ကျွန်း Island

ကျွန်း

sentosa_island_masthead01

July လရဲ့ ညနေခင်းလေး တစ်ခု …

နေရာက …

စင်ကာပူကျွန်းရဲ့ နံဘေးမှာရှိတဲ့

Sentosa ကျွန်းလေးရဲ့ …

ပင်လယ်ကမ်းစပ်မှာ …။

ဒီအရှင် (၀စိပိတ်ဆရာတော်) ပင်လယ်ထဲက ပြေးပြီးတက်လာတဲ့ …

လှိုင်းဖြူဖြူလေးတွေကို တစ်ပါးတည်း ငေးကြည့်နေမိတယ် …

ပင်လယ်ကမ်းစပ်မှာ လှိုင်းပုတ်ခတ်သံကလွှဲလို့ ဘာမှ မရှိ …။

ခဏကျတော့ …

ညီတော် သုခမိန်၊ ညီတော် နန္ဒမာလာ၊ ညီတော် ပညာဘောဂတို့ ကမ်းစပ်အတိုင်း

လမ်းလျှောက်ရင်း ရောက်လာကြတယ် …။

ညနေပိုင်း နေဝင်ချိန် လေကလေး တဖြူးဖြူးနဲ့ …

ဟိုအကြောင်း ဒီအကြောင်း ပြောဖြစ်ကြတယ်။

ညီတော်တွေ ရောက်လာတာ (၄) ရက်ရှိပြီ…

ဒီအရှင် ခွဲစိတ်ခါနီး လာအားပေးရင်း

ဒီမှာ အတူတစ်ကွ ၀ါလာဆိုကြတယ် … ကျောင်းက အလုပ်တွေပစ်ခဲ့ပြီး။

တကယ်လေးစားလောက်တဲ့ ညီတော်တွေ …။

ဟိုအကြောင်း ဒီအကြောင်း ပြောကြရင်းနဲ့

စာပေအကြောင်းကို ရောက်သွားကြတယ် …

အဲဒီမှာ …

ဟိုး… အရင်က ဒီအရှင်ရေးခဲ့တဲ့

“ကျွန်း” ဆိုတဲ့ ကဗျာလေးဆီ ရောက်သွားကြတယ် …

ကြာခဲ့ပြီဆိုတော့ အပုဒ်တိုင်း မမှတ်မိတော့

မြုပ်ထားတဲ့ အဓိပ္ပါယ်တွေ ညီတော်တွေကို ပြန်ဖေါ်ပြတယ် …

အမှတ်တရလေး ဖြစ်အောင်လဲ ဒီကဗျာလေးရဲ့ အဓိပ္ပါယ်ကို ပြန်ပြီး ရေးခဲ့ပါတယ်။

=== ကျွန်း ===

* ရှုခင်းတွေ … တွယ်တာနေသမျှတော့

ဒီကျွန်းလေးက မခွါနိုင်၊

* သာယာမှုတွေ တွယ်တာနေသမျှတော့

ဒီကျွန်းလေးက မခွါနိုင်၊

* အလှအပတွေ မက်နေသမျှတော့

ဒီကျွန်းလေးက မခွါနိုင်၊

* ချည်တိုင်ကြိုးကို မဖြေနိုင်သမျှတော့

ဒီကျွန်းလေးက မခွါနိုင်၊

* လှေလှော်နည်း မတတ်သမျှတော့

ဒီကျွန်းလေးက မခွါနိုင်၊

* လေမုန်တိုင်းကို ကြောက်နေလို့တော့

ဒီကျွန်းလေးက မခွါနိုင်၊

* သမုဒ္ဒရာကို ကျော်ဖြတ်ပြီး မလှော်နိုင် သမျှတော့

ဒီကျွန်းလေးက မခွါနိုင်၊

* နောက် …

ဒီကျွန်းက ထွက်ခွာဖို့ရော …

လိုအပ်လို့လားလို့ … မင်းမေးရင် …

လိုအပ်တယ် … ။

* ဘာလို့လဲဆိုတော့ … ဒီကျွန်းဟာ

အရူးတွေ နေတဲ့ကျွန်း … ။

* “ကျွန်း” ဆိုတာက

“လောကကမ္ဘာ” နဲ့ “သံသရာ” ကို ဆိုလိုခြင်းဖြစ်ပါတယ် …

ဒီအတွေးလေးက ဘယ်ကလာလဲဆိုတော့ ..

ဟိုးငယ်ငယ်တောရ ဆောက်တည်စဉ်က ကိုယ့်ကိုယ်ကို အားမလို အားမရနဲ့

တရားဇော တက်နေချိန်က ဖြစ်တာပါ

တစ်ခါတစ်လေ တရားထိုင်ရင်း ဆွမ်းစားခေါင်းလောင်း ခေါက်ရင် တရားဖြုတ်ပြီး ဆွမ်းဘုဉ်းပေးရပြန်ပြီ …။

ကိုယ်က အရမ်းပီတိတွေ တက်နေတဲ့အချိန် … ဘာနဲ့တူလဲဆိုတော့ ကျွန်းကလေးတစ်ကျွန်းမှာ … လှေနဲ့ စွန့်ခွာဖို့ ကြိုးစားရင်း အချိန်တန်တော့လဲ ဒီကျွန်းကို ပြန်လာရသလိုပဲ။

* ဒီတော့…

“ရှုခင်းတွေ” “သာယာမှုတွေ” “အလှအပတွေ” မက်နေသမျှတော့ ဒီ “သံသရာ” ဒီ “မာယာအိပ်မက်ရှည်ကြီး”

ထဲက… လွတ်ထွက်ဖို့ စွန့်ခွာဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

* “ချည်တိုင်ကြိုးကို မဖြုတ်နိုင်သမျှတော့

ဒီကျွန်းလေးက … မခွာနိုင်”

ဒီမှာ … “ချည်တိုင်ကြိုး” ဆိုတဲ့ အဓိပ္ပါယ်ကတော့ “သံသရာမှာ စွဲငြိ… တွယ်တာခြင်း” “သံယောဇဉ်ကြိုး” တွေကို ဆိုလိုခြင်း ဖြစ်ပါတယ်…။

* “လှေလှော်နည်း မတတ်သမျှတော့

ဒီကျွန်းလေးက … မခွာနိုင်” ဆိုလိုတာကတော့

“ဒါန” သည် ပေးဆပ်ခြင်းဖြစ်တဲ့အတွက် နှလုံးသားကို ဖြူစင်စေပါတယ်။

“သီလ”သည် စောင့်ရှောက်ရတဲ့အတွက် နှလုံးသားကို ဖြူစင်စေပါတယ်။

အဲဒီ “ဒါန နဲ့ သီလ” ဟာ “ဘာဝနာ” ပြုသူကို အပံ့အပိုးဖြစ်စေပါတယ်။

“ဘာဝနာ” ဆိုတဲ့ နေရာမှာ …

လယ်တီနည်းဖြစ်စေ၊ မဟာစည်နည်းဖြစ်စေ၊ မိုးကုတ်နည်းဖြစ်စေ၊ တော်ကူးနည်းဖြစ်စေ…

အာနာပါန၊ သတိပဋ္ဌာန်အစရှိတဲ့ ကျင့်စဉ်တွေကို သဘောပေါက်ပြီး စွဲစွဲမြဲမြဲ ကျင့်ကြံခြင်းကို

“လှေလှော်နည်း” လို့ စာရေးသူ ဆိုလိုခဲ့ခြင်းဖြစ်ပါတယ်။

* “လေမုန်တိုင်းကို ကြောက်လို့တော့

ဒီကျွန်းလေးက… မခွာနိုင်”

“ယောဂီ” ဘ၀ဟာ ပင်ပန်းဆင်းရဲလွန်းလှပါတယ်။

လောက သံသရာရဲ့ နှောင်ကြိုးတွေအပြင် …

ထွက်ခွာလိုသူအတွက် ….

ရင်ဆိုရဲတဲ့ သတ္တိ၊ စွန့်လွတ်ရဲ့တဲ့ သတ္တိ၊

သားရဲ သူခိုး ဓါးပြတို့ အချိန်မရွေး ဒုက္ခပေးနိုင်တာကို ရင်ဆိုင်ရဲတဲ့ သတ္တိ…

ဒါတွေအားလုံးဟာ … တရားလမ်းမှာ တွေ့ရမယ်။

ဘယ်မုန်တိုင်းမဆို မကြောက် မရွံ့ ရင်ဆိုင်ရဲတဲ့ သတ္တိကို ဆိုလိုခြင်းဖြစ်ပါတယ်။

* “သမုဒ္ဒရာကို ကျော်ဖြတ်ပြီး

မလှော်နိုင်သမျှတော့ ဒီကျွန်းလေးက မခွာနိုင်”

“မဆုတ်မနစ်သော ဇွဲ” လိုအပ်တာကို ဆိုလိုတာပါ။

“သံသရာ” ဆိုတဲ့ “မာယာအိပ်မက်ရှည်” ကို စွန့်ဖို့ဆိုတာ

လွယ်တဲ့အကြောင်းတရားတော့ မဟုတ်ဘူး

“သမုဒ္ဒရာ” လို ကျယ်ပြောတဲ့ …

ကမ်းမမြင် လမ်းမမြင် ဒီလမ်းမှာ၊ ကျော်ဖြတ်ပြီး လှောနိုင်ဖို့အတွက် ဘက်စုံလိုအပ်ချက်တွေရှိသလို အဲဒီ ဘက်စုံ လိုအပ်ချက်တွေအတွက် ဖြတ်ကျော်လိုသူမှာ ပြည့်စုံတဲ့ အရည်အချင်း ရှိရမယ်။

နောက်ဆုံး တစ်ပုဒ်က …

* “ဒီကျွန်းက ထွက်ခွာဖို့ရော

လိုအပ်လားလို့ မေးရင် …

လိုအပ်တယ် …

ဘာလို့လဲ ဆိုတော့ …

ဒီကျွန်းဟာ …

“အရူးတွေ” နေတဲ့ကျွန်း … ”

ဒီအပုဒ်ကိုတော့ ရှင်းပြမနေတော့ပါဘူး

ဒီ “စင်ကာပူကျွန်း” က တကာတွေ

အတည့် သွားတွေးမိရင်

တောဘုန်းကြီး ဆွမ်းငတ်မှာစိုးလို့ပါ (ဟဲ ဟဲ ဟဲ)

* ခွဲခါနီး၊ စိတ်ခါနီး …

ဆေးရုံတက်ခါနီး… “အား” လိုတယ်လေ … နော့

(နော့ နော့ နော့)

ရှမ်းတောင်တန်းမှ ဖြူစင်သော မေတ္တာဖြင့်

ဝစီပိတ်ဆရာတော်

စင်တိုစာကျွန်း၊ စင်ကာပူ (26.July.2014)

Tags:

About laisaitai