စာသိကို ကိုယ်သိဖြစ်အောင် လက်တွေ့ကျကျပေါင်းစပ်နိုင်သူ

DSC08776

နေ့တစ်နေ့၏ ညနေ ၅-နာရီအချိန်ခန့်ဖြစ်၏။ ၁၃၇၂-၇၃-ခု၊ပညာသင်နှစ်၏ နှစ်ဝက်စာမေးပွဲ ဖြေဆိုချိန် နီးနေပြီးဖြစ်သဖြင့် သင်နည်းမှတ်ချက်များ ရေးသားနေစဉ် သီရိလင်္ကာနိုင်ငံ၌ ကျောင်းတက်နေသော အရှင်ပညာဇောတ ရောက်လာပြီး ဆရာတော်ဦးသုခမိန္ဒ၏ နှစ်ငါးဆယ်ပြည်. ရွှေရတုမွေးနေ့ စာစောင်အတွက် စာမူတောင်းခံပေးပါဟု ဆို၏၊ စာရေးသူအားလည်း စာမူတစ်စောင်ရေးပေးပါဟု တောင်းဆို၏။ စာရေးသူက မိမိရှမ်းဘာသာဖြင့် ရေးသားပူဇော်မည်ဟု ဆိုသောအခါ ရှမ်းဘာသာဖြင့် ရေးသားပူဇော်မည့်သူ များနေ၍ မြန်မာဘာသာဖြင့်သာ ရေးသားပူဇော်ပေးပါရန် တောင်းဆိုပြန်၏။

ဆရာတော်ဦးသုခမိန္ဒ ဆိုသူကား တစ်ခြားမဟုတ်၊ စာရေးသူအပေါ်၌ ကျေးဇူးရှိခဲ့ဖူးသော လေးစားရသော မိတ်ဆွေသီတင်းသုံးဖော် ဖြစ်သကဲ့သို့ ရန်ကုန်မြို့ သာသနာ့တက္ကသိုလ်၌ အတူနေ ပညာသင်ဖက်လည်း ဖြစ်ခဲ့၏။ ဆရာတော်အတွက် တတ်နိုင်သမျှ ကူညီပေးခဲ့ရသကဲ့သို့ မိမိအတွက်လည်း ဆရာတော်က များစွာ ကူညီစောင့်ရှောက်ခဲ့ဖူး၏။ ဆရာတော်နှင့်ခွဲခွာခဲ့သည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်သော်လည်း ဆရာတော်နှင့် အတူနေထိုင်ခဲ့ရသော အတိတ်၏ပုံရိပ်များကို ပြန်မြင်ယောင်နေမိ၏။ အတိတ်ဟုဆိုရသော်လည်း လွန်ခဲ့သော ၁၂-နှစ်သာရှိပေဦးမည်။

ဆရာတော်ဦးသုခမိန္ဒ နှင့် စာရေးသူတို.သည် သာသနာ့တက္ကသိုလ် မတက်ရောက်မီ လူဝတ်ကြောင် ဘဝကပင် တစ်ဦးနှင့်တစ်ဦးသိကျွမ်းခဲ့ကြ၏။ ဆရာတော်ဦးသုခမိန္ဒသည် လူဝတ်ကြောင်ဘဝကပင် အများအကျိုးကို သယ်ပိုးတတ်သူဖြစ်၏။ စာရေးသူ၏ ဖွားမြင်ရာမြို့ ကျောက်မဲမြို့သို့ ရောက်လာပြီး ယဉ်ကျေးမှုသင်တန်း ပို့ချရာမှ စာရေးသူနှင့် သိကျွမ်းခဲ့ခြင်းဖြစ်၏။

ဆရာတော်ဦးသုခမိန္ဒကို တန့်ယန်းမြို.၊ ၄-ရပ်ကွက်၌ ခမည်းတော်ဦးလှရွှေ(သဒ္ဓမ္မဇောတိကဓဇ)+ မယ်တော် ဒေါ်ညွန့် တို့မှ မီးရှူး သန့်စင်ဖွားမြင်တော်မူခဲ့၏။ နန်းကြည်ကြည်သိန်း ခေါ် အစ်မတော် တစ်ယောက်နှင့် မွေးချင်းနှစ်ယောက်သာရှိ၏။

ဆရာတော်ဦးသုခမိန္ဒသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ သာသနာ့ဝိပုလရွှေဂူစာသင်တိုက်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိလာသာဘိဝံသ မဟာထေရ်မြတ် အထံတော်၌ ပရိယတ္တိအခြေခံ ကျမ်းစာများကို သင်ယူခဲ့ပြီး ငယ်၊ လတ်၊ ကြီး စာမေးပွဲများ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်တော်မူခဲ့၏။ ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)သို့ ကြွရောက်ပြီး ဆက်လက်ပညာသင်ယူရာ နောက်ဆုံနှစ်၌  ကာယသံသဂ္ဂသိက္ခာပုဒ် လေ့လာသုံးသပ်ချက် စာတမ်းကို တင်သွင်း၍ သာသနာ့တက္ကသီလ ဓမ္မာစရိယ၊ B.A(Buddhism) ဘွဲ့ကို ရရှိတော်မူခဲ့၏။

ဆက်လက်၍ မဟာဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစာများကို သင်ယူဆည်းဖူးခဲ့၏။ မဟာဓမ္မာစရိယတန်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီး မဟာစည်သာသနာ့ရိပ်သာ ဌာနချုပ်သို့ ၄၅-ရက် ဝိပဿနာတရား ပွားများအားထုတ်ရာ ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီးများ ကျေနပ်အားရသည် အထိ အားထုတ်နိုင်သူဖြစ်၏။ မဟာစည်သာသနာ့ရိပ်သာမှ တက္ကသိုလ်သို ပြန်ကြွလာပြီး မဟာဓမ္မာစရိယဘွဲ့ယူကျမ်းစာ ခေါင်းစဉ်သုံးခု တင်သွင်းခဲ့ရာ တက္ကသိုလ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့က ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှု နှင့် ဓလေ့ထုံးစံများ ခေါင်းစဉ်ကို ရေးသားရန် ချပေးတော်မူခဲ့၏။

ဆရာတော်ဦးသုခမိန္ဒသည် ကျမ်းခေါင်းစဉ်ကျလာသည်နှင့် ကျမ်းစာရေးသာရန် အချက်အလက်များ ရှာဖွေစု ဆောင်းခြင်း၊ ရှမ်းတိုင်းရင်းသားများ နေထိုင်ရာအရပ်ဒေသတို့သို့ ကွင်းဆင်းလေ့လာခြင်း စသည်တို့ကို ကြိုးစားအားထုတ်တော်မူခဲ့၏။ ဤသို့ဖြင့် ဆရာတော်ဦးသုခမိန္ဒသည် ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓလေ့ထုံးစံများ ကျမ်းကို သာသနာ့တက္ကသိုလ်က ခွင့်ပြုပေးသည့်ကျမ်းချိန်အတွင်း ပြီးစီးအောင် ရေးသားတင်သွင်းနိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)၌ သာသနာ့တက္ကသီလ မဟာဓမ္မာစရိယ၊ M.A(Buddhism)ဘွဲ့ကို ရရှိတော်မူခဲ့၏။

ဆရာတော်ဦးသုခမိန္ဒသည် ဘွဲ့ဒီဂရီများ အသီးသီး ရရှိတော်မူခဲ့သော်လည်း မိမိ၏ ပညာရေးကို ကျေနပ်အားရပုံ မပေါ်သေး၊ သီရိလင်္ကာနိုင်ငံသို့ ကြွရောက်၍ ပညာဆက်လက်ဆည်းဖူးရာ M.Aဘွဲ့ကို ရရှိတော်မူခဲ့၏။ ဤသို့ဖြင့် ဆရာတော်သည် လောကီလောကုတ္တရာ စွယ်စုံရ ပညာရှင်တစ်ပါး ပဋိပတ္တိကို ထွန်းထွန်းပေါက်ပေါက်ဖြစ်အောင် ကြိုးစားအားထုတ်နိုင်သူဖြစ်၏။

ဆရာတော်သည် ဘွဲ့ဒီဂရီများ ရရှိတော်မူပြီးနောက် ပရိယတ္တိစာပေရှိ အသိတရားများကို မိမိခန္ဓာကိုယ် အသိတရားများဖြစ်အောင် လက်တွေ့ကျကျ ကြိုးစားအားထုတ်တော်မူခဲ့၏။ မိမိဆည်းဖူးအားထုတ်၍ ရရှိ၊ သိရှိလာသော တရားဓမ္မများကို ဆရာတော်၏ မွေးဖွားရာဒေသ တန့်ယန်းမြို့နှင့် ကျောင်းထိုင်ရာ မူဆယ်မြို့တို့၌ မဏ္ဍိုင်ပြုလျက် ဆင်းရဲချမ်းသာမရွှေး မြို့ရောတောပါမကျန် ရှမ်းပြည်နယ်တစ်ခွင် လှည့်လည်၍ တရားဟော၊ တရားပြ သာသနာပြုတော်မူ၏။ ထို့အပြင် သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန်.ပွားရေးဦးစီးဌာနမှ ချမှတ်ပေးထားသော နယ်စပ်နှင့် တောင်တန်းဒေသ သာသနာပြုတာဝန်ကို ယနေ့ထက်တိုင် ထမ်းဆောင်နေသည်မှာ ဆရာတော်၏ မြင့် မြတ်သော သာသနာပြု စိတိဓာတ်ကို ဖော်ညွန်းနေပေ၏။

ထိုကဲ့သို့သော ဂန္တဓုရ ဝိပဿနာဓုရ တာဝန်နှစ်ရပ်ကို နေ့ညမပြတ် ထမ်းရွက် သာသနာပြုတော်မူခြင်းတို့ကြောင့် ဆရာတော်အား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက သာသနာတော်ဆိုင်ရာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ကို ဆက်လက်ကပ်လှူဒါန်းခဲ့၏။

ဆရာတော်သည် အလွန်စိတ်ရှည် သည်းခံတတ်ပြီး အတွင်းစိတ်ဓာတ် နူးညံ့သိမ်မွေ့သည့် အပြင် တရားနာပရိသတ်အပေါ်၌ အကျိုးစီးပွားလိုလားသော မေတ္တာဘာဝနာဖြင့် ဟောပြောသူဖြစ်၏။ သူများ လက်ခံအောင် ၊ နားလည်အောင် ၊ ဟောပြောနိုင်စွမ်းရှိ၏။ အသံဩဇာပါဝါလည်း ကောင်း၏။ ဖြတ်ထိုးဥာဏ်လည်းရှိ၏။ စကားအထာအသိုလည်း ကျွမ်းကျင်၏။ တင်စား၍လည်းဟောပြောတတ်၏။ အကြောင်းအရာ တစ်ခုကို ဟောပြောဖို့ အခြားသော ဥပမာသာဓကများ လေးငါးခုထက်မက လေ့လာပြီး သိနှင့်ပြီးဖြစ်၏။

သာသနာပြုပုဂ္ဂိုလ်တိုင်း သတိထားရှိတော်မူပြီး လိုက်နာရမည့် အချက်သုံးချက်လုံးနှင့် ပြည့်စုံမှသာ သာသနာပြုလုပ်ငန်း အောင်မြင်နိုင်မည်ဖြစ်၏။

ယင်းသုံးချက်မှာ-

(၁) အရာရာ၌ သည်းခံနိုင်ရခြင်း၊

(၂) ကိုယ်ကျင့်သီလရှိခြင်း၊

(၃) အရာရာ၌ အမြော်အမြင် ဥာဏ်ပညာရှိရခြင်းတို့ဖြစ်၏။

ဆရာတော် ဦးသုခမိန္ဒသည် အထက်ပါ အချက်သုံးချက်လုံးနှင့် ပြည့်စုံ၏။ စာရေးသူတို့ အတူကျောင်းတက်နေစဉ် စာရေးသူအား အရာရာ၌ သည်းခံနိုင်ဖို့ အမြဲသတိပေး၏။ ဤနေရာ၌ သည်းခံမှု၏ သဘောအဓိပ္ပါယ်ကို အနည်းငယ်ဖွင့်ပြလို၏။

သည်းခံမှုကို ပါဠိလို ခန္တီ ဟုခေါ်၏။ ယင်းခန္တီကို အဓိဝါသနခန္တီ ဟု အဋ္ဌကထာ၌ ဖွင့်ဆို၏။ (ယင်းသို့ဖွင့်ဆိုရသည်မှာ အနုလောမိကခန္တီ စသော အခြားသောခန္တီများရှိသေးသောကြောင့်ဖြစ်၏) သူတစ်ပါးတို့၏ မကောင်းပြောဆိုမှု၊ မကောင်းပြုမှုများကို ဆန့်ကျင်ဘက် မပြုဘဲ သည်းခံနေခြင်းသည် အဓိဝါသနခန္တီ မည်၏။ အဓိ-မိမိအပေါ်၌၊ ဝါသန-တည်နေစေမှု၊ သူတစ်ပါး၏ ဆဲရေးရိုက်နှက် ပုတ်ခတ်မှုစသည်ကြောင့် ပြန်လှန်ဆဲရေးရိုက်နှက်မှုစသည်ကို ပြုလျှင် ထိုသူတစ်ပါး၏ ဆဲရေးရိုက်နှက် ပုတ်ခတ်မှုစသည်ကို မိမိအပေါ်၌ တည်နေစေသည် မမည်။ လက်မခံ ပယ်လှန်သည်မည်၏။ ပြန်လှန်ဆဲရေး ရိုက်နှက်ပုတ်ခတ်မှုစသည် မပြုဘဲသည်းခံနေလျှင် ထိုသူတစ်ပါး၏ ဆဲရေးပုတ်ခတ်မှုစသည်ကို မိမိအပေါ်၌ တည်နေစေသည်၊ ထားသည်မည်၏။ ပြန်လှန်ပြောဆို ပြုလုပ်ခြင်း မရှိဘဲ သူတစ်ပါး ပြောသမျှ ပြုသမျှကို မိမိအပေါ်၌ တည်နေစေမှု ငုံ့ခံမှုပင်တည်း။ ထို့ကြောင့် အဓိဝါသနခန္တီဟူသည် သည်းခံခြင်းပင်တည်း။

ခန္တီတရားသည် သတ္တဝါ သင်္ခါရတို့၏ အပြစ်ကို သည်းခံခြင်းလက္ခဏာရှိပြီး၊ ပရမတ္ထတရားကိုယ်မှာ သတ္တဝါ သင်္ခါရတို့၏ အပြစ်နှင့် တွေ့ကြုံရင်ဆိုင်ရသည့်အခါ၊ အများအားဖြင့် သူတစ်ပါးတို့က အမျက်ဒေါသ ထွက်စရာပြောဆို ပြုလုပ်လာသည့်အခါ သည်းခံသည့် အခြင်းအရာအားဖြင့် ဖြစ်သော အဒေါသပြဋ္ဌာန်းသော ကုသိုလ်စိတ် စေတသိက်စုပင်ဖြစ်၏။

ဤခန္တီတရားနှင့်ပြည့်စုံသူ၊ ခန္တီတရားလက်ကိုင်ထားသူသည် ကောင်းသည့်အာရုံနှင့်တွေ့ကြုံသော်လည်း ဝမ်းမသာလွန်း၊ မကောင်းသည့်အာရုံနှင့်တွေ့ကြုံသော်လည်း ဝမ်းမနည်းလွန်း ၊ ဆဲရေးသူအပေါ်၌လည်း မကြားချင်ယောင်ဆောင်၍ သည်းခံတတ်၏။ ရိုက်နှက်ပုတ်ခတ် ညှင်းဆဲသူအပေါ်၌လည်း မမြင်ချင်ယောင် ဆောင်၍ သည်းခံတတ်၏။

မိမိထက် မြင့်မြတ်သူ၊ မိမိနှင့်တန်းတူသူ၊ မိမိအောက်ယုတ်ညံ့သူ အားလုံးတို့ မကောင်းပြောဆိုပြုလုပ်မှု မှန်သမျှကို သည်းခံရမည်။ ထိုသို့ သည်းခံရာတွင် မိမိထက်မြင့်မြတ်သူ၏ မကောင်းပြောဆိုပြုလုပ်မှုကို မြင့်မြတ်သူ ဖြစ်နေသည့်အတွက် ကြောက်ရွံ.သောကြောင့်သည်းခံနိုင်မူ သည်းခံနိုင်လေရာ၏။ မိမိနှင့် တန်းတူဖြစ်သူ၏ မကောင်းပြောဆို ပြုလုပ်မှုကို အကယ်၍ သည်းမခံလေက မိမိထက်သာလွန်အောင် ကြံစည်အားထုတ် ပြုလုပ်မည်ကိုမြင်၍ သည်းခံသော် သည်းခံနိုင်လေရာ၏။ ထိုသည်းခံမှု နှစ်မျိုးကား အမြတ်ဆုံးသော သည်းခံမှုမျိုးမဟုတ်ချေ။ မိမိအောက်ယုတ်နိမ့်သူ၏ မကောင်းပြောဆိုပြုလုပ်မှုကို သည်းခံခြင်းကား သည်းခံနိုင်ဖွယ်ရာ အကြောင်းထူးမရှိပါဘဲလျက် သည်းခံနိုင်ခြင်းဖြစ်သောကြောင့် မိမိအောက်ယုတ်ညံ့နိမ့်ကျ အားနည်းသူကို သည်းခံသည့် ဤသည်းခံခြင်းမျိုးသည်သာ အမြတ်ဆုံး အခက်ခဲဆုံး သည်းခံခြင်းဖြစ်၏။ ဤသည်မှာ သိကြားမင်းက မေးမြန်းသဖြင့် အလောင်းတော် သရဘင်္ဂရသေ့က ပြောကြားသည့် အမြတ်ဆုံး အခက်ခဲဆုံးသော သည်းခံမှုဖြစ်၏။

သည်းခမံခြင်းကြောင့် ရရှိအပ်သော အပြစ်ငါးမျိုးကို အင်္ဂုတ္တရနိကာယ် ပထမအက္ခန္တိသုတ်၌ ဤကဲ့သို့ညွန်ပြတော်မူခဲ့၏။

(၁) လူအများမချစ်ခင်(လူအများ မုန်း၏)

(၂) ရန်များ၏

(၃) အပြစ်များ၏(ကဲ့ရဲ့စရာ ကိုယ်မှု နှုတ်မှုများ၏)

(၄) တွေတွေဝေဝေ သေရ၏

(၅)သေသောအခါ ငရဲသို့ ရောက်ရ၏။

သည်းခံခြင်းကြောင့် ရရှိအပ်သော အကျိုးငါးမျိုးကိုလည်း ဤသုတ်၌ပင် ညွန်ပြထားတော်မူ၏။

(၁) လူအများချစ်ခင်၏ (လူအများ မမုန်း)

(၂) ရန်မများ (ရန်နည်း၏)

(၃) အပြစ်များ(ကဲ့ရဲ့စရာ ကိုယ်မှု ၊ နှုတ်မှုနည်း၏)

(၄) မတွေမဝေ သေရ၏၊

(၅) သေသောအခါ နတ်ပြည်သို့ရောက်ရ၏။

ဆရာတော်ဦးသုခမိန္ဒသည် ဤသို့စာပေ၌ လာရှိသော အသိတရားတို့ကို လက်တွေ့ကျကျ ကျင့်ကြံအားထုတ်သူဖြစ်၏။ ခန္တီတရားနှင့် ပြည့်စုံသူဖြစ်၏။ သည်းခံခြင်းဖြင့် အနိုင်ယူသူဖြစ်၏။ ခန္တီတရားဖြင် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်သူဖြစ်၏။

ဆရာတော်ဦးသုခမိန္ဒသည် တရာဟောပြောရာတွင် မြတ်ဗုဒ္ဓ၏ တရားဟောစဉ်နည်းကို အစဉ်မှီ၍ ဟောကြားလေ့ရှိ၏။ မြတ်ဗုဒ္ဓ၏တရားဟောစဉ်နည်းကား တစ်နေရာတည်း၌ တစ်ထိုင်းတည်းဖြင့် မဂ်ဥာဏ် ဟုဆိုအပ်သော ဓမ္မစက္ခုအလင်းကို ရရှိအောင်ဟောပြသော အနုပုဗ္ဗိကထာအခန်း၌ ဤသို့ညွန်ပြထားတော်မူ၏

(၁) ဒါနကထာ- အလှူဒါနနှင့်စပ်သောတရားစကား

(၂) သီလကထာ- စောင့်ထိန်းမှု သီလနှင့်စပ်သော တရားစကား၊

(၃) သဂ္ဂကထာ- နတ်ပြည်နှင့်စပ်သော တရားစကား၊

(၄) ကာမာနံ အာဒီနဝကထာ- ကာမဂုဏ်တို.၏ အပြစ်နှင်.စပ်သော တရားစကား၊

(၅) နေက္ခဓမ္မ အာနိသံသကထာ- ကာမဂုဏ်တို့မှ ထွတ်မြောက်ရာ နိဗ္ဗာန်အကျိုးနှင့်စပ်သော တရားစကား၊

(၆) မဂ္ဂကထာ- အရိယမဂ်နှင့်စပ်သော တရားစကား-တို့ဖြစ်၏။

တရားနာပရိသတ်တို့သည် ဆရာတော်၏ မြတ်ဗုဒ္ဓ ဟောစဉ်နည်းအတိုင်း ဟောကြားတော်မူသော တရားတော်ကို နာကြားရခြင်းကြောင့် ရွှင်းလန်းအားတက်မှု ကျေနပ်အားရမှု ဖြစ်ကြရ၏။ ကုသိုလ်တရားတို့ကို ချက်ချင်းလက်ငင်း ပြုလုပ်ရန် တရားကျင့်သုံး အားထုတ်ရန် လုံ့လဝီရိယ သဒ္ဓါတရားတို့ဖြစ်ပွားလာကြရ၏။

ဆရာတော်သည် သာသနာပြုလုပ်ငန်းကို အောင်အောင်မြင်မြင် သယ်ပိုးထမ်းရွက်နိုင်သူဖြစ်၏။  ထို့ကြောင့် ကြည်ညိုသူ ဒါယကာ ဒါယိကာမအပေါင်းတို့က ဆရာတော်၏ နှစ်ငါးဆယ်ပြည့် ရွှေရတုမွေးနေ့ အထိမ်းအမှတ် ရွှင်လန်းဝမ်းမြောက်စွာ ချီးကျူးပူဇော်ကြသကဲ့သို့ စာရေးသူသည်လည်း ဆရာတော်၏ ရွှေရတုမှသည် ရတုပေါင်းများစွာတိုင်အောင် ကျန်းမာချမ်းသာစွာဖြင့် သာသနာပြုနိုင်ပါစေကြောင်း ဆုတောင်းပူဇော်လိုက်ပါသည်ဘုရား။

အရှင်ဇာနေယျ (ကျောက်မဲ)

သာသနာ့တက္ကသိုလ်၊ ရန်ကုန်။

About laisaitai