Hospital Hotel ဆေးရုံဟော်တယ်

Hospital Hotel ဆေးရုံဟော်တယ်

၁၂၊ ၇၊ ၂၀၁၄ Nok Air လေကြောင်းနှင့်အတူ ည ၉ နာရီအချိန် ရန်ကုန်ကနေ ဘန်ကောက်ကို ခရီးထွက်လာခဲ့ တယ်။ ဘန်ကောက် ဒူးမောင်းလေဆိပ်ကို ဒေသစံတော်ချိန် ည ၁၁ နာရီ ကောင်းစွာ ဆိုက်ရောက်တယ်။ စာရေးသူတို့ကို ဘန်ကောက်ရောက် ရှမ်းလူငယ်အဖွဲ့ စုစုပေါင်း လူပေါင်း ၁၅၀ ကျော် အိုးစည်ဗုံမောင်းနဲ့ လာရောက်ကြိုဆိုကြတယ်။ စာရေုးသူတို့ကို ကြယ်လေးပွင့်အဆင့်ရှိ Best Western Plus Grand Howard Hotel မှာ လာတည်းစေခဲ့တယ်။ အလှူရှင်ကတော့ နမ့်ခမ်းကနေ ဘန်ကောက်ကို အလုပ်လာလုပ်နေတဲ့ ဒေါ်နန်းဆွေပါ။

၁၃၊ ၇၊ ၂၀၁၄ နံနက် ၉ နာရီကျော် ဟော်တယ်ကနေ ၀တ်မိုင်ကျောင်းကို ကြွသွားပြီး နေ့ဆွမ်းဘုဉ်းပေးကာ မွန်းလွှဲ ၂ နာရီအချိန် ဘန်ကောက်ရောက် ရှမ်းမိသားစုနှင့် ကမ္ဗောဒီယားကနေ ပြောင်းလာကြတဲ့ ပိုင်လင်း ရှမ်းမိသားစုတို့ကို အထူးတရားဟောပေးပြီးနောက် မိနစ် ၃၀ ခန့် အမေးအဖြေပြုလုပ်ပေးခဲ့တယ်။ တရားနာ ပရိသတ်ကတော့ လူဦးရေ ၂၀၀၀ နီးပါးရှိပါမယ်။

၁၄၊ ၇၊ ၂၀၁၄ နံနက် ၉ နာရီကျော် ဒေါက်မိုက်ကျောင်းမှာ အသုဘတရား တစ်ပွဲသွားဟောပေးခဲ့တယ်။ ရှမ်းအလုပ်သမားလေး စိုင်းကံပေါ် (၄၄) နှစ်ရဲ့ အသုဘပါ။ ပြီးတော့ ၀တ်မိုင်ကျောင်းမှာ နေ့ဆွမ်းဘုဉ်းပေးပြီး မွန်းလွှဲ ၂ နာရီမှာ မနေ့တုံးကလိုပဲ တရားထပ်ဟောပေးပါတယ်။ ပရိတ်သတ်ကတော့ မနေ့ကလို သိပ်မများတော့ပါဘူး။ တနင်္ဂနွေနေ့မဟုတ်တော့ သုံးပုံ တစ်ပုံလောက်ရှိပါတယ်။

BKK 01

၁၅၊ ၇၊ ၂၀၁၄ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် အပြည်ပြည်ဆိုင်ရာ Bumrungrad International Hospital ဆေးရုံကြီးကို ရောက်ခဲ့တယ်။ သွေးစစ် ဆီးစစ် အစ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ဌာနအသီးသီးမှာ ခေတ်မီနည်းပညာ နည်းမျိုးစုံနှင့် စစ်ဆေးရင်း တစ်နေကုန် ကုန်သွားခဲ့တယ်။ အပြည်ပြည်ဆိုင်ရာ ဆိုတဲ့အတိုင်း နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံက လူနာတွေ များစွာတွေ့ရတယ်။ အထူးသဖြင့် အာရပ်နိုင်ငံကလူတွေပါ။ ထိုင်းနိုင်ငံကတော့ သိတဲ့အတိုင်းပဲ။ ဧည့်သည်တွေကို ပြုံးရွှင်ချိုသာစွာနဲ့ ပြောဆိုဆက်ဆံ ပြုစုယုယပြီး ပြေလည်အောင် လိမ္မာပါးနပ်စွာ လုပ်တတ်ကြတယ်။ စာရေးသူအဓိက စစ်ဆေးချင်တာကတော့ အစာအိမ်နှင့် အူလမ်းကြောင်းပါ။ ဒါကြောင့် နောက်တစ်နေ့ထပ်လာဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ရယူခဲ့ပြီး ဟော်တယ်ကို ပြန်လာခဲ့တယ်။ ညွှန်ကြားချက်အတိုင်း အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်ရှင်းအောင်လုပ်ဖို့ သူတို့ပေးလာတဲ့ ၀မ်းပျော့ဆေး ၀မ်းနှုတ်ဆေး ဓါတ်ဆားရည်တွေကို ဖျော်ပြီး 2.5 Liters လောက် ၂ နာရီအတွင်း အပြီးသောက်ခဲ့ရတယ်။ အဲဒီည ၁၂ နာရီခွဲအထိ အိပ်ယာကုဋင်ကနေ သန့်စင်ခန်းအထိ ခေါက်တုံ့ခေါက်ပြန် မသွားချင်ဘဲနဲ့ သွားနေခဲ့ရတယ်။

BKK 02

၁၆၊ ၇၊ ၂၀၁၄ မနက် ၇ နာရီ ဆရာဝန်တွေ ချိန်းထားတဲ့အတိုင်း Bumrungrad International ဆေးရုံကို ရောက်လာတယ်။ ဌာနတိုင်းမှာ အကူဝန်ထမ်းတွေအားလုံးလိုလို ပြုံးပြုံးရွင် ဧည့်ဝတ်ကျေကျေနဲ့ ရောက်လာ တဲ့သူတွေကို ကူညီကြတာ တွေ့ရတယ်။ ဘာသာစကား အခက်အခဲကို ကူညီဖို့ နိုင်ငံပေါင်းစုံ စကားပြန် ၁၃ မျိုး ထားပေးပါတယ်။ မြန်မာ စကားပြန် ၁၈ ယောက်တောင် ရှိတယ်။ မြန်မာပြည်က လာရင်တော့ အထူးသဖြင့် ဘီပိုး စီပိုး အသည်းပိုင်းဆိုင်ရာ ရောဂါတွေ များတယ်လို့ဆိုတယ်။ နောက်ပြီးတော့ အစာအိမ်ဆိုင်ရာ အူလမ်းကြောင်းရောဂါတွေတဲ့။ စာရေးသူလည်း အစာအိမ်နှင့် အူလမ်းကြောင်းကို စစ်ဆေးဖို့ အကူသူနာပြုတွေ သီးသန့်နားနေခန်းကို ခေါ်သွားတယ်။ ခွဲစိတ်ခန်းဝတ် ပိုးသတ်ပြီးသား အ၀တ်တွေကို လဲလှယ်ဝတ်ခဲ့ရတယ်။ (ရဟန်းတော်များ ဘေးအန္တရာယ်ကြုံရင်သော်လည်းကောင်း၊ အရှက်အကြောက်ကို ကာကွယ်ရန်အတွက်သော် လည်းကောင်း သင်္ကန်းအစား အခြားအ၀တ်တွေ ၀တ်ခွင့်ရှိပါတယ်။ ဒါပေမယ့် သာမဏေကတော့ သင်္ကန်းကို ချွတ်လိုက်တာနှင့် သာမဏေမဖြစ်တော့ပါဘူး။ ရဟန်းတော်များကို အတင်းအဓမ္မသင်္ကန်းချွတ်ပစ်တာ လူဝတ်လှဲပစ်တာကတော့ ရဟန်းတော်ကိုယ်တိုင် လူမထွက်ဘူး ဆိုတဲ့စိတ်ရှိနေရင် ရဟန်းဖြစ်နေဆဲပါ)

BKK 03

စာရေးသူအနေနှင့် ယခုလို ခွဲစိတ်ခန်းဝတ်စုံဝတ်တာ ၂ ကြိမ်ရှိခဲ့ပါပြီ။ ၂၀၁၀ ခုနှစ်တုံးက တရုတ်ပြည် ယူနန်ပြည်နယ် မန်စီဆေးရုံ နှာခေါင်းခွဲစိတ်တုံးက တစ်ကြိမ်ပါ။ ဒီတစ်ကြိမ်ကတော့ အဝတ်အရောင်က ယောဂီရောင် ခပ်ဆင်ဆင်ဆိုတော့ မဟာယာနဘုန်းကြီး ၀တ်စုံလိုပါပဲ။ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်ပြီး ပြုံးမိတယ်။ အကူသူနာပြုတွေ သွေးလာတိုင်းပေးတယ်။ လက်ဖျံမှာ ဆေးထိုးဖို့ အဆင်သင့် အပ်ကို တပ်ထားပေးတယ်။ ပြီးတော့ ဓါတ်ဆားရည် အနည်းငယ် သွင်းပေးတယ်။ နာရီဝက်ကျော်လောက် စောင့်ပြီး ဓါတ်ခွဲခန်းထဲကို ခေါ်သွားတယ်။ ဆေးရုံဆိုပေမယ့် ဟော်တယ်ထက်တောင် သန့်ရှင်းပါတယ်။ စူးရှတဲ့ ပိုးသတ်ဆေး အနှံ့အသက်လဲ လုံးဝမရှိပါဘူး။

BKK 04 BKK 05 BKK 06

စာရေးသူ ခွဲစိတ်ကုဋင်ပေါ် တက်ပြီး လျောင်းစေတယ်။ အာခေါင်နဲ့ အစာအိမ် အူလမ်းကြောင်း အခက်အခဲ မရှိစေရန် ချိုပြီး ပူရှိန်းတဲ့ ဂျယ်လီဆေးကို ပါးစပ်ထဲမှာ လာညစ်ထဲ့ပေးတယ်။ စာရေးသူလည်း မျိုချလိုက်တယ်။ ၂ ခါ မျိုချရတယ်။ လယ်ပင်းမှာ ထူသလိုလို ခံစားရတယ်။ နှာခေါင်းဝမှာ လေရှူဖို့ အစို့ရှင် ၂ ခုပါတဲ့ အောက်စီဂျင် လာညှပ်ပေးတယ်။ နောက်ပြီး ဘယ်ဘက်စောင်းပြီး အိပ်စေတယ်။ အကူ သူနာပြု ဆရာမတစ်ယောက် လက်ဖျံမှာ ဆေးတစ်လုံး သွင်းပေးလိုက်တယ်။ အစာအိမ်နှင့် အူလမ်ကြောင်း အထူးကုဆရာဝန် ပြုံးရွှင်စွာ အခန်းထဲ ၀င်လာပြီး စာရေးသူကို ပြုံးပြတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ စာရေးသူ အိပ်ပျော်သွားလေတော့တယ်။ အိပ်ပျော်ချိန်ကတော့ ၂ နာရီ နီးပါးကြာခဲ့တယ်။

BKK 07

အိပ်ယာမှ နှိုးလာချိန် တစ်ဖက်ခန်းက စကားပြောသံကို ကြားနေရတယ်။ အကူသူနာပြုတွေက စာရေးသူကို ဖြေးဖြေးထထိုင်ဖို့ ပြောပါတယ်။ ပြုလုပ်ဖွယ်ကိစ္စတွေ အောင်မြင်သွားတဲ့အကြောင်း ပြုံးရွှင်စွာနဲ့ ပြောလာတယ်။ အမှန်ကတော့ Colonoscopy အရ စာရေးသူ အိပ်ပျော်မေ့မျှောတဲ့အချိန်မှာ စာရေးသူရဲ့ အူမကြီး လမ်းကြောင်း မှာ ရှိနေတဲ့ 3 mm နှင့် 5 mm ရှိ အကျိတ်လေး နှစ်ခုကို အူလမ်းကြောင်းအတွင်းကနေ ခေတ်မီနည်းစနစ်နဲ့ ဖယ်ရှားပစ်လိုက်ခြင်းဖြစ်တယ်။ ခွဲစိပ်ကုသပြီးသွားတာလည်း အိပ်ယာက နှိုးလာသလိုပါပဲ။ ဘာမှ နာကျင်ခံစားမှု မရှိပါဘူး။ လက်တွန်းလှည်းကုလားထိုင်နဲ့ အပြင်ကို ထွက်လာတယ် နောက်ပြီးတော့ ခွဲစိတ်အထူးကု ဆရာဝန်အခန်းထဲကို ဝင်သွားတယ်။ ဆရာဝန် ချားကပ်ဖန်း Dr. Charkaphan Osangthamnont က အေးဆေးတည်ငြိမ်စွာနဲ့ စာရေးသူရဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ အကျိတ်နှစ်ခုကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ရှင်းပြမှ သိရတော့တယ်။ အဲဒီ ဖယ်ရှားပစ်တဲ့ အသားစကို ဆက်လက်စစ်ဆေးနေပြီး ကင်ဆင် ဟုတ်မဟုတ် နက်ဖန် မွန်းလွှဲ ၂ နာရီ ပြန်လာဖို့ ဆရာဝန်က ထပ်ချိန်းလိုက်တယ်။ စာရေးသူလည်း အောက်ထပ်ကို ဆင်းလာပြီး နေ့ဆွမ်းကို မှာစားပါတယ်။ အူလမ်းကြောင်းကို ခွဲစိပ်ကုသပေမယ့် စာရေးသူမှာ ဘာမှ မဖြစ်တဲ့အတိုင်းပါပဲ။ အစားအစာကို ပုံမှန်အတိုင်း စားသုံးလို့ရတယ်။ ဒါပေမယ့် အစပ်ရယ်၊ အက်စစ်ဆော်ဒါပါတဲ့ ဖျော်ရည်ရယ်၊ ၀မ်းတွင်းသားရယ် ဒါတွေကိုတော့ ရှောင်ခိုင်းပါတယ်။ ကျန်တာတွေ စားလို့ရတဲ့အကြောင်း ဆရာဝန်က မှာထားပါတယ်။ အဲဒီနေ့ ညနေပိုင်းလောက် တည်းခိုတဲ့နေရာကို ပြန်ရောက်လာပါတယ်။

BKK 08

၁၇၊ ၇၊ ၂၀၁၄ မနက်ပိုင်း မြဘုရားကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ နောက်ပြီးတော့ ထိုင်းနိုင်ငံရဲ့ အထင်ကရ နန်းတော်။ နောက်ပြီးတော့ ၀တ်အရုဏ်း (ခေါ်) အာရုံဦးစေတီတော်ဖူးမျှော်ပြီး နေ့ဆွမ်းဘုဉ်းပေးကာ Mahachulalongkornrajavidyalaya University Building, Wat Mahathat, BKK, Thailand ကို သွားပြီး ဒေါက်တာနာရိန္ဒနှင့် Phra Sophonvachirabhorn တို့နှင့် တွေ့ဆုံခဲ့တယ်။ သူတို့တက္ကသိုလ်အကြောင်းနှင့် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲအကြောင်းကို တင်ပြဆွေးနွေးပြီး နောင်အနာဂတ်မှာ အဆက်အသွယ်ရှိဖို့ တိုင်ပင်ခဲ့ကြပါတယ်။

BKK 10 BKK 11 BKK 12 BKK 13

မွန်းလွှဲ ၂ နာရီအချိန် အစာအိမ်နှင့် အူလမ်းကြောင်း အထူးကု ဆရာဝန်နှင့် သွားတွေ့ကာ ဆရာဝန်က အသားစသည် ကင်ဆာမဟုတ်ကြောင်း ရှင်းပြပါတယ်။ အကယ်၍ နောက်ထက် သုံးနှစ်ခန့် ဒီအတိုင်းဆက်ထားပါက အကျိတ်သည် ပိုမိုကြီးမားလာနိုင်ပြီး အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ကြောင်း၊ ယခုလို စောစောစီးစီး ဖယ်ရှားပစ်လိုက်တဲ့အတွက် စိုးရိမ်စရာ မလိုတော့ကြောင်း ပြောပြပါတယ်။ စာရေးသူလည်း စာမေးပွဲအောင်သလို ၀မ်းသာမိပါတယ်။ ဒီတစ်နှစ်အတွင်း နောက်ထပ် တစ်ကြိမ် လာစစ်ဖို့ လိုကြောင်းမှာလိုက် ပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းအတွက် လိုအပ်သော ဆေးများကို ဆရာဝန်က တစ်ပတ်စာသာ ဝယ်ခိုင်းပါတယ်။ ကျန်တာကို အပြင်မှာ ဝယ်ဖို့ ဆရာဝန်က မှာလိုက်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးရုံက အပြင်ထက် ဈေးကြီးလို့တဲ့။ ဒီ Bumrungrad International Hospital ဆေးရုံမှာ ဆရာဝန်ပေါင်း ၁၃၀၀ ကျော်ခန့်ထားပြီး ဝန်ထမ်းအားလုံး ၄၀၀၀ ကျော်ပါတယ်။

ဟုတ်ပါတယ် ဒီ Bumrungrad International Hospital ဆေးရုံဟာ နိုင်ငံခြားသားများကို နိုင်ငံတွင်းသားထက် သုံးဆလောက် ဈေးပိုပေးရပါတယ်။ ဒါပေမယ့် ရောဂါကို အသေအချာ ထိထိမိမိကုသပေးတဲ့အတွက် လူနာတွေ စိတ်ကျေနပ်လို့ ရောက်လာမစဲ တသဲသဲပါပဲ။ အထူးသဖြင့် အီဂျစ်က သူဌေးတွေ အလာများပါတယ်။ သူတို့ဆီမှာ ကုရင် သွားတစ်ချောင်း စိုက်ခက တစ်သိန်းကုန်ရင် ဒီဆေးရုံမှာ ငါးထောင်ပဲ ကုန်တယ်လို့ပြောပါတယ်။

BKK 14

ဒီ Bumrungrad International Hospital ဆေးရုံမှာ စကားပြန်အဖြစ် တာဝန်လာထမ်းတဲ့ မြန်မာပြည်သား စိုင်းယီနွမ်းက စာရေးသူကို ရှင်းပြပါတယ်။ ဒီဆေးရုံက ဆေးရုံနဲ့ မတူအောင် လုပ်ဆောင်ပါတယ်။ ဆေးရုံအနံ့အသက်လည်း ကင်းရပါမယ်။ လူနာလည်း ဆေးရုံကိုရောက်ရင် စိတ်ညစ်မှု မရှိစေရဘဲ ပျော်ပွဲစားရုံ (သို့မဟုတ်) ဟော်တယ် လို ပျော်အောင် ဆေးရုံကို မကြောက်အောင် အစစအရာရာ ပြင်ဆင်ထားပါတယ်။ ဝန်ထမ်းတွေလည်း ချိုလွှင်တဲ့မျက်နှာ အမြဲထားရပါတယ်။ ချိုသာတဲ့ စကားတွေနဲ့ အများကို ဆက်ဆံရပါတယ်။ ခေတ်မီတဲ့ နည်းပညာအကူနှင့် လူနာကို ဒုက္ခဝေဒနာ အသက်သာဆုံးဖြစ်အောင် ကုသပေးပါတယ်။ ဒါမှ လူနာတွေ လူနာရဲ့ မိသားစုတွေအားလုံး ဒီဆေးရုံကိုရောက်ရင် ကျေနပ်စွာ ၀မ်းသာစွာနှင့် ရင်ထဲမှာ စွဲထင် ကျန်ရစ်သွားပြီး ဆေးရုံရဲ့ ကျေးဇူးကို တမ်းတ အမှတ်ရနေပါမယ်။ ပိုက်ဆံကုန်သော်လည်း ကုန်ရကျိုးနပ်ကြောင်း၊ ကျန်းမာရေးရဲ့ တန်ဖိုးကို ပိုမို ဂရုစိုက် အလေးထားကာ ဆောင်သင့် ရှောင်သင့်သည့် အချက်အလက်များကို သတိထားမိပြီး သက်ရှည်ကျန်းမာစွာနဲ့ လောကမှာ အတ္တအကျိုး ပရအကျိုးများကို ဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်း ရှင်းပြပါတယ်။ စာရေးသူ အနှစ်သက်ဆုံး ရှင်းလင်းချက်ကတော့

Hotel နဲ့ Hospital ပေါင်းပြီး hospitel ဖြစ်အောင် တနည်း ဆေးရုံကို ကြောက်စရာနေရာဟု မသတ်မှတ်ဘဲ ပျော်ရွှင်အားကိုးရာ နေရာအဖြစ် ဖန်တီးထားခြင်းပါပဲ။

မြန်မာပြည်မှာလည်း ဒီလို အဆင့်မီ ဆေးရုံကြီးတွေ တစ်ဘက်ကမ်းခတ် တတ်ကျွမ်းတဲ့ ပါရဂူဆရာဝန်တွေ၊ ပျူငှာဖေါ်ရွှေတဲ့ ၀န်ထမ်းတွေ တစ်ချိန်ချိန်မှာ ရှိလာခဲ့ရင် တိုင်းသူပြည်သား လူအများလည်း ကျန်းမာရေးအတွက် အားကိုးရာဖြစ်မည့်အပြင် အကုန်အကျမများသင့်ဘဲ မကုန်ကျအောင် တိုင်းပြည်အတွက် တစ်ဖက်တစ်လှမ်းမှ ငွေယိုပေါက်များ ကာကွယ်နိုင်အောင် ပေါ်ပေါက်လာပါစေလို မျှော်လင့် ဆုတောင်းလျက် . . .

တောင်တန်းသာသနာပြု ဆရာတော်

အရှင်သုခမိန္ဒ (စ၀်ဆုခမ်း)

About laisaitai