စွမ်းအားကိုယ်စီ ရှိကြသည်

Malikha River on Boat

ဟေမန္တရာသီ၏ တစ်ခုသော ညနေခင်းအချိန် သာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ကချင်အဆောင်မှုးဆရာတော် အရှင်ဇာနေယျသည် စာမူတောင်းခံလွှာ စာအိတ်တစ်အိတ်နှင့် စာရေးသူထံရောက်ရှိလာ၏ ရောက်မဆိုက်ပင် သူက ဦးနရိန်ဘုရား အရှင်ဘုရားရဲ့မိတ်ဆွေရင်းကြီး အရှင်သုခမိန္ဒ(တန့်ယန်း) သူ့နယ်မြေ သူ့ဒေသ လွိုင်တိန်ခမ်းမှာ သာသနာပြုနေတာ အတော်အောင်မြင်နေတယ်ဘုရား အရှင်ဘုရားလည်းကြားသိပြီးသား ဖြစ်မှာပါ အခုသူရဲ့သက်တော် (၅၀)ပြည့်မှာ ရွှေရတုဝိဇာတအထိမ်းအမှတ်မွေးနေ့ပွဲကျင်းပမှာမို့ အဲ့ဒီပွဲအမီ သူရဲ့သာသနာပြုမှတ်တမ်းစာစောင်ထုတ်မှာ အရှင်ဘုရားအနေနဲ့သူ့အပေါ် ထင်မြင်ချက်ဆောင်းပါး တစ်ပုဒ် ရေးသားချီးမြှင့်ပေးစေလိုပါတယ်ဘုရား ဟုဝမ်းသာအားရစာမူတောင်းခံလာသည်။

အရှင်ဇာနေယျထံမှ ဤကဲ့သို့ဝမ်းသာစကား ကြားလိုက်ရသောအခါ မွေးနေ့ရှင် အရှင်သုခမိန္ဒ စာရေးသူတို့နှင့် သာသနာ့တက္ကသိုလ်၌ ပညာသင်စဉ်ကာလသူ၏ ပြောဆိုဆက်ဆံမှု သိမ်မွေ့မှုများ အနေအထိုင်ရိုးသား၍ စာပေကြိုးစားခဲ့ပုံများ တိုင်းရင်းသားရဟန်းတော်တစ်ပါးဖြစ်လင့်ကစား အများနှင့် နေထိုင်ရာတွင် ဂါရဝ နိဝါတ ခန္တီတရားထားတတ်ပုံများ အမျိုးဘာသာ သာသနာအတွက် အလေးပေးဆောင်ရွက်သွားခဲ့ပုံများ မဟာဓမ္မာစရိယ  M.A ဘွဲ့ရပြီးနောက် မိမိဇာတိဒေသသို့ ပြန်လည်သာသနာပြုနေသော်လည်း နှစ်စဉ်လိုလို တက္ကသိုလ်သံဃာတော်များအတွက် သင်္ကန်းစသော လှူဖွယ်ဝတ္ထုများ အဝေးမှနေ၍ အမှတ်တရပေးပို့လှူဒါန်းခဲ့ပုံများကို ပြန်လည်သတိရ မြင်ယောင်ပါတော့သည် ထိုမျှ မကသေး ဤအသက်အရွယ်နှင့် အမိမြေသာသနာတိုးတက် စီပင်ပြန့်ပွားအောင် အာမိသဓမ္မ နှစ်ဌာနဖြင့် ဆောင်ရွက်နိုင်စွမ်းသည့် သူ၏သာသနာပြုစိတ်ထားကိုပါ ချီးကျူးဂုဏ်ပြုနေမိတော့သည် ၊ ချီးကျူးအားကျ ခြင်းနှင့်အတူ စာရေးသူငယ်စဉ်က အလွတ်ကျက်မှတ်ခဲ့ဖူးသော မည်သူမဆို သူ့အရွယ် သူ့ဒေသဌာနအလျှောက် စွမ်းအားကိုယ်စီ(အလှကိုယ်စီ)ရှိနေကြပုံကို ဖော်ကြူးထားသည့် အလှကိုယ်စီ အမည်ရှိ ကဗျာတစ်ပုဒ်ကို ပြန်လည်အမှတ်ရလာပါတော့သည် ယင်းကဗျာအပြည့်အစုံမှာ-

အလှကိုယ်စီ(ကဗျာ)

-ဖိုးလမင်းလည်း သူ့အဆင်းနှင့်အလင်းနှင့်၊

-မီးတိုင်ငယ်လည်း သူ့အရွယ်နှင့်အစွယ်နှင့်၊

-စံပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်၊

-ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်၊

-မြစ်ပင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်၊

-စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်၊

-မည်သည့်အရာ မဆိုသာတည့် ၊ သူ့မှာ ကိုယ်မှာ အလှသာတည့်၊

-သဘာဝလျှင် အလှကိုယ်စီ စွမ်းရည်ကိုယ်ငှ လက်ဆောင်ငှ၏၊

-အလှဝန်တို မငြင်ငြိုနှင့် ဝန်တိုမှုသာ မလှရာတည့်၊

-သူ့ဂုဏ် သူ့သိမ်၊ သူ့အရှိန်နှင့် အချိန်အခါ နေရာဒေသ ဌာနအလျှောက် ရေးရာရောက်သည် စွမ်းလောက်နိုင်သူရှိပါတကား….။

(၁၃၆၃-ခုနှစ်ထုတ် လှေတစ်စင်းနှင့် သီချင်းသည်စာအုပ် အဖွင့်ကဗျာ)

ဤကဗျာကို ဖတ်ရသူတိုင်းကဗျာ၏ အသံသာမှု၊ အဓိပ္ပါယ်လုံလောက်ပြည့်စုံမှု၊ အလင်္ကကာဂုဏ်မြှောက်မှုတို့ကြောင့် လွယ်ကူစွာပင် နှုတ်တိုက်ရွတ်ဆိုချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည် အများနားလည်အောင် ကဗျာ၏ အဓိပ္ပါယ်ကို အနည်းငယ်ဖွင့်ဆိုပြရသော် -

ကမ္ဘာလောကရှိ သက်ရှိသက်မဲ့ အရာဝတ္ထုမှန်သမျှကို အလှတရားဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်ဟု ဆိုလျှင် လွန်အံ့မထင် ရောင်ခြည်တစ်ထောင်အလင်းဆောင်နိုင်သည့် ရှင်နေမင်း၏ လောကဓာတ်တစ်ခွင်းလုံးကို မိမိအနွေးဓာတ်ဖြင့် ဖြန့်ကျက်ပေးနေမှုသည် သူ၏အလှဆုံးအချိန်ဖြစ်သကဲ့သို့ အေးမြ သာယာ လစန္ဒာ၏ မှောင်မိုက်သည့်ညခင်းကို လင်းလက်ဝေဖြာ အအေးဓာတ်ကို ပေးနေခြင်းသည်လည်း သူ့ရဲ့အလှဆုံး အချိန်ဟု ဆိုရပေမည်။

ထိုပြင် မြစ်ချောင်း အင်းအိုင်တို့ မိမိသဘာဝအလျှောက် တသွင်သွင် စီးဆင်းသွားနေခြင်း ရဂုံသာမော ဥယျာဉ်တောမှ မွှေးပျံ့သင်းထုံ ပန်းပေါင်းစုံတို့၏ မိမိပင်ကိုယ် စွမ်းအားအလျှောက် ရောင်စုံယှက်ဖြာ စီရရီ ဖူးပွင့်နေခြင်းသည်လည်း ၄င်းတို့၏ အလှပဆုံးအချိန်များပင် အမှန်တကယ်ဆိုရသော် လောကတစ်ခွင်လုံး သက်ရှိ သက်မဲ့အရာဝတ္ထုမှန်သမျှ မိမိတို.၏ ကိုယ်ပိုင်စွမ်းအားဖြင့် အလှကိုယ်စီ ပေးဝေနေကြတော့သည်သာ ဖြစ်ပါတော့သည်။

ကဗျာ၏ လိုရင်းအချူပ်ကို တင်ပြရသော် လောက၌ သက်ရှိ သက်မဲ့ အရာဝတ္ထုတိုင်းအလှကိုယ်စီ (စွမ်းအားကိုယ်စီ) ရှိနေကြပုံ ထိုအလှဖန်တီးနိုင်မှု စွမ်းအားကို မိမိ၏ စွမ်းအားအလိုက် အသီးသီးအသုံးချ၍ လောကကို အလှဆင်ပေးနေကြပုံများကို နှိုင်းယှဉ်တင်ပြထားသည်ကို တွေ့ရှိရပေမည် ကဗျာဆရာသည် မိမိတင်ပြလိုသော အချက်အလက်များကို ပေါ်လွင်ထင်ရှားစေရန် ကဗျာအစမှာပင် လောကရှိအလှကိုယ်စီ (စွမ်းအားကိုယ်စီ) ရှိနေကြသော အရာဝတ္ထုများ အနက်မှ ဖိုးလမင်းနှင့် မီးတိုင်ငယ် စံပယ်ပန်းနှင့် ပိတောက်ဝါ မြစ်ပြင်နက်နှင့် စမ်းချောင်းငယ် အလင်းဆောင်နိုင်သည့်အရာဝတ္ထုနှစ်မျိုး အဆင်းလှပ ရနံ့သင်းဖြာသည့် ပန်းနှစ်မျိုး ရေစီးကောင်း၍ အကြောင်းအကျိုးနှင့်  ရေလွှာနှစ်မျိုးတို့ကို (စွမ်းအားမညီသော်ငြားလည်း) စွမ်းရည်အလျှောက် စွမ်းရည်မြှောက်ကြပုံကို နှိုင်းယှဉ်တင်ပြထားသည်ကို တွေ့ရပေမည်။

ထို.ပြင် အခြားသော သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးလည်း အလှကိုယ်စီ(စွမ်းအားကိုယ်စီ) ဂုဏ်ရည်ကိုယ်စီ အသီးသီး ရှိနေကြကြောင်း ထိုအလှစွမ်းအားဂုဏ်များကိုလည်း တကူးတက လုပ်ဆောင်နေဖို့ မလိုဘဲ သဘောတရားက လက်ဆောင်အဖြစ် ပေးဝေငှထားသကဲ့သို့ တည်ရှိနေကြကြောင်းကိုပါ တင်ပြထားပါသည်၊ ထိုမျှ မကသေး မိမိတွင် တည်ရှိနေရာသော အလှတရားကို အမည်ပြုပြီး မာန်တက်မနေကြဖို့ကိုပါ တစ်ဖက်လှည်.တင်ပြထားသည်ကို တွေ့ရှိနိုင်ပါသည် အထူးသဖြင့် ကဗျာတွင် ထင်ဟပ်ပါရှိနေသော ကဗျာရှင်၏ စေတနာ ရည်ရွယ်ချက်မှာ လောက၌ အလှစစ်နှင့် အလှတုကို ကတ္တားခြားပြ သိစေလိုခြင်း လူသားအချင်းချင်း တစ်ဦးအပေါ် တစ်ဦးအပြစ်မမြင်ချစ်ခင်ကြစေလိုခြင်း မနာလို ဝန်တိုမှုဣဿာ မစ္ဆရိယ တရားများ ကင်းစေလိုခြင်းတို့ပင် သို့မို့ကြောင့်လည်းကဗျာ နိဂုံးပိုင်း၌ အလှဝန်တို မငြင်ငြိုနှင်ဣဿာ ဝန်တိုမှုသာ မလှရာတည့် ဟု ဆက်လက်ညွန်ပြထားခြင်းဖြစ်သည် ထို့ပြင်တစ်ဖန် လောကလူသားတိုင်း စစ်မှန်သည့် အလှပိုင်ရှင်များ အဖြစ် အပြစ်ကင်းစင်စွာ မြင်တွေ့လိုခြင်းဖြစ်သည်။

မှန်ပေသည် လူသားတစ်ဦး၏ အလှတရားကို ရုပ်အလှ နှင်. စိတ်အလှဟု နှစ်မျိုးနှစ်စား ခွဲခြားထားနိုင်သည် ထိုနှစ်ရပ်အနက် ရုပ်အလှမှာ အပြင်ပန်းကြည့်လျှင် နှစ်သက်ကြည်နူးဖွယ်ရှိ၍ အလှစစ်ဟု ထင်ရသော်လည်း အလှစစ်ဟု မဆိုနိုင်ပေ  စင်စစ် ထိုသူ့သန္တာန်၌ စိတ်နှလုံး မွန်မြတ် သန့်စင်ဖြူစင်မှု ရှိခြင်းကိုသာ အလှစစ်ဟု ခေါ်ရပေမည်။ အလှကို ဖန်တီးသူသည် မိမိကိုယ်တိုင် အလှတရားကို မွေးမြူနိုင်ရမည် ရှိရင်းစွဲ အလှတရားများကို ဖော်ထုတ်ပေးနိုင်စွမ်းသော ရဲစွမ်းသတ္တိရှိရမည် ထိုကဲ့သို့ အလှတရားကို သိနိုင် မြင်နိုင်ပါမှ အလှဖန်တီးသူ စွမ်းအားရှင် အဖြစ် စွမ်းအားအစစ် ပိုင်ရှင်ဖြစ်ပေမည် ။ ပေါင်းစု စွမ်းအားဖြင့် တည်ရှိနေသော အလှတရားများအနက် ပရိယတ်သာသနာရေး လောကကို ကြည့်ပါလျှင် စာချ(ဆရာ)စာသင် ဒကာ ဒကာမ (ထောက်ပံသူ)သုံးပွင့်ဆိုင်အလှကို မြင်တွေ့ရပါမည်။ ပရိယတ်၊ ပဋိပတ် သာသနာတော်နှစ်ရပ် နေလအသွင် ထွန်းပရေးအတွက် မိမိကိုယ်ပိုင် စွမ်းအားအပြည့်အဝ သုံးချကာ လောကကို အလှစင်ပေးလျက်ရှိသော သာသနာ့ဥယျာဉ်မှုးထဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့ဇာတိ လွိုင်တိန်ခမ်းဘုရားကျောင်း ဆရာတော် အရှင်သုခမိန္ဒလည်း တစ်ပါးအပါအဝင်ဖြစ်သည် အရှင်မြတ်၏ သက်တော်ရွယ်နှင့် မမျှအောင် အမျိုးဘာသာ သာသနာတော်အတွက် သာသနာပြုဆောင်ရွက်မှုများကား ဇာတိမြေရှိ မိဘဆွေမျိုးများ သာသနာတော်ကို ပစ္စည်းလေးပါး ထောက်ပံ.လှူဒါန်းနေကြသော ဒကာ ဒကာမများ ရဟန်းဒကာ ဒကာများ ဒေသခံတိုင်းရင်းသားများ အားလုံးအတွက် အားကျဂုဏ်ယူဖွယ်ကောင်းလှသည် အားကိုးအားထားပြုစရာလည်း ဖြစ်သည် ယခုသက်တော်(၅၀)အတွင်းအရှင်မြတ်၏ သာသနာပြုလုပ်ဆောင်ချက်များမှာ လွန်စွာအောင်မြင်တိုးတက် ခဲ့သည်ဟု ဆိုလျှင် မှားမည်မထင် ယင်းသို့ သာသနာပြုနိုင်အောင်လည်း ငယ်ရွယ်စဉ်ကာလ ရဟန်းဘဝကပင် မွေးဖွားရာဇာတိ ဌာနဖြစ်သော တန့်ယန်းမြို့ ဓမ္မဂုဏ်ရည်ကျောင်းဆရာတော် ထံတွင် အခြေခံ ပရိယတ်စာပေများ ညောင်ရွှေမြို့ သာသနာ့ဝိပုလ ရွှေဂူစာသင်တိုက်ဆရာတော်နှင့် စာချဆရာတော်များထံတွင် ငယ်လတ်ကြီး ဓမ္မာစရိယ စာချတန်းဆိုင်ရာ အထက်တန်း ပိဋကတ်စာပေများ လောကီ ပညာ အနေအားဖြင့် ဒေသကောလိပ် (ဒုတိယနှစ်)အထိစွမ်းအား ပြည့် သင်ယူခဲ့သည် ထိုမှတစ်ဆင့် တက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)သို့ တက်ရောက်ခွင့်ရကာ (၆-)နှစ်တိုင်တိုင် ပညာသင်ကြားခဲ့ပြီး သာသနာ.တက္ကသီလဓမ္မာစရိယ B.A သာသနာ့ တက္ကသီလမဟာဓမ္မာစရိယ M.A ဘွဲ့တို့ကို ပိုင်ဆိုင်ရရှိအောင် တစ်ဖက်ကမ်းခပ် သင်ယူခဲ့သည် မဟာဓမ္မာစရိယဘွဲ့ ယူရန် ဘွဲ့ယူကျမ်းစာ တင်တွင်းသောအခါတွင်လည်း မိမိဇာတိဒေသကို မြန်မာ့အလယ် ကမ္ဘာအလယ်ဂုဏ်ယူဝင့်ကြွား သမိုင်းတွင်ရစ်စေလိုသည့် ရည်ရွယ်ချက် ဇာတိမြေကို ကျေးဇူးဆပ်လိုသည့် ရည်ရွယ်ချက်ဖြင့် ရှမ်းတိုင်းရင်းများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ အကြောင်းကို ရေးသားတင်သွင်းခဲ့ပါသည် ။

ဤနေရာ၌ မဟာဘွဲ.ယူကျမ်းစာကို ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေမည်ပြုသောအခါ စာရေးသူထံ ကျမ်းစာပုံနှိပ်ခွင့် ရရန်အကူအညီတောင်းခံလာသည်ကို ပြန်လည်အမှတ်ရလာပါသည် ထိုစဉ်က အရှင်မြတ်သည် တန့်ယန်းမြို.မှ စာရေးသူထံ တကူးတက လာရောက်၍ ကျမ်းစာ ထုတ်ဝေခွင့်အတွက် ကျမ်းစာ စိစစ်ရေး ဥက္ကဋ္ဌဖြစ်တော်မူသည့် ဒုတိယပါမောက္ခချုပ်(စီမံ) ဆရာတော်ဘဒ္ဒကုမာရ မဟာထေရ်ထံ အခွင့်တောင်းခဲ့ပါသည်။

ဒု-ပါမောက္ခချုပ်ဆရာတော်ကလည်း ကျမ်းစာရိုက်နှိပ်ရာတွင် လိုအပ်သည့် အချက်အလက်များ စာအုပ်ရိုက်နှိပ် ရာတွင် ဖြည့်သွင်းရမည့် အချက်အလက်များကို စိတ်ရှည်လက်ရှည်ရင်းပြတော်မူသည် ထို့ပြင် ဆရာတော် ကိုယ်တိုင်က ရှမ်းတိုင်းရင်းသားများအတွက် သိသင့်သိထိုက်သော အချက်အလက်များ ပါဝင်သည့် ပြည့်စုံလုံလောက်သော ထုတ်ဝေသင့်ထုတ်ဝေထိုက်သော စံပြကျမ်းတစ်ကျမ်းဖြစ်ကြောင်း မှတ်ချက်ပြု ချီးကျူးခဲ့သည်ကို စာရေးသူယခုထက် အမှတ်ရနေဆဲဖြစ်ပါသည်။

ထို့နောက် ရှမ်းတိုင်းရင်းသား အရှင်မြတ်တစ်ပါးဖြစ်သည့် အရှင်နေမိန္ဒ(မိုးနဲ) ကသူရေးသားပြုစုမည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဗုဒ္ဓသာသနာကျမ်းကို ရေးသားခွင့်တောင်းသောအခါတွင်လည်း

ဒု-ပါမောက္ခချုပ်(စီမံ) ဆရာတော်က ဒီကျမ်းမျိုး ရေးသင့်ရေးထိုက်တာကြာပြီ မင်းတို့က ကိုယ့်မြေ ကိုယ့်ဒေသ ကိုယ့်တိုင်းရင်းသားတွေအကြောင်း ဘာသာ သာသနာတိုးတက် ဆုတ်ယုတ်ပုံ အကြောင်း တွေကို သုတေသနပြု ကွင်းဆင်းပြီးလေ့လာရေးသားပါ ဒါမှ တက္ကသိုလ်တွင်ဂုဏ်ရှိမှာ ပြီးရင် ပုံနှိပ်စာအုပ်ထုတ်ပါ စာအုပ်ထုတ်တဲ.အခါမှာလည်း အရှင်သုခမိန္ဒ(တန့်ယန်း)ရဲ့ကျမ်းလိုပါသင့်တဲ့ အချက် အလက်တွေ ပြည့်ပြည့်စုံစုံ ပါဝင်အောင် နမူနာ အဖြစ်ယူပြီး ပုံနှိပ်ပါဟု အကြံပြုခဲ့ပြန်ပါသည် ။

ဤမျှအထိ အရှင်သုခမိန္ဒ၏ ကျမ်းသည် ရှမ်းတိုင်းရင်းသားများအတွက် အတုယူဖွယ် မှတ်သားဖွယ်ကောင်းသည့် စံပြကျမ်းတစ်ကျမ်းအဖြစ် သမိုင်းတွင်ရစ်ခဲ့ပါသည်၊ သာသနာ့တက္ကသိုလ်ကြီးများ အတွက်လည်း ဂုဏ်ယူဖွယ်ရာ ကျမ်းတစ်ကျမ်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည် ။ ဇာတိဌာနေ ရန်အောင်မြေနှင့် သွန်းရေခံရာ ရပ်သုံဌာကို၊ လူတို့သနှင်း၊ မင်းတို့တံထွာ၊ မမေ့ရာဘူး။ ဆိုစကားအတိုင်း ဤကျမ်းစာပုံနှိပ်စဉ်က မိမိ၏ အမြင့်ဆုံးပညာ အောင်မြင်မြေဖြစ်သည့် သာသနာ့တက္ကသိုလ်ကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ပုံနှိပ်စာအုပ် မျက်နှာဖုံးမှာပင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) သာသနာ့တက္ကသီလ မဟာဓမ္မာစရိယ M.A(Buddhism)ဘွဲ့ယူကျမ်းစာဟု ထင်ထင်ရှားရှား ထည့်သွင်းဂုဏ်ပြုထားသည်ကို စာရေးသူ သတိပြုမိသည် အရှင်မြတ်သည် မိမိ၏ ပညာအောင်မြေဖြစ်သည့် သာသနာ့တက္ကသိုလ်ကြီးကို အဝေးမှနေ၍ ရိုးသားပွင့်လင်းစွာ ဂုဏ်ပြုကျေးဇူး ဆပ်လိုက်သည့်သဘောပင်။

တက္ကသိုလ်မှု မဟာဘွဲ့ရရှိပြီးနောက် မိခင်တက္ကသိုလ်ကြီးကို မခွဲခွာလိုသော်လည်း တစ်ရွာမပြောင်း သူကောင်း မဖြစ်၊ ဆိုသည့်စကားကို နှလုံးမူလျက် သီရိလင်္ကနိုင်ငံသို့ ကြွရောက်ကာ သီရိလင်္ကနိုင်ငံမှ M.Aဘွဲ.ကို (၂-)နှစ် အတွင်းရယူခဲ့ပြန်ပါသည်။ အရှင်မြတ်၏ ပညာရေး၌ အလေးပေး ဆောင်ရွတ်တော်မူတတ်သော ဇွဲလုံ့လကား ချီးကျူးဖွယ်ရာကောင်းလှပါသည် ။

ဤကဲ့သို့ B.A ,M.A နှစ်ထပ်ကွင်းဘွဲ့များကို ပိုင်ဆိုင်ပြီးနောက် မိမိမွေးရပ် ဇာတိမြေကို ကျေးဇူးဆပ်သည့် အနေဖြင့် တတ်ကျွမ်းထားသော လောကီ လောကုတ္တရာပညာစွမ်းအားများကို အသုံးချကာ မိမိမြို့နယ်ဒေသ ကျေးရွာအသီးသီးသို့ ကြွရောက်၍ ဘာသာရေး အသိမကြွယ်သေးသော ဒကာ ဒကာမများ မြို့နယ်တွင်းရှိ ဘာသာခြားများကို စည်းရုံးသိမ်းသွင်းကာ တရားဓမ္မလှည့်လည်ပြသသည်၊ ပရဟိတသာသနာပြု လုပ်ငန်းများ  ကိုဦးဆောင်၍ လုပ်ကိုင်ခဲ့သည်၊ တောင်တန်းဒေသများကို လှည့်လည်ကြွရောက်ပြီး ကမ္မဌာန်းနည်းပြ တရာဟော ၊ တရားပြလုပ်သည် ရှမ်းစာပေပြန်.ပွားရေးအတွက် ဦးဆောင်ကြိုးပမ်းသည် ပရိယတ် ပျိုးပင်ငယ်များ အနာဂတ်ကာလတွင် ငွါးငွါးစွင့်စွင့် ပေါ်ထွက်လာရေးအတွက် ရှမ်းပြည်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလ စာပြန်ပွဲ အကျိုးတော်ဆောင်အဖြစ် ယနေ့တိုင်ဆောင်ရွက်တော်မူသည်။ အရှင်မြတ်၏ ဤကဲ့သို့ တရားဟော၊ တရားပြ ပရဟိတ သာသနာအကျိုးကို ဆောင်ရွက်တော်မူခြင်းမှာ တရားဟော တရားပြ ဓမ္မကထိက ဟူသောနာမည်ကို ခံယူလို၍မဟုတ် မိမိအမျိုးဘာသာ သာသနာတော်ကြီး မြန်မာ.အလယ်မှာ  သာမက ကမ္ဘာ.အလယ်မှာပါ ဝင့်ဝင့်ထည်ထည်ဖြစ်ကာ ကမ္ဘာနှင့် ရင်ဘောင်တန်းစေလိုသည့် ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင်. လုပ်ဆောင်နေခြင်းပင်။

သတ္တိဗလ စွမ်းထာမကို၊ မပြမသိ၊ ပြမှသိ၏။ ဆိုစကားကို လက်ကိုင်ပြု၍ မိမိကိုယ်ပိုင် စွမ်းအားကို အပြည့်အဝ အသုံးချကာ လောကကို အလှဆင်နေခြင်းလည်းဖြစ်သည်။

ဤကဲ့သို့ အလှဆင်ပေးနေခြင်းကို မြို့နယ်အတွင်းရှိ နယ်မြေခံဆရာတော် သံဃာတော်အရှင်မြတ်များ ဒကာ ဒကာမအပေါင်းတို.က ဝမ်းမြောက်ဝမ်းသာ လက်ကမ်းကြိုဆိုကြရမည့် အနာဂတ်ပရိယတ် ပဋိပတ်သာသနာနော် ပြန့်ပွားရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပမာ ပါဝင်ဆောင်ရွက်နေသော အရှင်ပါတကားဟု အားပေးဂုဏ်ပြုကြရပေမည်။ဤကဲ့သို့ လက်ကမ်းကြိုဆို အားပေးချီးမြှောက်ကြမည်ဆိုပါလျှင် အရှင်သုခမိန္ဒ၏ သာသနာပြု ကြိုးပမ်းချက်များ ဆင့်ကာဆင့်ကာ အောင်ပွဲခံနေဦးမည်သာ ဖြစ်ပါသည်။

အရှင်သုခမိန္ဒ၏ ဤကဲ့သို့ ကျရာနေရာမှာ ကျရာတာဝန်ကို(သာသနာပြု စိတ်ဓာတ်အပြည့်ဖြင့်)ကျေပွန်စွာ ထမ်းဆောင်နေမှုများကို ကြည့်ခြင်းအားဖြင့် လောက၌ မည်သူမဆို မိမိ၌ရှိသော စွမ်းအားကို အပြည့်အဝ အသုံးချတတ်သူများအဖို့ လောကနှင့်သာသနာတော် အတွက် တကယ်စွမ်းအားရှင်(အလှဖန်တီးရှင်)များ ဖြစ်လာနိုင်ကြောင်းသင်ခန်းစာ တစ်ရပ်အဖြစ် တွေ့နိုင်ပေသည်။

ထို့ကြောင့် မိသည်.ပုဂ္ဂိုလ်မဆို အလှကိုယ်စီကဗျာ၌ ဖွဲ.ဆိုညွန်ပြထားသော သူ့ဂုဏ် သူ့သိမ် သူ့အရှိန် သူ့အချိန်အခါ နေရာဒေသ ဌာနအလျှောက် ရေးရာရောက်သည် စွမ်းလောက်နိုင်သူ ချည်းပါတကား။ ဆိုသည့်ကဗျာပုဒ် အတိုင်း မိမိ၌ တည်ရှိနေသည့်စွမ်းအားများကို အပြည့်အဝ အသုံးချလျက် မိမိပတ်ဝန်းကျင် တွင်တည်ရှိနေသော အလှတရားများကို မပျောက်မပျက်ရလေအောင် အရှင်သုခမိန္ဒ နည်းတူ ထိမ်းသိမ်းစောင့်ရှောက်တော်မူနိုင်ပါစေဟု ဆုမွန်ခြွေတ ဆန္ဒပြု တိုက်တွန်းလိုက်ရပေသည်။

(စွမ်းအားရှိသူတိုင်း မိမိကိုယ်ပိုင်စွမ်းအားဖြင့် လောကကို အလှဆင်နိုင်ကြပါစေ။)

ဆုမွန်ခြွေလျက်-

အရှင်နရိန္ဒ(ဇေယျာနရိန်၊ မြောင်းမြ၊

လက်ထောက် မော်ကွန်းထိမ်း သာသနာ့တက္ကသိုလ်၊ ရန်ကုန်။

 

Tags:

About laisaitai