လမ်းကြောင်းမှန်အတိုင်း လျှောက်လှမ်းနေသူ

Flower 011

 

 

သီတင်းသုံးဖော်တစ်ပါး စာတစ်စောင် လာပေးသောကြောင့် စာအိတ်ကို ဖွင့်၍ စာကို ဖတ်လိုက်၏။ ဦးသုခမိန္ဒ၏ ရွှေရတုမွေးနေ့ ဂုဏ်ပြုစာစောင်အတွက် စာမူတောင်းခံလွှာဖြစ်နေ၏။ စာကို ဖတ်ရင်း ဦးသုခမိန္ဒ၏ အတိတ်ကပုံရိပ်များ သက်ဝင်လှုပ်ရှားလာ၏။

 

အသားဖြူ ကိုယ်ခန္ဓာ မပိန်မဝနဲ့ မျက်နှာက အမြဲကြည်လင် ပြုံးရွှင်နေတတ်သူ၊ ဂါရဝ နိဝါတတရားများ ထုံမွမ်းထားခြင်းကြောင့် နှစ်လိုဖွယ် အမူအရာရှိသူ၊ ရည်မှန်းချက်ကြီးမားပြီး ရည်မှန်းချက်ပြည့်အောင် ကြိုးစားတတ်သူ၊ ဥာဏ်ထက်မြတ်သည့်အလျောက် လုံ့လဝီရိယရှိသူ၊ ကူညီရိုင်းပင်းတတ်သူ စသည်ဖြင့် ပုံရိပ်များကား အစီအရီပင်။ ဦးသုခမိန္ဒကို စာရေးသူအထူးသဖြင့် သတိရစေသော အကြောင်းတစ်ချက်ရှိ၏။ ဦးသုခမိန္ဒ ပရိယတ္တိသာသနာ့တက္ကသိုလ်ဝယ် ဒုတိယနှစ် သင်တန်း တက်ရောက်နေစဉ်က -ဟုထင်၏။ ဒုတိယနှစ်ဝက်သင်တန်း ပြန်လည်ဖွင့်လှစ်သည့်အခါ အခြားသင်တန်းသားများနည်းတူ ဦးသုခမိန္ဒလည်း တက္ကသိုလ်အဆောင်သို့ ပြန်ရောက်လာ၏။ နောက်တစ်နေ့တွင် စာရေးသူ၏အခန်းသို့ ရောက်လာပြီး ပန်းတစ်စည်း လှူသွား၏။ အရပ်မှ တကူးတက ယူလာကြောင်းလည်း ပြောသွားသေး၏။

 

ပန်းကား ပိတ်စဖြင့်လုပ်ထားသော နှင်းဆီပန်း၊ ဆယ်နှစ်ပွင့်ပါသော အစည်းတစ်စည်း။ ပွင့်ဖတ်များအရောင်က နီရဲရဲ၊ အစိမ်းရောင်အရွတ်များဖြင့် အလွန်လိုက်ဖက် ကျက်သရေရှိလှ၏။ သူ့စေတနာ သူ့ခင်မင်မှုကို အလေးထားသည့် အနေဖြင့် စာရေးသူလည်း စာရေးစာပွဲပန်းအိုးတွင် ထိုးစိုက်ထားလိုက်၏။ စာရေးသူ၏ စာရေးပန်းအိုးစားပွဲတွင် ဦးသုခမိန္ဒ လှူသွားသော နှင်းဆီပန်းများ ယနေ့တိုင် နေရာယူထားဆဲပင်။ ဦးသုခမိန္ဒ မဆုံဖြစ်သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့လေပြီ၊ ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ မဟာဓမ္မာစရိယဘွဲ. ယူပြီးနောက် သီရိလင်္ကာနိုင်ငံသို. သွားရောက်ပညာသင်ကြောင်း၊ ထိုင်နိုင်ငံတက္ကသိုလ်မှ M.A ဘွဲ့ယူခဲ့ကြောင်း၊ ထိုမှ ပြန်ရောက်ပြီးနောက် တန့်ယန်း၊ မူဆယ်မြို့များကို ဗဟိုထား၍ သာသနာပြုလုပ်ငန်းများကို တစ်စိုက်မတ်မတ်လုပ်နေကြောင်း ၊ နယ်ပယ် အသီးသီးသို့ သွားရောက်ကာ တရားဟော တရားပြတို့ကိုလည်း လုပ်နေကြောင်း၊ ဒကာ ဒကာမတို့၏ ချစ်ခင်မှု၊ ယုံကြည်မှု၊ လေးစားအားကိုးမှုကို ရရှိသဖြင့် အလုပ်အလွန်အောင်မြင်ကြောင်း စသည်ဖြင့် ဦးသုခမိန္ဒ၏ ဂုဏ်သတင်းများကိုကား အခွင့်သင့်တိုင်း ကြားသိနေရ၏။ ယခု စာမူတောင်းခံမှု၌လည်း အောင်မြင်နေသော လုပ်ဆောင်ချက်အချို့ကို ဖော်ပြထားသည်ကို တွေ့ရပြန်၏။ ဦးသုခမိန္ဒ၏ ဆောင်ရွက်ချက်များ တရားသော နည်းလမ်းဖြင့် အောင်မြင်နေခြင်းနှင့်စပ်၍ သာသနာခရီး လမ်းကြောင်းမှန် သဘောကို စာရေးသူတွေးနေမိ၏။

 

ဘုရားရှင်လက်ထက်တော်မှ စ၍ မျက်မှောက်ကာလတိုင်အောင် သာသနာတော်ဖြတ်သန်းလာခဲ့သည့် ခရီးစဉ်၌ လိုက်နာကျင့်သုံးကြသော လမ်းကြောင်းမှန် ရှိ၏။ ထိုလမ်းကြောင်းမှန်အတိုင်း လိုက်နာကြ ကျင့်သုံးကြလျှင်လည်း တရားသဖြင့် တိုးတက်အောင်မြင်ကြမည်သာ ဖြစ်၏။ သာသနာရေးဆောင်ရွက်ခြင်းနှင့် စပ်၍ အောင်မြင်ခြင်းတို့တွင် အကောင်းဆုံး အမွန်မြတ်ဆုံး အောင်မြင်ခြင်းလည်းဖြစ်၏။

 

ထိုလမ်းကြောင်းမှန်ကား (၁) စည်းကမ်းပိုင်း၊ (၂) တာဝန်ပိုင်းတို့ကို  လိုက်နာဆောင်ရွက်ခြင်းပင်ဖြစ်၏။

 

(၁) စည်းကမ်းပိုင်းဟူရာ၌ သာသနာအတွင်းသို့ ဝင်ရောက်၍ သာမဏေပြုလိုသူသည် သာမဏေများ လိုက်နာကျင့်သုံးရမည့် လိင်၊ ဒဏ် ၊ သေခိယ၊ ခန္ဓကဝတ် စသည်တို့ကို ဖြစ်နိုင်လျှင် ကျောင်းသားဘဝ ဖြင့်ပင် သင်ကြား ကျက်မှတ်ရ၏။ နားလည်အောင်လုပ်ရ၏၊ သာမဏေမှ တစ်ဆင့် ရဟန်းပြုလိုသူသည်လည်း ရဟန်းတော်များ ကျင့်သုံးရမည့် သိက္ခာပုဒ်များ ၊ ခန္ဓကကျင့်ဝတ်များ၊ ကံကြီး ကံငယ်ကိစ္စများကို သာမဏေဘဝဖြင့်ပင် သင်ကြားကျက်မှတ်ရ၏။  ထိုသို့ကြိုတင်၍ လေ့လာကျက်မှတ်ထားလျှင်ကား သာမဏဘဝ၊ ရဟန်းဘဝသို့ ရောက်လာသည့်အခါ ဆိုင်ရာဝိနည်းစည်းကမ်းများကို လိုက်နာနိုင် ထိန်းသိမ်း စောက်ရှောက်နိုင်ခြင်းကြောင့် သာသနာ့ အသရေကို ဆောင်နိုင်တော့၏။

 

သာမဏဖြစ်ပါက သာမဏေနှင့်ဆိုင်သော ဝိနည်းစည်းကမ်းများကို နားလည်သိမြင်ပြီး လိုက်နာ စောင့်ထိန်းဖြင်း၊ ရဟန်းဖြစ်လျှင်လည်း ရဟန်းနှင့်ဆိုင်သော ဝိနည်းစည်းကမ်းများကို နားလည်သိမြင်ပြီး လိုက်နာ ကျင့်သုံးခြင်းသည် လမ်းကြောင်းမှန် ပထမပိုင်းကို လျှောက်လှမ်းခြင်းပင်ဖြစ်၏။ ဤအပိုင်းသည် အလွန်အရေးပါသော အပိုင်းဖြစ်၏။ အခြေခံ အကျဆုံးပိုင်းလည်းဖြစ်၏။ သာမဏေဖြစ်ပါလျက် သာမဏများ လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများကို မသိနားမည်းလျှင် ဖြစ်စေ၊ သိပါလျက် မလိုက်နာ မစောင့်ထိန်းလျှင် ဖြစ်စေ၊ ရဟန်းဖြစ်ပါလျက် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရမည့် ဝိနည်းစည်းကမ်းများကို မသိနားမလည်လျှင်ဖြစ်စေ၊ သိပါလျက် မစောင့်စည်းလျှင်ဖြစ်စေ တာဝန်ပိုင်းကို ထမ်းဆောင်သည့်အခါ အခက်အခဲ အမျိုးမျိုးနှင့် ကြုံရတော့၏။ သာသနာခရီး လမ်းကြောင်းမှန်အတိုင်း ချောချောမွေ့မွေ့ လျှောက်လှမ်းရန် မဖြစ်နိုင်တော့ပေ၊ တရားသဖြင့် တိုးတက်အောင်မြင်ရေးလည်း အလှမ်းဝေးသွားတော့၏။ သို့ဖြစ်၍ စည်းကမ်းပိုင်းကို နားလည်သိမြင် လိုက်နာမှုသည် မရှိမဖြစ် မလုပ်မဖြစ် လုပ်ရမည့် အလုပ်တစ်ခုဖြစ်၏။

 

စည်းကမ်းပိုင်းပြည့်စုံပြီးလျှင်ကား(၂) တာဝန်ပိုင်း ရှိလာ၏၊ တာဝန်ပိုင်းသည်လည်း (က) ဂန္တဓုရတာဝန်၊ (ခ)ဝိပဿနာဓုရတာဝန် ဟူ၍ နှစ်မျိုးရှိ၏။ ထိုင်တွင် (က) ဂန္တဓုရတာဝန် ဟူသည် ဘုရားဟောတရားတော်များကို မိမိဥာဏ်စွမ်းအားလျော်စွာ သင်ယူ ကျက်မှတ်ဟောပြော ပို့ချခြင်းဖြစ်၏။ ဥာဏ်စွမ်းအားကောင်းလျှင် ပိဋကတ်သုံးပုံလုံးကို သင်ယူကျက်မှတ်ရ၏။ ထိုမျှ မစွမ်းနိုင်လျှင်ကား နိကာယ်တစ်ခု နှစ်ခု စသည်ဖြင့် သင်ယူ ကျက်မှတ်ရ၏။ နားလည်တတ်ကျွမ်းသည့်အခါ ပြန်လည်ဟောပြော ပို့ချ ရေးသားရ၏၊ ဤသို့ ဆောင်ရွက်နေခြင်းသည်ပင် ပရိယတ္တိတာဝန်ကို ထမ်းဆောင်သည်မည်၏။ ပရိယတ္တိမကွယ်မပျောက်အောင် ကာကွယ်စောင့်ရှောက်သည်မည်၏။

 

(ခ) ဝိပဿနာဓုရတာဝန်ဟူသည်လည်း ရုပ်နာမ်နှစ်ပါးတို.၏ ဖြစ်ပျက်သဘောကို ဥာဏ်ဖြင့် သိမြင်အောင် အားထုတ်မှု၊ ရရှိဖြစ်ပေါ်လာသော အဖြစ်အပျက်ဥာဏ်ကို ရင့်သန်လာအောင် စဉ်ဆက်မပြတ် ကြိုးစားခြင်းဖြင့် မဂ်ဥာဏ်ဖိုလ်ဥာဏ် ရရှိမှုကို ခေါ်ခြင်းဖြစ်၏။ ကိုယ်တိုင်ရှုမှတ်အားထုတ်သဖြင့် သိမြင်လာသည့် ရုပ်နာမ်တို့၏ သဘောသဘာဝကို အများသိအောင် ဟောပြောမှု၊ ရှုမှတ်ပုံ၊ ရှုမှတ်နည်း လမ်းညွန်ပေးမှုတို့ကိုလည်း ဝိပဿနာ ဓုရ၌ ထည့်သွင်းနိုင်သည်သာ။ ဤသို့ဆောင်ရွက်နေခြင်းသည် ဝိပဿနာဓုရကို ထမ်းဆောင်နေသည်မည်၏။ ဝိပဿနာဓုရ မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက်သည် မည်၏။

 

ဤတာဝန်နှစ်ရပ်တွင် ဂန္တဓုရတာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိပါက ဂန္တဓုရကို ဦးစားပေးထမ်းဆောင်ရ၏။ ဂန္တဓုရတာဝန်ကို မစွမ်းနိုင်လျှင်ကား၊ ဝိပဿနာဓုရတာဝန်ကို ထမ်းဆောင်ရ၏။ နှစ်မျိုးလုံးစွမ်းဆောင်နိုင်လျှင်ကား နှစ်မျိုးလုံးကို အလေးပေး၍ ထမ်းဆောင်ရ၏၊ ပြဆိုခဲ့သည့် အတိုင်း သာမဏေဖြစ်လျှင် သာမဏစည်းကမ်းပိုင်း၊ ရဟန်းဖြစ်လျှင်လည်း ရဟန်းစည်းကမ်းပိုင်းကို သိရှိနားလည် လိုက်နာပြီးလျှင် ဂန္တဓုရတာဝန်ကိုဖြစ်စေ၊ ဝိပဿနာဓုရတာဝန်ကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ဆောင်ရွက်နေခြင်းသည် ရှေးရှေးအစဉ်အလာ လမ်းကြောင်းမှန်အတိုင်း လျှောက်လှမ်းနေခြင်းဖြစ်၏။ သာသနာခရီး၌ ဤသို့လျှောက်လှမ်းနေသူကို လမ်းကြောင်းမှန်အတိုင်း လျှောက်လှမ်းနေသူဟု ဆိုရ၏။

 

ရွှေရတုမွေးနေ့ရှင် ဦးသုခမိန္ဒသည်လည်း သာမဏေဘဝ၌ သာမဏများ သိရှိလိုက်နာရမည့် ဝိနည်းစည်းကမ်းများကို သိရှိအောင် သင်ယူခဲ့၏။ ကျက်မှတ်ခဲ့၏၊ လိုက်နာခဲ့၏။ ရဟန်းဘဝသို့ ရောက်သည့် အခါလည်း ရဟန်းများ သိရှိလိုက်နာရမည့် ဝိနည်းစည်းမျဉ်းများကို တတ်မြောက်ကျွမ်းကျင်အောင် သင်ယူလေ့လာခဲ့၏၊  လိုက်နာခဲ့၏၊ ဤသို့အားဖြင့် စည်းကမ်းပိုင်းတွင် ပြည့်စုံသူဖြစ်ခဲ့၏။ တာဝန်ပိုင်းဖြင့် ကြည့်လျှင်လည်း ဂန္တဓုရတာဝန်အနေဖြင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ သာသနာ့ တက္ကသီလဓမ္မာစရိယB.Aဘွဲ.၊ သာသနာ့တက္ကသီလမဟာဓမ္မာစရိယ M.Aဘွဲ.

 

သီရိလင်္ကာနိုင်ငံတက္ကသိုလ်မှ M.Aဘွဲ့ရယူသည့်အထိ ဂန္တဓုရတာဝန်ကို ကြိုးကြိုးစားစား ထမ်းဆောင်ခဲ့၏။ ယခု လည်းပြန်လည်ပို့ချ ရေးသားခြင်းဖြင့်ထမ်းဆောင်ဆဲဖြစ်၏။ ဝိပဿနာဓုရတာဝန် အနေဖြင့်လည်း ရုပ်နာမ်ဓမ္မသဘာဝကို ဥာဏ်ဖြင့် သိမြင်ရန်အတွက် ဆရာကောင်းတို့ထံ၌ နည်းခံရှုမှတ် အားထုတ်ခဲ့၏။ မိမိသိမြင်သည့် ရုပ်နာမ်သဘောကို နယ်တကာသို့လှည့်၍ ဒကာ ဒကာမ အပေါင်းတို့အား ဟောပြော ပြသနေ၏၊ နည်းလမ်းညွန်ုပြနေ၏။

 

ရွှေရတုမွေးနေ့ရှင် ဦးသုခမိန္ဒ၏ သာသနာပြုခရီးစဉ်ကို ခြုံကြည့်လျှင် ရှေးရှေးသူတော်ကောင်းကြီးများ လျှောက်လှမ်းခဲ့သောလမ်းအတိုင်း လျှောက်လှမ်းနေသည်ကို တွေ့မြင်ရ၏။ သို့ဖြစ်၍ လမ်းမှန်အတိုင်း လျှောက်လှမ်းနေသူဟု ဆိုရပါ၏။ လမ်းမှန်အတိုင်း လျှောက်လှမ်းသူသည်လည်း တရားဟော တိုးတက်အောင်မြင်မှုကို ရရှိမည်မှာ မလွဲဧကန်ပင်ဖြစ်ပါ၏။ ရွှေရတုမှသည် ရတုပေါင်းများစွာတိုင်အောင် အန္တရာယ်ကင်းစွာဖြင့် လမ်းမှန်အတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ပါစေဟု ဆန္ဒပြုလျက်-

 

အရှင်နန္ဒိသေနာလင်္ကာရ

ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)

 

Tags:

About laisaitai