုးသလို မလုပ်ရပါဘူး။ ဝိပဿနာဥာဏ်နှင့်ယှဉ်ပြီး ရှုမြင်သုံးသပ်ရပါမယ်။ ဒါဟာ အသေလေ့ကျင့် နေတာပါ ။ဒီဝေဒနာပေါ်လာပြီဆိုရင် ယောဂီများ အရင်ဆုံး သူ့ရဲ့ကျေးဇူးကို သိအောင်လုပ်ရမယ်။ ဘာကျေးဇူးလဲ ဆိုတော့ ပထမဦးဆုံး သူ.ကြောင့် (ဝေဒနာကြောင့်) အသိတရားက ချက်ချင်းဝင်လာတယ်။ နာကျင်တဲ့နေရာမှာ စိတ်က ချက်ချင်းရောက်သွားတယ်။ သိလိုက်တယ်၊ ဒါဟာသတိတရားကိုဖြစ်စေတယ်။ နောက်ဒုတိယအနေနဲ့ ဝေဒနာပေါ်လာတဲ့အချိန်မှာ နာတဲ့နေရာမှာ စိတ်အာရုံရောက်သွားပြီးတော့ ဝေဒနာကို တော်တော်နဲ့မခွါနိုင်ဘူး၊ သတိနဲ့ကပ်မှတ်ရှုနေရင် သမာဓိကိုဖြစ်စေတယ်။ မူလဘူတအာရုံဖြစ်တဲ့ ဝင်လေ၊ ထွက်လေကို ရှုမှတ်တုန်းကထက် ပိုပြီးအာရုံခိုင်မြဲစေတယ်။ ဝင်လေ၊ ထွက်လေရှုမှတ်တုန်းက စိတ်ကတောင် တွေးမြောက်တွေးဖြစ်နိုင်သေးတယ်။ ဝေဒနာဖြစ်ပေါ်လာတဲ့အချိန်မှာတော့ စိတ်က သိပ်မတွေးဖြစ်တော့ဘူး၊ ဝေဒနာဆီကိုပဲ စိတ်ကရောက်နေတယ်၊ သမာဓိကိုတိုးပွါးမြန်နိုင်စေတယ်။ သည်းခံနိုင်လျှင် ပိုပြီးသမာဓိမြဲစေတယ်။ သမာဓိမြဲတော့ ရုပ်နာမ်ဖြစ်ပျက်မှုသဘောကို ဆင်ခြင်သုံးသပ် ရှုမှတ်တဲ့ ဝိပဿနာဥာဏ် ပိုမိုထက်မြတ်စေတယ်။ ဒီလိုတစ်ဆင့်ပြီးတစ်ဆင့် ဝေဒနာအရင်းခံတဲ့ အကျိုးအဆက်ဆက်ဖြစ်စေတယ်၊ ဝေဒနာဖြစ်တိုင်း ဖြစ်တိုင်း စောင့်မှတ်ဖို့ လုံးလဝီရိယရှိဖို.နှင့် သင့်မြတ်သောစိတ်ထားမှု ယောနိသော မနသိကာရ ရှိဖို့ပဲလိုပါတယ်။ ဒါကြောင့် နကုလပိတာသုတ်မှာ မြတ်စွာဘုရားက နကုလပိတာကို ကိုယ်သာနာပါစေ၊ စိတ်မနာစေနဲ့ လို့မိန့်တော်မူခဲ့တယ်။

သရက်ပင် ဥပမာ

သင့်မြတ်သောစိတ်ထားရှိမှုရှိဖို့ကလဲ သိပ်အရေးကြီးတယ် ။ ဥပမာအားဖြင့်ပြောရရင် မိမိရဲ့အိမ်မှာ သရက်ပင် နှစ်ပင်ရှိတယ်ဆိုကြပါစို့၊ တစ်ပင်က ခြံစည်းရိုးအပြင်ဘက်မှာ၊ သရက်သီး သီးချိန်ကျတော့ ခြံအပြင်ဘက်မှာရှိတဲ့ အပင်ကို ကလေးတွေလာဝိုင်းပြီးခူးကြတယ်။ ဒါပေမယ့် မိမိခြံတွင်းကအပင်မဟုတ်တော့ မိမိနဲ့ မဆိုင်သလိုနေနိုင်တယ်။ နောက်မှ ကလေးတွေတစ်သိုက် ခြံတွင်းရှိအပင်ကို ကူးလာပြီးခူးကြ၊ ပြုလုပ်ကြတော့ ခြံပိုင်ရှင်က မနေနိုင်တော့ဘူး ဒေါသလဲဖြစ်တယ်။ စိတ်မကောင်းမှုလဲဖြစ်တယ်၊ အဲဒါဘာကွာလဲဆိုတော့ ငါသရက်ပင်၊ ငါ.ဟာ၊ ငါ.ဥစ္စာ ဆို.တဲ. အစွဲကြောင်.ပါပဲ။ အဲဒါကို သက္ကာယဒိဋ္ဌိလို.ခေါ်ပါတယ်။ လူတစ်ယောက်ဟာ မှန်ကန်တဲ.နှလုံးသွင်းမှု၊ သင့်မြတ်သောစိတ်သဘောထားနိုင်မှုမရှိရင် အမြင်မှားမှု သက္ကာယဒိဋ္ဌိဖြစ်ပြန်တယ်။ ဒါကြောင့် မှန်ကန်တဲ့နှလုံးသွင်းမှု၊ သင့်မြတ်တဲ့စိတ်သဘောထားမှုဟာ သိပ်အရေးကြီးပါတယ်။ တရားထိုင်ရှုမှတ်နေခိုက် ဝေဒနာတစ်ခုခုပေါ်လာလျှင် ဝေဒနာအပေါ်မှာ ငါ့ဟာ၊ ငါ့ဥစ္စာ လို့မစွဲမှတ်ဖို့အရေးကြီးတယ်။ ကိုယ်သာနာပါစေ စိတ်မနာစေနဲ့ ဆိုသလိုပဲ။ ပေါ်လာတဲ့ဝေဒနာကို ဥပမာမှာ ပြပေးတဲ့ ခြံအပြင်ဘက်မှာရှိတဲ့ သရက်ပင်ကို သဘောထားနိုင်ရင် ဥပေက္ခာသဘောရောက်ပါတယ်။ တရားအားထုတ်တဲ့အချိန်မှာ ဒီဥပေက္ခာတရားနဲ့ရှုမှတ်တတ်ပါမှ မဇ္ဈိမပဋိပဒါ-အလယ်အလတ်လမ်းစဉ် ကျရောက်နိုင်မယ်။ သေခါနီးကျရင်လဲ တရားမှလွဲ၍ ဘာကိုမှ အားကိုးစရာရှိမှာမဟုတ်ဘူး ဆင်းရဲဝေဒနာအပေါ်မှာ သူ့သဘောသဘာဝဖြစ်ပျက်မှုမြင်သာအောင် တရားနဲ့ပဲ နှလုံးသွင်းပြီး ရှုမှတ်ရမှာပါ။ ဒါကြောင့် မိမိတို့က ခုနေကတည်းက လေ့ကျင့်ထားရင် မမျှော်လင့်ဘဲ လျှပ်တစ်ပြက်ပဲ ကြုံကြုံ၊ ဘယ်လိုပဲကြုံကြုံ၊ ဒီသေခြင်းတရားကို သတ္တိရှိရှိရင်ဆိုင်နိုင်ကြမှာပါ။ ဒါကြောင့် တရားကိုပဲ အာရုံစိုက်ပြီးရှုမှတ်ပါ၊ ထပ်ခါထပ်ခါ လေ့ကျင့်ပါ၊ အားထုတ်ပါတိုက်တွန်းရင်း ဒီနေ့ ကြိုတင်ပြင်ဆင် မသေခင် ဆိုတဲ့ တရားကို နိဂုံးချုပ်လိုက်ပါတယ်။ သာဓု သာဓု သာဓု။

ကောက်နှုတ်တင်ပြသူ

တပည့် အရှင်ပညာဇောတ

ခေတ္တ – သီရိလင်္ကာနိုင်ငံ

About laisaitai