မညီညာသော မြေပြင်တစ်ခုမှ တောင်တန်းတစ်ခွင်ဆီသို့

DSC05679

နိဒါန်း

၂၀၁၁- ခုနှစ် ဒုတိယအကြိမ်မြောက် ထိုင်းနိုင်ငံရှိ မဟာချူလားလွန်းကွန်းတက္ကသိုလ်မှ တာဝန်ယူ ဦးဆောင်ကျင်းပမည့် ဗုဒ္ဓဘာသာဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးညီလာခံပွဲ Conference တွင် မိမိမှ ပါဠိစာတမ်းတစ်ခုခုဖြင့် ရေးသားတင်သွင်းပေးပို့ပါရန် ဆရာတော် ဒေါက်တာဓမ္မသာမိ(Oxford)က တိုက်တွန်း လာပါသည်။  အချိန်သည် အောက်တိုဘာလ ကုန်ခါနီးလောက်မှာဖြစ်၏။ မိမိလည်းတတ်စွမ်းသမျှ ရှာဖွေစုစည်းပြီး နမော တဿ အာစရဏံ နမောတဿ ကိုလေ့လာခြင်းဟူသော အမည်ခေါင်းစဉ်ကို ပါဠိဘာသာဖြင့်ရေးပြီး ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်ထံသို့ပေးပို့ထားခဲ့ပါသည်။ လုပ်ငန်းတစ်ခုပြီးဆုံးတိုင်းသည် ခေတ္တခဏလောက် ကိုယ်စိတ်ပေါ့ပါးစွာ ဖြစ်ရခြင်းသည် ဓမ္မတာပင်ဖြစ်သလို မြတ်ဗုဒ္ဓကလည်း နိပ္ဖန္နော သောဘဏော အတ္ထော လုပ်ငန်းဆိုတာ ပြီးစီးအောင်မြင်မှ တင့်တယ်တယ်ဟု မိန့်တော်မူထားသည် မဟုတ်လော။

သို့ပေမယ့် မိမိသည် စာသင်သားတစ်ဦး ဖြစ်သည့်အားလျော်စွာ စာပေလေ့လာသင်ယူနေကြ သည့်ကျောင်းသား ကျောင်းသူတိုင်း စာသင်တန်းတစ်ခုပြီးစီးခါနီးတွင် ကိုယ်သင်ယူခဲ့သည့်ဆိုင်ရာဘာသာရပ် Subject or Course များအလိုက် အရည်အချင်းပြည့်မီ မပြည့်မီကို သိရှိနိုင်ရန်အတွက် ဆိုင်ရာဆိုင်ရာစာသင်ကျောင်းများ တက္ကသိုလ်များစသည်မှ စာမေးပွဲအဖွဲ့တို့က နေရာတိုင်းနှင့် နှစ်စဉ်တိုင်းလိုလို  ကျင်းပလေ့ရှိကြပါသည်။ မိမိလည်း နှစ်ထပ်ကွမ်း မဟာဝိဇ္ဇာM.A ဘွဲ့ Mastar of Art Dgree M.A အတွက် ၂၀၁၀-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ တည်ရှိသည့် Buddhist and Pali University တွင် တက်ရောက်သင်ယူနေသည့် ကျောင်းသားတစ်ဦးဖြစ်သည်။ နိုဝင်ဘာလဆန်းပိုင်းတွင် ဒီဇင်ဘာလ စာမေးပွဲအတွက် ဖြေဆိုနိုင်ရန် ပြင်ဆင်ချိန်မှာ ခေတ်မီတောက်ပြောင်လှပပြီး ဆရာတော်ကို လေးစားကြည်ညိုသိရှိကြသည့် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ၏ နှလုံးသားကို ထင်ဟပ်စေသည့် ဆရာတော်အရှင်သုခမိန္ဒ(ခေါ်)စဝ်ဆုခမ်း၏ ရွှေရတုမွေးနေ့ အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာကို Internet Online မှတစ်ဆင့် ဝမ်းသာစွာ လက်ခံသိရှိရပါသည်။ တစ်ဆက်တည်းမှာပင် နောက်တစ်ရက်တွင် မိမိ၏ ကျေးဇူးရှင် ဒေါက်တာဓမ္မသာမိ-ကစဝ်သုခမ်း၏ ရွှေရတုမွေးနေ့လက်ဆောင် ပြုပေးနိုင်ဖို့ ရွှေဗဟုသုတ ရွှေဓမ္မဖြင့် ချီးမြှင့်ပေးနိုင်ရန်အတွက်  မဂ္ဂဇင်းစာအုပ်တစ်အုပ် ထုတ်ပေးသွားနိုင်ရန် မိမိအပါအဝင် ညီအစ်ကိုလို နေကြသည့် သီတင်းသုံးဖော်ငါးပါးအား အကြံပြုတိုက်တွန်းလာခဲ့ပါသည်။ လမ်းမှားသို့ရောက်နေသူကို လမ်းမှန်သို့တင်ပေးသလို ဆရာတော်စဝ်ဆုခမ်း၏ ရွှေရတုမွေးနေ့ မင်္ဂလာလက်ဆောင်ကို စာကျက်ရင်း အတွေးလည်နေသည့် မိမိအတွက် ဆရာတော်က ပါဝင်ကူညီပေးခဲ့၊ တွေးပေးခဲ့သည်ပေတည်း။ ဒီအချိန်သည် ဝါလကင်းလွတ် သီတင်းကျွတ်ပြီး ဖြစ်သည့်အလျောက် မြတ်ဗုဒ္ဓလည်း သူ့တပည့်သားရဟန်းတော်များကို နယ်လှည့်၍ သာသနာပြုကြပါရန် တိုက်တွန်းထားသည့် အတိုင်း တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ(ခေါ်)စဝ်သုခမ်းကလည်း ဗုဒ္ဓသာဝကပီပီ ညီညာခြင်းမရှိသော နေရာမှ ပေါက်ဖွားခဲ့သည့် ဓမ္မဂုဏ်ရည် သားတော်ပီပီ ခရီးခဲဖြစ်သည့် တောင်တန်းတစ်ခွင်ဆီသို့ အစဉ်လှည့်ကြွရောက်ပြီး တရားဟော တရားပြနေသည့်ပုံကို အာရုံပြုအားကျပြီး မညီညာသောမြေပြင်တစ်ခုမှ တောင်တန်းတစ်ခွင်ဆီသို့ ဟူသော ခေါင်းစဉ်ဖြင့်ရေးသား ဂုဏ်ပြုပါမည်။

မညီညာသောမြေပြင်တစ်ခုမှ……………..

ရှမ်းပြည်သည် များသောအားဖြင့် တောတွေတောင်တွေဝေဆာစွာ တည်ရှိလျက် ရှုမညီးဖွယ် သယံဇာတကြွယ်ဝသည့် နေရာဒေသကြီးတစ်ခုပင် ဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပါ။ တာဝန်ရှိပုဂ္ဂိုလ်များကလည်း သာသနာဆိုင်ရာ အဆောက်အအုံများ ခရိုင်များစွာ မြို့ပေါင်းများစွာ ရပ်ရွာပေါင်းများစွာဖြင့် ထပ်မံဖွဲ့စည်း တည်ဆောက်ထားပေးသည့်အတွက် ပို၍ သာယာလှပနေ၏။ ပကတိအေးချမ်းလျက်ရှိသည့် ရှမ်းပြည်ကို သူ့အပေါ် နေထိုင်ကြတဲ့ သတ္တဝါတွေကိုလည်း တရားဓမ္မအသိဖြင့် အေးချမ်းသာယာ ကြည်နူးစွာ ဘဝခရီးကောင်းတစ်ခုကို ဖြတ်သန်းစေနိုင်ရန် ဆရာတော်အရှင်သုခမိန္ဒ(ခေါ်) စဝ်ဆုခမ်းကလည်း နေ့ညမအား တရားဟောရင်း ဗုဒ္ဓသာသနာတော်ပြန့်ပွားအောင် ဆောင်ရွက်နေသည်မှာ မြန်မာနိုင်ငံ သာသနာတော် ထွန်းကားရေးအတွက် အုတ်တစ်ချပ် သံတစ်ပွင့် ဖြစ်နေသည်ကို ကြည်ညိုသိရှိရသည့်အတွက် ပို၍ပင်အေးချမ်းလိမ့်မည်ဟု တွေးရင်း ဝမ်းသာပီတိ ကွမ်းဆီထိဖြစ်ပါသည်။

ရှမ်းပြည်၏ မြို့ကြီးများ ၅၄-ခုထဲတွင် တန့်ယန်းလို့ ခေါ်သည့် မြို.လေးတစ်မြို့လည်းပါဝင်၏။ တန့်ယန်းနာမည်သည် ရှမ်းအခေါ်အဝေါ် စကားဖြစ်ပြီး၊ မြန်မာလိုဖြင့်မူ ချိုင့်ဝှမ်းပြီး မညီညာသည့်နေရာ မြေနေရာ ဧရိယာအကန့်အကန့်နှင့် တည်ရှိသည့်ဒေသဟု ခေါ်မည် ထင်၏။ သို့မဟုတ် မြေနေရာက နည်းနည်းလောက် အလည်နေရာ၊ သို့မဟုတ် တစ်နေရာရာတွင် အောက်သို့ လျောကျနေဟန် ရှိသည်ဟု လည်းဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် ဒါနဲ့ ပတ်သတ်ပြီး ဝိန်းတိတ်စန် အမ်ချိန် ဟု ချစ်စရာ တင်စားခေါ်ဝေါ်ခဲ့ရသည်ပင် ဖြစ်၏။ ဝိန်းတိတ်စန် အမ်ချိန် ကိုမြန်မာလိုအားဖြင့် ဘယ်လိုပဲဆွဲဆန့်ဆွဲဆန့် မဖြောင့်တန်း (မတင်း) နိုင်သည့်မြို့တော်ဟု အဓိပ္ပါယ်ရသည်။ တန့်ယန်းမြို့သည် ရှမ်းပြည်မြောက်ပိုင်းတွင် တည်ရှိပြီး မြို့တော်လားရှိုးနှင့် ၈၃-မိုင်ကွာဝေး၏။ ထို့အပြင် မြို့နယ်တစ်ခုဖြစ်ပြီး ရပ်ကွက်ပေါင်း၁၃-ရပ်ကွက်၊ ကျေးရွာအုပ်စုများ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများ အများအပြားတည်ရှိ၏။ သူ၏အရှေ့ဘက်တွင် ပန်ဆန်း၊ အနောက်ဘက်တွင် လားရှိုး တည်ရှိမည်ဖြစ်ပြီး၊ တောင်ဘက်ခြမ်းတွင်မူ မိုင်းရှူးရတနာမြေမြို့တော် တည်ရှိပါသည်။ စာရေးသူအနေဖြင့်ကား တစ်ခါမှမရောက်ဖူးသေးပါ။ ဒီတစ်ခါတော့ ဆရာတော်၏ ရွှေရတုမွေးနေ့ကို အကြောင်းပြုပြီး၊ ဆင်ဖြူတော်ကိုမှီပြီး ကြံစုပ်ရသည်ဆိုသလို ရောက်ရလိမ့်မည်ထင်ပါသည်။

တန့်ယန်းဟူသည် ချိုင့်ဝှမ်းပြီး မညီညာသည့် မြေပြင်ဖြစ်လင့်ကစား လပြည့်ဝန်းကဲ့သို. ပြည့်ဖြိုးညီညာသော ရုပ်ရည်တော် ချေမွတ်သောစိတ်ဓာတ် ခေတ်မီတောက်ပြောင်သော အသိပညာ အတတ်ပညာ မှန်ကန်၍ ထက်သန်သော သာသနာပြုသူရဲကောင်း တစ်ဦးဖြစ်သည့်ဆရာတော် အရှင်သုခမိန္ဒ(စဝ်ဆုခမ်း)ကို မွေးထုတ်ပေးခဲ့ပါသည်။ ဆရာတော်ကို အားလုံးသိရှိပြီးသည့်အတိုင်း တန့်ယန်းမြို့ ရပ်ကွက်(၄)မှ ဦးလှရွှေ(ခေါ်)စဝ်မောဝ်လုံ(သဒ္ဓဇောတိကဓဇ)နှင့် မယ်တော် ဒေါ်ညွန့်တို့က ၁၃၆၁-ခုနှစ်၊ မေလ ၂၆ နေမင်းကြီးက  ကမ္ဘာအရှေ့တောင်ဘက်ခြမ်းကို မပူလွန်းမအေးလွန်းအောင် ဆောင်ကြဉ်းပေးမည့် အလား သာယာလှပနေသော ညနေချမ်းဆည်းဆာချိန်၌ ဖွားမြင်ခဲ့သည်။ တမူထူးခြားသည်မှာ ဆရာတော်လောင်းလျာကို ဖွားမြင်သည့်အချိန်တွင်  ရွှေမိုးငွေမိုးများက အလိုက်သိတတ်စွာ ဆရာတော်လောင်းလျာကို ကြိုဆိုသည့်အလား ထစ်ချူန်းရွာသွန်းပေးခဲ့အပြင် တစ်ပြိုင်နက်ထဲမှာပဲ ကမ္ဘာ့အရှေ့တောင်ဘက်ခြမ်းကို ကျောခိုင်းနှုတ်ဆက်တော့မည့် နေမင်းကလည်း ဆရာတော်လောင်းလျာသည် နောင်တစ်ချိန်ချိန်မှာ လူသားအားလုံးကို တရားဓမ္မဖြင့် အလင်းရောင်ပေးမည့်သူပါဟု နိမိတ်ဖတ်လျက် ကောင်းချီးပေသည့်အလား ထွန်းတောက်လင်းလျက်နေသော အချိန်လည်းဖြစ်သည်။ တောင်ပြာတန်းက သိတယ် ဆိုတဲ့သီချင်းစာသားထဲကအတိုင်း တိုင်းရေးပြည်ရွာကိစ္စ အတွက် အမိမြေကိုကာကွယ်ရင်း ရှေ့တန်းထွက်မည့် စစ်သည်များလည်း ဆရာတော်၏ မွေးဖွားရာ အိမ်ဂေဟာအောက်တွင် ခေတ္တခဏ လာရောက်ကာ မိုးခိုခဲ့ပါသည်။ ဒီအချက်ဟာဖြင့် ဆရာတော်လောင်းလျာသည် ရဲ့ရင့်သတ္တိတောက်ပြောင်တဲ့ လက်ရုံးပညာဖြင့် ဗုဒ္ဓသာသနာအတွက် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်မည့် သာသနာ့သူရဲကောင်းသဖွယ် ဖြစ်လာမည်ကို ကြိုတင်နိမတ် ဖတ်ပေးခဲ့သည်ထင်ပါသည်။

တကယ်လည်းဆရာတော်သည် ယခုအချိန်ဝယ် တောင်တန်းတစ်ခွင်ဆီသို့ စစ်မှန်သော ဗုဒ္ဓ၏ဓမ္မလက်နက်ဖြင့် နယ်လှည့်ကာ သာသနာ့အန္တရာယ်ကို ကာကွယ်နေခြင်း မသိသေးသူများအား တရားဓမ္မဖြင့်ဆုံးမ၍ ယဉ်ကျေးအောင် ဆောင်ရွက်နေပါသည်။

ဆရာတော်၏ ပညာရေးကဏ္ဍကိုကြည့်မယ် ဆိုလျှင် လောကီအတန်းကျောင်းများဖက်၌ တန့်ယန်းမြို့တွင် သတ္တမတန်းအောင်မြင်ခဲ့ပြီး အဋ္ဌမတန်း၊ နဝမတန်း၊ ဒသမတန်းကို မေမြို့(ပြင်ဦးလွင်) အမှတ်(၄)ကျောင်းတွင်အောင်မြင်ခဲ့ပြီး အထက်တန်းကျ မျက်နှာ ပန်းလှခဲ့သည့် စိုင်းရတနာဖြစ်လာခဲ့သည့်အပြင် ၁၉၇၉-၁၉၈၀-တွင်မူ မန္တလေးဒေသ ကောလိပ် သင်္ချာသိပ္ပံဘာသာဖြင့် ပထမနှစ် တက်ခဲ့ရသည်၊ တာဝန်ကိုယ်စီရှိပါသည် ဆိုတဲ့ဆောင်ပုဒ်ကို အဓိကလက်ကိုင်ထားသည့် စိုင်းရတနာကိုတော့ နွေရာသီကျောင်းပိတ်ချိန်တွင် ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာတွင် ရှမ်းစာသင်တန်းဆရာ ပြုလုပ်လာခဲ့သည့် သူတစ်ယောက်ဖြစ်သည်မို့ ရှမ်းရိုးမ၏ ရှမ်းရတနာတစ်ယောက် ဖြစ်လာခဲ့ပါသည်။

DSC05273b

စိုင်းရတနာမှ ရဟန်းရတနာသို့

မနုဿတ္တ ဘာဝေါ ဒုလ္လဘော သဘောတရားကို ဆရာတော်လောင်းလျာက ပိုင်နိုင်စွာကျော်လွှားခဲ့ပြီး၊ မဟာကုသိုလ်ကံရှစ်ခုတွင် အထက်တန်းကုသိုလ်ကံကြီး နှစ်စုံကြောင့် ကောင်းမွန်တင့်တယ်သည့် လူဘဝကိုရရှိခဲ့ပြီးသည့်နောက် မြတ်ဗုဒ္ဓဘာသာဝင်ရယ်လို့ ဖြစ်လာသည့်အလျောက် ပဗ္ဗဇိတဿ ဘာဝေါ ဒုလ္လဘော ဟူသည့် သဘောကို ရင်ဆိုင်ကာ ရဟန်းဘဝအဖြစ် ဘဝခရီးတစ်ထောက် အဖိုးတန်သည့် ဓမ္မပတ္တမြားရတနာကို တတ်နိုင်၍ ကောက်ယူရန်အလို့ငှါ ပထမနှစ် အတန်းသင်စာမေးပွဲဖြေပြီး ဒီဇင်ဘာ ကျောင်းပိတ်ရက်အတွင်း တန်ဆောင်မုန်းလပြည့်နေ့၌ ၄၅-ရက် ဒုလ္လဘရဟန်းခံရာကနေ စိုင်းရတနာမှ ရဟန်းရတနာအဖြစ်ဖြင့် သာသနာတော်အတွင်းသို့ ယနေ့တိုင်အောင် ရောက်ရှိလာခြင်းဖြစ်သည်။ ခမည်းတော်ကလည်း သမထဝိပဿနာတရားနှင့်ပတ်သက်လျှင် ကျွမ်းကျင်နေမှု အဖေတူသားဖြစ်အောင် ဆိုမလားမသိ၊ သာသနာ့ဘောင်အတွင်းနေခိုက် ခမည်းတော်ကမ္မဋ္ဌာန်းဆရာကြီးဦးလှရွှေထံမှ-၅-နှစ်တိုင်တိုင် ဝိပဿနာတရားကို ဆည်းဖူးခဲ့ပါသည်။ ထို့ကြောင့်ဆရာတော်သည် ငယ်ရွယ်စဉ်ကတည်းကပင် ခမည်းတော်၏ ကျေးဇူးကြောင့် ကောင်းမွန်သည့် ကမ္မဋ္ဌာန်းနည်းလမ်း တရားသဘောကို နားလည်ခဲ့သူတစ်ယောက်လည်း ဖြစ်သည်။

မြတ်စွာဘုရားက ချစ်သားရဟန်း ချစ်သား ချစ်သမီးတို့ ငါဘုရားကိုပြုစုလုပ်ကျွေးလုပ်ချင်လျှင် နေမကောင်းသည့် လူမမာကို ပြုစုကြပါ၊ လူမမာကိုပြုစုပေးခြင်းသည် ငါဘုရားကိုလည်း ပြုစုရာ ဝေယျာဝစ္စပြုရာရောက်တယ်လို့ မိန့်တော်မူခဲ့သည့် ထုံးကိုလည်းကောင်း ပုညကြိယာ ဝတ္ထုဟု ခေါ်သည့် ကုသိုလ်ကောင်းမှုများ ရရှိစေရန် ပြုလုပ်ဆောင်ရွက်မည့် အချက်-၁၀-ပါးတွင် သီလစာရင်းထဲသွင်းခံရသည့် ဝေယျာဝစ္စကိစ္စကြီးငယ်ကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်း၊ ကုသိုလ်အချက်ကိုလည်းကောင်း နှလုံးသွင်း၍ ကျေးဇူးရှင်သက်တော်ရှည် လွယ်ဟန်းဆရာတော်ဦးပဏ္ဍဝကို ဆရာတော်ပျံလွန်တော်မူသည်အထိ ဝေယျာဝစ္စ ဝတ်ကြီးဝတ်ငယ်များ ပြုစုကာကုသိုလ်ရယူခဲ့ပါသည်။

ပညာ သမာ အာဘာ နတ္ထိ ပညာနှင့် တူသော အလင်းရောင်မရှိ ပညာ မနုဿ ရတနံ အသိပညာ အတတ်ပညာသည်  လူသားတို့အတွက် အကြီးဆုံးရတနာတစ်ခု ဆိုသည့်ဓမ္မစကားကို နှလုံးသားဝယ်ထင်ဟပ်မည့် ရဟန်းတော် အရှင်သုခမိန္ဒသည် လောကီအတန်းပညာမှ တစ်ဆင့်တက်၍ လောကုတ္တရာဆိုင်ရာ အတန်းပညာကို ဆည်းပူးလို၍ ညောင်ရွေမြို့ သာသနာ့ ဝိပုလရွှေဂူစာသင်တိုက်တွင် သာသနာ့အုတ်မြစ်စစ်ဖြစ်သည့် ပရိယတ္တိစာပေများကို ခြောက်နှစ်တာကာလ ဆည်းပူးခဲ့ပြီး လောကီအတန်းပညာတွင် ၁၀-တန်းနှင့် ညီမျှသည့် လောကုတ္တရာပညာဆိုင်ရာ ပထမကြီးတန်းကို အောင်မြင်တော်မူခဲ့သည်။ ထို့အပြင် ၁၉၉၁-ခုနှစ်တွင် ရန်ကုန်မြို့ ၊ ကမ္ဘာအေး ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်တက်ရောက်ခဲ့သည်။

တက္ကသိုလ်ပရိယတ္တိစာပေများ သင်ယူကာ တက္ကသီလ ဓမ္မာစရိယ B.A(Buddhism)ဘွဲ့၊တက္ကသီလ မဟာဓမ္မာစရိယ M.A(Buddhism)ဘွဲ့ကို ဆွတ်ခူးခဲ့သည်။ ၁၉၉၉-၂၀၀၀ ပြည့်နှစ်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ကေလဏီယတက္ကသိုလ်သို့ တက်ရောက်ကာ M.A ဘွဲ့ကို ထပ်မံရရှိ ခဲ့သည်။ သီလဂုဏ် ၊ သမာဓိဂုဏ် ပညာဂုဏ်တို့နှင့် ကြွယ်ဝကုံလုံနေသော ရဟန်းရတနာ အရှင်သုခမိန္ဒကို ခရစ်၂၀၀၀-ပြည့်နှစ်တွင် မူဆယ် လွိုင်တိန်ခမ်းမှ ကျောင်းဂေါပကအဖွဲ့များက ကျောင်းထိုင်ဆရာတော်အဖြစ် ပင့်ဆောင်အပ်နှံ လှူဒါန်းခြင်းခံရတော်မူသည်။

ခေတ်သစ်ရဟန်းဖြစ်သည့်အားလျော်စွာ ဟိန်းဆေခိုင် ကလောင်အမည်ဖြင့် ခေတ်သစ်ယဉ်ကျေးမှု ရှမ်းလုံးချင်းဝတ္ထုနှင့် လူငယ်ကဗျာများ လူအများဗဟုသုတတိုးပွားပြီး သိသင့်သိထိုက်သည်များကို ထပ်တူသိရှိခွင့်ရလေအောင် ဗဟုသုတဖြစ်စေနိုင်၊ သင်ခန်းစာများပေးနိုင်လောက်သည့် ဘာသာပြန်စာအုပ်များ ကမ္ဘာကျော်အဆိုအမိန့် ရေးသားခဲ့သည့် စာရေးဆရာတစ်ယောက်ဖြစ်သည်။

ဘာသာ သာသနာနှင့် ပတ်သတ်၍လည်း စဝ်ဆုခမ်း ကလောင်အမည်ဖြင့် ခရီးသွားသာသနာပြုမှတ်တမ်းများ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ.ထုံးစံများ၊ စိန်ခမ်းလှိုင်း ဘာသာရေးမဂ္ဂဇင်းစာစောင်၊ တရားဟောပြောကွက်စာအုပ်နှင့် ဗုဒ္ဓဘာသာတရားတော်၊ ယောဂီလက်စွဲကျမ်း စုစည်းထုတ်ဝေပေးခဲ့ပါသည်။ ကွန်ပျူတာအတွက် မရှိမဖြစ် ရှမ်းဖောင့်များလုပ်ဆောင်ဖြင်း၊ အွန်လှိုင်းစာမျက်နှာ ဖွင့်လှစ်ခြင်းအပြင် ဓမ္မဒါန ထပ်ဆင့် တရားအလှူကုသိုလ်မျိုးဖြစ်စေရန် ရည်သန်၍ တရားတော်များနှင့် မှတ်သင့်မှတ်ရာများကို VCD,DVD ကိုယ်တိုင်ကိုယ်ကျ ဖန်တီးတီထွင်ထားပြီး ရှမ်းပြည်နယ်တစ်ခွင်နှင့် တချို့သောကမ္ဘာတစ်ခွင်သို့ ဖြန့်ချိရင်း တစ်ဖက်တစ်လမ်းမှ ခေတ်သစ်နည်းပညာဖြင့် သာသနာပြုတော်မူ၏၊ မည်သို့ပင်ဖြစ်စေ ဟိန်းဆေခိုင်၏ လက်ချက်၊ စဝ်ဆုခမ်း၏လက်ရာ၊ ဆရာတော်အရှင်သုခမိန္ဒ၏ ဘာသာသာသနာပြုလုပ်ဆောင် ချက်များသည် တောင်တန်းဒေသ တစ်ခွင်ပဲ့တင်ထပ်လျက် နေမှာသေချာသည်။

ကြာလည်းမမေ့ ရှာလည်းမတွေ့ ဆိုသလို အချိန်သည် ကြာညောင်သွားသော်လည်း မှတ်မိနေသေးသည်။ ၁၉၉၇-ခုနှစ်တွင် ရန်ကုန်-ကမ္ဘာအေး ဝိဇ္ဇောတာရုံစာသင်တိုက်သို့ သာမဏေကျော် စာဝါများလိုက်ရန် စာရေးသူ ရောက်ရှိခဲ့သည်။ ဆရာတော် အရှင်သုခမိန္ဒသည် ရန်ကုန် ကမ္ဘာအေး နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်တွင် ပညာသင်ယူဆည်းပူး နေချိန်လည်းဖြစ်၏၊ မိမိနေသည့်ကျောင်းမှ ၁၀-မိနစ်လောက် လမ်းလျှောက်လျှင် တက္ကသိုလ်ရောက်နိုင်သည်၊ သို့သော် နီးလျက်နဲ့ ဝေးဆိုသလို ဆရာတော် သီတင်းသုံးတဲ့ နေရာနှင့် နီးသော်လည်း ပါရမီရေစက်က ကိုယ့်အတွက် အချက်ကျသည့် အလှည့် မရောက်လို့လားမသိ၊ ဆရာတော်နှင့် မဆုံဖြစ်သေးပါ။ ကျောင်းတိုက်မှ အပြင်ထွက်ခွင့် သိပ်မရှိတာလည်း ပါသလို ကိုယ့်စာနဲ့ကို နပန်းလုံးနေရသည်က တစ်ကြောင်းလို့ထင်ပါသည်။ သို့သော် အဲဒီနှစ်ထဲမှပင် ဆရာတော်နှင့် မဆုံဖြစ်သော်လည်း ဆရာတော်၏ ဘာသာ သာသနာအတွက် ကြိုစားပြီးလုပ်ဆောင်ချက်နှင့် အတူ ဝိပဿနာပြန့်ပွါးအောင် လုပ်ဆောင်နေသည့်အကြောင်းကို စိန်ခမ်းလှိုင်းစာစောင်မှတစ်ဆင့် ဖတ်ရှုသိရှိ ရပါသည်။

ထိုစာစောင်၌ ဆရာတော်က တက္ကသိုလ်စာသင်နှစ် အတန်းတင်စာမေးပွဲပြီးဆုံး၍ တက္ကသိုလ်က နှစ်လလောက် ခပ်စိမ်းစိမ်းနေပေးစေလိုသည့် အချိန်တွင် ကျောင်းပိတ်ရက်လည်းဖြစ် ကလျဏမိတ္တသီတင်းသုံး ဖော်များလည်းဖြစ်ကြသည့် ဘုန်းကြီးဦးဇာဂရ ယခု ဟိုနမ့်ကျောင်း ဝိပဿနာပြဆရာတော်နှင့် အရှင်ဇာနေယျ(ယခုတက္ကသိုလ်နည်းပြ)နှင့်အတူ သီပေါမြို့ တာပုတ်ကျောင်းတိုက်တွင် နွေရာသီတရားစခန်း သွားရောက်ဖွင့်သည့် အကြောင်းနှင့် စခန်းဝင်ယောဂီများနှင့် အတူ ဓာတ်ပုံများပါ ဖော်ပြတာတွေ့ရပါသည်။ ဒီသတင်းနှင့် အတူ ဆရာတော်၏ လုပ်ဆောင်ချက်များသည် မိမိတို့လို စိတ်ဓာတ်နုနယ်သော လူငယ်များအတွက် အားကျအတုယူစရာဖြစ်ရုံမျှမက စိတ်ဓာတ်ခွန်အား အသိဥာဏ်စွမ်းအားတွေကို တိုးပွားစေ တတ်တဲ့ ဆေးစွမ်းကောင်းတစ်လက်အဖြစ် ရပ်တည်ပေးခဲ့သည်။

၁၉၉၉-ခုနှစ် ဝါတွင်းကာလအချိန် ရင်ကိုအေးမြစေတဲ့ ကျေးဇူးရှင် မိုးမင်းက တစ်ဖွဲဖွဲရွာသွန်းကာ ညနေချမ်းဆည်းဆာချန်ဝယ် စာသင်ဖော် ဦးဂန္ဓမာ(ဝမ်ပတ်၊တန့်ယန်း)က မိမိကို ဆရာတော် အရှင်သုခမိန္ဒမှ မိမိကိုယ်ကိုတွေ့လိုကြောင်းလာပြောခဲ့သည်။ ဆရာတော်ကို ဖူးတွေ့လိုချင်သည်မှာ ကြာလှပြီမို့ ဒီတစ်ခါတော့ ဆုံဖို့ရေစက်ကလေးက ကိုယ့်ဘက် လှည့်လာပြီထင်ပါသည်ဟု တွေးတောဝမ်းသာရင်း ဆရာတော်ထံသို့ အဲဒီညနေတွင်ပင် သွားရောက်ဖူးမျှော် ပါသည်။ လောကတွင် နာမည်ကြီးစတားသမားကို တွေ့ဆုံခွင့် ရသူတိုင်း ရင်ခုန်ခြင်းနှင့် အတူ ကြည်နူးဝမ်းသာ စရာတွေ အမှတ်ရစရာတွေ ဖြစ်ခဲ့သည်မှာ ဓမ္မတာပင် မဟုတ်ပါလော၊ ဆရာတော် သီတင်းသုံးနေတဲ့ ရခိုင်ဆောင်ကို ရှာဖွေပြီး ဆရာတော် နေတော်မူရာ အပေါ်ထပ် ခန်းသို့ ခပ်သွက်သွက် ခြေလှမ်းလှမ်းတက်ခဲ့၏။  ကံကောင်းထောက်မစွာဖြင့် ဆရာတော်နှင့် တကယ်တွေ.ဆုံရပြီး ဂါရဝပြုကာ ဆရာတော်၏ စေတနာ မေတ္တာအပြည့်ပါသည့် ဩဝါဒကထာကို နာယူမှတ်သားခဲ့ရသည်။ ထို့အပြင် ဆရာတော်က ပညာပါရမီ ဖြည့်သည့် အနေဖြင့် မိမိကိုနဝကမ္မဝတ္ထုဖြင့် ချီးမြှင့်ပြီး မြန်မာနိုင်ငံတွင် နာမည်ကျော် တိပိဋကစာမေးပွဲကို ကြိုးစားပြီး ဝင်ရောက်သင်ကြားဖို့ ကောင်းမွန်သော ရည်မှန်းချက်ဖြင့် တိုက်တွန်းခဲ့ပါသည်။ ဆရာတော်၏ တိုက်တွန်းချက်သည် မိမိအတွက် မမေ့နိုင်သေးသည့် အားပေးစကား တစ်ခွန်းဖြစ်သလို သူကြီးသူကောင်း ဖြစ်သည့် ဆရာတော်၏ စေတနာကို ပိုနားလည်လာခဲ့သည်။ သို့သော် သာမဏကျော်နှင့် ဓမ္မာစရိယ(စာချတန်း) အောင်မြင်ပြီးသည့် နောက်ပိုင်း အမိမြေကို လွမ်းတာတစ်မျိုး အတ္တဟိတထက် ပရဟိတကို ပိုအားသန်တာကတစ်ဖုံ မွေးဖွားရာရှမ်းပြည်မှာပင် အခြေချနေထိုင်၍ တိပိဋကစာမေးပွဲလုပ်ဖို့ အနယ်ထိုင်ဖြစ်သွားခဲ့ရတာ ဆရာတော်၏ ရည်မှန်းချက်ရော မိမိရည်ရွယ်ချက်ပါ အကောင်အထည် မဖော်နိုင်ပါ။ ဒါနဲ့ ပတ်သက်၍ ဆရာတော်ကို အလေးအနက် တောင်းပန်ဂါရဝပြု၏။ တိပိဋကစာမေးပွဲအစား ပိဋကသုံးပုံ၏ အခုနိကာယ်စာမေးပွဲကိုတော့ ငါးရပ်စလုံးပြည့် စာရေးသူ သင်ကြားဆည်းပူး အောင်မြင်ခဲ့ပါသည်။

၂၀၀၀-ပြည့်နှစ်တွင် ဆရာတော်က သီရိလင်္ကာနိုင်ငံ Kelaniya တက္ကသိုလ်မှ ထပ်ဆင့် M.A Degree ကို ဗုဒ္ဓဘာသာဆိုင်ရာ ရှုထောင့်မှနေပြီး လေ့လာသင်ယူခဲ့ပြီး မြန်မာပြည်သို့ ပြန်ရောက်ချိန် မိမိလည်း ကိစ္စတစ်ခုဖြင့် ရှစ်မိုင်ခွဲ လေးကျွန်းစင်္ကြာကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒဝံသ(မိုးကုတ်ဆရာတော်)ထံသို့ ရောက်သွားသည့် အချိန်လည်းဖြစ်သည်။ လေးစားရသည့် အာဂဆရာတော်နှစ်ပါးကို တစ်ကြိမ်တည်းမှာပင် ဖူးတွေ့ခဲ့ရ၏။ ဒီတစ်ခါတွင် ဆရာတော်အရှင်သုခမိန္ဒကို ဒုတိယအကြိမ်မြောက်အဖြစ် လွယ်ကူစွာဖူးတွေ့ခွင့် ရခဲ့သည်။ ဆရာတော်သည် သီရိလင်္ကာမှ ပြန်ရောက်စမို့ သီရိလင်္ကာတွင်ပညာ သင်ကြားခဲ့ရသည့် အကြောင်းအရာများနှင့် နိုင်ငံလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးလမ်းစဉ်တစ်မျိုးကို စိတ်ဝင်စားစရာ ဓာတ်ပုံများနှင့်အတူ မိမိကို စိတ်ရှည်လက်ရှည် ရှင်းလင်းပြတော်မူခဲ့သည်မှာလည်း ပြန်မြင်ယောင်မိပါသည်။ ဆရာတော်က သီရိလင်္ကာလက်ဆောင်အဖြစ် ဓာတ်ပုံတစ်ပုံပေးခဲ့ပါသေးသည်။ အဲဒီနောက်ပိုင်း ဆရာတော်က ရှမ်းပြည်တစ်ခွင်ကို လှည့်ပြီး တရားဟော တရားပြ သာသနာပြုကြွနေသလို မိမိလည်း ကျေးဇူးရှင် တောင်ကြီး  ဝေဠုဝန်ကျောင်းဆရာတော်ဘုရား၏ အရိပ်အာဝါသအောက်တွင် ခိုလုံကာ ကျောင်းတိုက် ရဟန်းသံဃာနှင့် ဒကာ၊ ဒကာမတို့အား တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနေရသည့် အတွက် ဆရာတော် စဝ်ဆုခမ်းနှင့် စိမ်းမနေတော့ပါ။ ဆရာတော် ၏ ၂၀၀၃-ခုနှစ် စိမ်းစိုလန်းဆန်း ရှမ်းတောင်တန်း တစ်ခွင် သာသနာပြုမှတ်တမ်းစာအုပ်၊ ဆစ်ဆောင်ပန်းနား သာသနာပြု ခရီသွားမှတ်တမ်းသည် စာရေးသူအတွက် သာသနာပြုစိတ်ဓာတ် ပြင်းပြရန် နည်းပြပေးသည့် ဆရာတော်များဖြစ်ခဲ့ရသည်မှာ အမှန်ပင်ဖြစ်သလို ရပ်နီးရပ်ဝေးမှ  သံဃာတော်များနှင့် ဒကာ ဒကာမများကလည်း ဆရာတော်ကိုပိုမို၍သိကျွမ်းခင်မင်လေးစား ကြည်ညိုလာခဲ့ကြပါသည်။

ထို့အပြင် ၂၀၀၅-ခုနှစ် ပတ်ဝန်းကျင်တွင် တောင်ကြီးရှမ်းပိဋကတ်ကျောင်း၌ ဝိပဿနာတရားစခန်းအတွက် ဆရာတော်ကြွရောက် တရားပြနေချိန်တွင် ဆရာတော်၏ တစ်နှစ်ပတ်လုံး ဝိပဿနာတရားစခန်း အပါအဝင် သာသနာပြုကြွရောက်ရမည့် ခရီးစဉ်ကို သိရှိခွင့်ရခဲ့သည်။ ဆရာတော်၏ တစ်နှစ်ပတ်လုံး ဓမ္မဒူတ သာသနာပြုခရီးစဉ်ကိုကြည့်ရင်း အံ့ဩမှုတွေနှင့်အတူ ဗုဒ္ဓသာသနာတော်မြတ်ကြီး အတွက်အားရပြီး ဆရာတော်ဘုရားကိုလည်း အားကျကြည်ညိုမိခဲ့သည်။ ဓမ္မဒူတခရီးစဉ် ဇယားတွင် ပြည်နယ်၊မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အလိုက် (၁၀)ရက် တရားစခန်း၊ (၁၆)ရက်တရားစခန်း စသည်ဖြင့် ရှမ်းပြည်တစ်ခွင်လုံး ပါဝင်နေသည်ကို တွေ့ခဲ့ရ၏။ တစ်ချို့နေရာတွင် ဒကာ ဒကာမများက ပင့်လျှောက်သော်လည်း အချိန်ပြဿနာကြောင့် မကြွပေးလိုရသည်မှာ ရှိသေးသည်ဟုလည်း ကြားခဲ့ရ၏။ ဆရာတော်၏ တစ်နှစ်ပတ်လုံး သာသနာပြု ခရီးစဉ်စာရွက်ကို ကိုင်ရင်း ဆရာတော်သည် ချိုင့်ဝှမ်းလျက် မညီညာသော မြေပြင်ရှိရာ ဒေသဟု သတ်မှတ်ခံရသော တန့်ယန်းမြို့မှ ပေါက်ဖွားလာသည့် ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်ပါပေ၏။

ယခုတွင်မူ မြူနှင်းတောတောင်ဖြင့် တန်ဆာဆင်ထားပြီး ရှုမငြီးဖွယ်ရာ ရတနာလှမျိုးစုံသည် ရှမ်းပြည်နယ်တစ်ခွင်လုံးသို့ အရောက်ကြွလှမ်းပြီး သာသနာပြုနေပေသည်ဟု ပီတိရွှင်ပြီး နှလုံးသားသံစဉ်မှ ထွက်ပေါ် စဉ်းစားမိခဲ့ပါသည်။ ထိုအချိန်မှ စ၍ ဆရာတော်၏ ဓမ္မဒူတ ဝိပဿနာသာသနာပြုခရီးသည် ယနေ့ထက်တိုင် တစ်နှစ်ပတ်လုံး အချိန်ဇယားများ ပြည့်လျှံနေသည်ကို အားလုံးကြည်ညိုသိရှိခဲ့ကြရသည့် အတိုင်းပင်ဖြစ်၏။

နိဂုံး

ဆရာတော်အရှင်သုခမိန္ဒသည် မြတ်စွာဘုရား၏ ပရိယတ္တိနယ်ပယ်ဘက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ရှမ်းပိဋကဘာသာပြန်သံဃာအဖွဲ့ချုပ် အထွေထွေအကျိုးတော်ဆောင်အဖြစ်ဖြင့် တာဝန်ယူလုပ်ဆောင်ခြင်း ပိဋကတ်သုံးပုံကို ရှမ်းဘာသာသို့ ပြန်ဆိုနိုင်ရန် ကြိုးပမ်းအားထုတ်နေခြင်းဖြင့် ဂန္တဓုရကို စွမ်းစွမ်းတမံ ဆောင်ရွက်နေမှုကို ကြည်ညိုသိရှိကြရသည်နှင့် နည်းတူ ပဋိပတ္တိနယ်ပယ်ဘက်တွင်လည်း နေ့ညမအား တောတောင်တွေကြား တရားဓမ္မဖြင့် နယ်စပ်ဒေသနှင့် တောင်တန်းများသို့ သာသနာ့အမွှေများ ရောက်ရှိပြန့်/ပွားရလေအောင် ရှမ်းပြည်နယ်တစ်ခွင်လုံး ၊ ကချင်ပြည်နယ် တစ်ဝိုက် မန္တလေး-ရန်ကုန်ုကတစ်ဖုံ ဇင်းမယ်နှင့် တရုတ်နိုင်ငံဘက်မှ တစ်စိတ်တစ်ဒေသတို့သို့ တိုး၍တိုး၍ ဝိပဿနာတရားစခန်း ဖွင့်လှစ်ပေးကာ ဝိပဿနာဓုရကိုလည်း ကျင့်သုံးနေတော်မူခဲ့သည့် ရဟန်းတော်ပုဂ္ဂိုလ်ကျော်တစ်ပါးပါပေတကား၊ ယနေ့အချိန်တွင် တောင်တန်းတစ်ခွင်ဆီသို့ ဆရာတော်၏ မေတ္တာပို့ဆုတောင်းခြင်း လင်္ကာတေးထပ်ဖြစ်သည့် ဆတ်တဝါတန်းကျေး ဟိုင်မွန်ဆေး တွန်းတေးကျင်ကတ်ယဉ် (ဝေနေယျသတ္တဝါအားလုံး ကျန်းမာချမ်းသာပါစေ) သည် ရဟန်းရှင်လူပုဂ္ဂိုလ်များ ကလေးသူငယ်များအပေါ် လွှမ်းခြုံ၍ ပျံ့လှိုင်ကျော်ကြားပြီး သူတို့၏ နှလုံးနှင့် နှုတ်ဖျားမှာ ထင်ရှားတည်ရှိနေသည်မှာ သေချာသည်။

ဤသို့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် မွမ်းခြယ်ထားသော ဆရာတော်ဘုရားကို လျှပ်တစ်ပြက်ဖူးတွေ့ခွင့်၊ ကြုံတွေ့ခွင့်ရသည့် စာရေးသူအဖို့ တစ်သက်သာ မေ့မရနိုင်တော့သော အတွေ့အကြုံများ မှတ်သားစရာများနှင့် အမှတ်ရစရာများကို ဆုလဒ်သဖွယ် ကျန်ရစ်နေ၏၊

ဆရာတော်ဘုရား၏ နှစ်ငါးဆယ်ပြည့် ရွှေရတုဝိဇာတမွေးနေ့ မင်္ဂလာကို စာရေးသူမှတ်သား၍ စဉ်းစားမိသော ဤမညီညာသော မြေပြင်တစ်ခုမှ တောင်တန်းတစ်ခွင်ဆီသို့ ဆောင်းပါးဖြင့် ပူဇော်ကန်တော့ပါ၏။

ရွှေရတုမွေးနေ့မှ နှစ်ပေါင်းများစွာ မိမိအကျိုး အမျိုးဘာသာ သာသနာအကျိုးကို သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝစွာဖြင့် ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေကြောင်း မုဒိတာဖက်သည့် မေတ္တာစိတ်ဖြင့် ပတ္တနာပြုလိုက်ပါသည်ဘုရား။

ဆရာတော်၏ အေးမြသော မေတ္တာဓာတ်ကိုလည်း အစဉ်ထာဝရခံယူပါသည်ဘုရား။

အရှင်မဟောသဓာလင်္ကာရာဘိဝံသ

ဓမ္မာစရိယ M.A AM Kelsniya & BPU

M.phi (Thesis Kelaniya)+

 

About laisaitai