ငွေသဇင်တော်ဝင် ပန်းဆင်မြန်းပူဇော်စို့
DSC03289မဟာသဒ္ဓမ္မဇောတိကဓဇ
တက္ကသိုလ်သျှင်သီရိ (ဓမ္မာစရိယ၊ B.A)
———————————————-
          ပုလဲရောင်ဖြူ ဆဒ္ဒန်ဖြူလည်း၊ မြိုင်ငူတောစွယ်၊ သန္ဓေတွယ်၍၊ လူဝယ်လူဆန်း၊ လူထိပ်ပန်းက၊ မြိုင်နန်းရှိရာ၊ တောမှ လာ၏။
ဤလောက လူသားတို့ လေးစားမြတ်နိုးတန်ဖိုးထားအပ်သော ဆဒ္ဒန်ဆင်ဖြူသည်တောအရပ်မှ ပေါ်ပေါက်၍ မင်း ဧကရာဇ်တို့၏ အသုံးအဆောင်ခံ မြင့်မြတ်သော အထူးပူဇော်ခံရသော ဆင်မင်းအဖြစ်သို့ ရောက်လာရသကဲ့သို့     ဤလောက ရှိ သက်ရှိသက်မဲ့ အရာအားလုံးသည် မည်သည့်ရောတွင်မှ ဖြစ်ပေါ် ဖြစ်ပေါ် သူ၏အရည်အသွေးနှင့်သူ ရှိကြစမြဲဖြစ်ပါသည်။
တောမှာပဲ ဖြစ်ပေါ် ဖြစ်ပေါ် တောင်မှာပဲ ဖြစ်ပေါ်ဖြစ်ပေါ် အရည်အသွေး အရည်အချင်း ရှိလာသောပုဂ္ဂိုလ်ဟူသမျှ တော်ဝင်နေရာသို့ရောက်ပြီး အသုံးဝင် ထင်ရှားကျော်ကြားကာ လူအများ၏ ချစ်ခင်မြတ်နိုး ပူဇော်မှုကိုခံရသည်မှာ ဓမ္မတာ ဖြစ်ပါသည်။
လောက သဘာဝ ပန်းတကာ ပန်းတို့တွင်တောတောင်ပေါ်၌ ပေါက်လေ့ ပွင့်လေ့ရှိသော သဇင်ဟူသောပန်းသည် သန့်ရှင်းဖြူစင်သော အရောင်အသွေးလည်း ရှိသည်။ တစ်ဆင့်ပြီးတစ်ဆင့် လှပသောအပွင့်များကလည်း အစီအရီနှင့် ပြည့်စုံ ညီညာလှသည်။ သင်းပျံ့သောမွှေးရနံ့ကလည်းမပြင်း၊ သင်းသင်းပျံ့ပျံ့ နူးညံ့လှသည်။ အပူဒဏ်အအေးဒဏ်ဟူသော ရာသီ ဥတုဒဏ်ကိုလည်း ကြံ့ကြံ့ခံနိုင်ပြီး တာရှည်အသုံးခံသော စံနှုန်းများနှင့်လည်း အကြွင်းမဲ့ ပြည့်စုံပါသည်။ ပင်ခြေမှာ မပွင့်၊ ပင် ထက်မြင့်မှာ ပွင့်ရိုးထုံးစံရှိသော ပန်းမျိုးဖြစ်သည်။
ထိုပန်းကို နိုင်ငံဥသျှောင်မင်းမြတ်တို့က အလေးထားပြီး နီးစွာသုံးဆောင် ဆင်မြန်းလျက် နန်းထိုက်သော တော်ဝင် ပန်း ဖြစ်၍ကျော်ကြားလှသလို ရှမ်းပြည်နယ်၊ တန့်ယန်းမြို့ကလေးမှာ ပေါ်ထွက်ခဲ့သော အရှင်သုခမိန္ဒသည် သာသနာ့တက္က သီလ မဟာဓမ္မာစရိယ၊ M.A (Buddhism) ဘွဲ့ကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မှ လည်းကောင်း၊ M.A ဘွဲ့ကို သီရိလင်္ကာနိုင်ငံ တက္ကသိုလ်မှလည်းကောင်း ရရှိခဲ့ပါသည်။
ဒုလ္လဘော ပုရိသော ဇညော၊
         န သော သဗ္ဗတ္ထ ဇာယတိ။
         ယတ္ထ သော ဇာယတိ ဓိရော၊
         တံ ကုလံ သုခမေဓတိ။
ယောက်ျားအာဇာနည်မျိုးသည် ဖြစ်ထွန်းပေါ်နိုင်ခဲ၏။  ထိုယောက်ျားအာဇာနည်မျိုးသည် ခပ်သိမ်းသော အရပ်ဒေသ၊ ခပ်သိမ်းသောအမျိုး၌ မဖြစ်ထွန်းနိုင်။ ပညာရှိသော ယောက်ျားအာဇာနည် ပေါ်ပေါက်လာသော အမျိုးသည် ချမ်းသာခြင်းသို့ ရောက်ရ၏ဟု ဓမ္မပဒတွင် ဘုရားရှင်ကိုယ်တော်တိုင်က အရှင်အာနန္ဒာအား ဟောကြားထားခဲ့ရာ ယခုတောင်တန်းသာသနာ ပြု၊ ကမ္မဋ္ဌာနာစရိယ၊ နယ်လှည့်ဓမ္မကထိက အရှင်သုခမိန္ဒ (မဟာဓမ္မာစရိယ၊ M.A) သည် ပြည်ထောင်စုဖွားပြည်နယ်သား ဗုဒ္ဓ ဘာသာဝင်များအတွက်၊ တပည့်သာဝက ဝေနေယျ အမျိုးအဆွေ သားချင်းတို့အတွက် လောကီ လောကုတ်အကျိုးစီးပွားချမ်း သာရန် ဆရာကောင်း၊ ဆရာမြတ်တစ်ဆူအဖြစ် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပါမည်။
န ခေါ ဟီနေန အဂ္ဂဿ ပတ္တိ ဟောတိ၊ အဂ္ဂေနေ၀ အဂ္ဂဿ ပတ္တိ ဟောတိ။
ညံ့ဖျင်းသော အောက်တန်းကျသော အပြု အမူဖြင့် မြင့်မြတ်သောပန်းတိုင်သို့ မရောက်နိုင်။ အထက်တန်းကျကျ စွဲမြဲ ပြင်းထန်သော စိတ်ဖြင့် ဆောင်ရွက်မှသာ ရောက်နိုင်ပါသည်ဟု လမ်းညွှန်ကြားချက်ရှိသည့်အတိုင်း ယခု အရှင်သုခမိန္ဒ သည် M. A ဘွဲ့ အသီးသီးရရန်၊ တောင်တန်းသာသနာပြု ဓမ္မကထိကဆရာတော်တစ်ပါး ဖြစ်ရန် သာမန်ဆန္ဒ စိတ္တ ၀ီရိယ ၀ီမံသ သက်သက်ဖြင့် လုပ်ဆောင်၍ မရနိုင်ပါ။ သမ္မပ္ပဓာန်ပြဋ္ဌာန်းသော ဆန္ဒ စိတ္တ ၀ီရိယ ၀ီမံသာဓိပတိ တို့ဖြင့် ကြိုးစား အားထုတ်ခဲ့ ၍သာ ဤသို့သောဘွဲ့ထူး၊ သာသနာပြု ဂုဏ်ထူးတို့ကို ဆွတ်ခူးပန်ဆင်နိုင်ခြင်း ဖြစ်ပါသည်။
ဘာယယေ ဇောတယေ ဓမ္မံ၊ ပဂ္ဂဏှေ ဣသီနံ ဓဇံ၊ ဓမ္မဒူတံ၊ ယင်းကိစ္စကား၊ သီလကျင့်ဝတ်၊ မချွတ်ရစေ၊ မြဲနေသမာ ဓိ၊ ပညာရှိတို့၊ အသိရှေ့ထား၊ ဟောညွှန်ကြားလော့၊ တရားရောင်ဝှမ်း၊ ပြောင်တင်ရွှမ်းသို့၊ ညှိထွန်းဆောင်ကြ၊ မြတ်ဗုဒ္ဓ၏ ဓမ္မ အောင်လံ၊ စွင့်စွင့်ပျံအောင်၊ တရံမလင့် လွှင့်ထူကြ။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသက်ဟောကြူး၊ နဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။
ဆိုသောဘုရားရှင်၏ သားတော်ကျင့်ဝတ်၊ ရဟန်မြတ်တို့၏ ကျင့်ဝတ်နှင့်အညီ ဆရာတော်အရှင်သုခမိန္ဒသည် ဤ တောင်တန်းဒေသတွင် သဒ္ဓါ ၀ီရိယ မေတ္တ စေတနာစွမ်းအားတို့ဖြင့် ဆောင်ရွက်နေခဲ့သဖြင့် ဤနယ်သားတို့သည် ကုသိုလ် ထူးကုသိုလ်မြတ်တို့ကို ရရှိခံစားနေကြရပြီဖြစ်ပါသည်။
သကတ္ထော နတ္ထိ နတ္ထေ၀၊ ပရတ္ထ ပကုဗ္ဗတောတိ။
         ပရမတ္ထေ သမ္ပာဒိတော ပန သကတ္ထော သမ္ပန္နော နာမ။
သူတစ်ပါး အကျိုးစီးပွားကို မပြုလုပ်မဆောင်ရွက်သောသူမှာ မိမိအကျိုးဆိုသည်မှာ မရှိပါ။ သူတော်ကောင်း တို့မည် သည် သူတစ်ပါး အကျိုးစီးပွားကိုသာ ဆောင်ရွက်တတ်ကြ၏။ သူတစ်ပါး အကျိုးပြည့်စုံလျှင် မိမိအကျိုးသည်လည်း ပြည့်စုံ သည်မည်၏ဟု ဋီကာဆရာ မိန့်ဆိုထားသည်နှင့်အညီ အများအကျိုး သည်ပိုးဆောင်ရွက်နေသော တောင်တန်းသာသနာပြု နယ်လှည့်ဓမ္မကထိက ဆရာတော် အရှင်သုခမိန္ဒသည် ရှမ်းပြည်နယ်နှင့်တောင်တန်းဒေသနယ်ပယ် အတွင်းရှိ ရဟန်းရှင် လူ ကလေးသူငယ်များ၏ အသိအလိမ္မာ ဉာဏ်ပညာရအောင် သားကောင်းသမီးမွန်များ ဖြစ်လာစေရန် အမျိုးဘာသာ သာသနာ အမွေခံ မျိုးဆက်သစ်တွေ ဖြစ်ပေါ်လာစေရန် ဟူသော မြင့်မြတ်သော ရည်ရွယ်ချက် ကြီးမှားသော မေတ္တာ ကရုဏာတို့ဖြင့် အပင်ပန်းအဆင်းရဲခံကာ မလျော့သောဇွဲ လုံ့လ၀ီရိယသတ္တိ ဗျတ္တိတို့ဖြင့် ကြိုးစားဆောင်ရွက်ခဲ့၊ ဆောင်ရွက်နေဆဲ၊ ဆောင် ရွက်လတ္တံ့ ဖြစ်ပါသည်။
ဆရာတော်အရှင်သုခမိန္ဒသည် ဤကဲ့သို့ကြိုးစားဆောင်ရွက်တော်မူသောကြောင့် ပြည်နယ်တောင်တန်းဒေသအနှံ့ သတင်းပျံ့ခဲ့ပြီး ပြည်နယ်သူ ပြည်နယ်သားအများ၏ လေးစားကြည်ညို မြတ်နိုးပူဇော်မှုကို ခံနေရပါသည်။
မင်းတို့ကြံဆ၊ တစ်ခဏ၌၊
ကိစ္စသီးသီး၊ များစွာပြီးခဲ့၊
ဘုန်းကြီးသသူ၊ ဗုဒ္ဓင်္ကူတို့၊
ကြံမူလည်းကောင်း၊
လျဉ်ရှောင်းမကြာ၊ ပြီးမြဲစွာရှင့်။
ဟူသော မဃဒေ၀လင်္ကာ ဆရာတော်ဘုန်းကြီး မိန့်ဆိုထားသည့်အတိုင်း တောင်တန်းသာသနာပြု ဆရာတော် နယ် လှည့်ဓမ္မကထိက အရှင်သုခမိန္ဒနှင့် သာသနာပြုဖက်ဒါယကာ ဒါယိကာမများ၏ မွန်မြတ်သော သဒ္ဓါ စေတနာ ဒါနတို့ကြောင့် ဇာတိ တန့်ယန်းမြို့တွင်လည်းကောင်း၊ မူဆယ်မြို့ လွိုင်တိန်ခမ်းဘုရားကျောင်းတွင်လည်းကောင်း သာသနာပြုကျောင်းတော် များ ငွါးငွါးစွင့်စွင့် ဖြစ်ထွန်းပေါ် ပေါက်ခဲ့ရပါပြီ။
ထို့ကြောင့် အရှင်သုခမိန္ဒသည်-
သူ့ဂုဏ်သူ့သိန်၊ သူ့အရှိန်နှင့်၊ အချိန်အခါ၊ နေရာဒေသ၊ ဌာနအလျောက်၊ အရေးရောက်သည်၊ စွမ်းလောက်နိုင်ပါမူတ ကား ဟု ဆိုသည့်အတိုင်း စွမ်းဆောင်နိုင်သောပုဂ္ဂိုလ်တစ်ပါးဟု ဂုဏ်ပြုမှတ်တမ်းတင်ရမည့်သာသနာ့အာဇာနည် တစ်ပါးဖြစ် ပါသည်။
သားကောင်းတစ်ယောက်၊ ထွန်းပေါ်ပေါက်က၊ သူ့နောက်ဆွယ်ကျုံး၊ တစ်နယ်လုံးလည်း၊ ကံဘုန်းဆင့်တောက်၊ အ မြင့်ရောက်၏၊ ပုဂ္ဂိုလ်တွက်ရေ၊ ရာကုဋေတွင်၊ ရှာဖွေပတ်နောက်၊ သဒ္ဓါပေါက်သည်၊ တစ်ယောက်ရဲရဲ၊ ရနိုင်ခဲ၏။ ဤပုဂ္ဂိုလ် ကား လွန်စွာရှား၏ များပြားနေရာ၊ မဖြစ်ပါဘဲ၊ ထိုသူဖြစ်ရာ၊ ရပ်ရွာအကျိုး ချမ်းသာတိုး၏
ဟု ဆိုထားသည့်အတိုင်း တန့်ယန်းမြို့ ဦးလှရွှေ+ဒေါ်ညွန့်တို့မှ မွေးဖွား ပေါ်ပေါက်ခဲ့သော အရှင်သုခမိန္ဒ ကဲ့သို့သော
သာသနာ့အာဇာနည်တစ်ပါး ထွန်းကားပေါ်ပေါက်ခဲ့သဖြင့်-
အရှင်သုခမိန္ဒအတွက် ဂုဏ်ဝင့်ထည်ရသလို မိဘဆွေမျိုး အရပ်ဒေသအတွက် ဂုဏ်ဝင့်ထည်ရသလို ရှမ်းပြည်နယ်နှင့် တောင်တန်းဒေသအတွက် ဂုဏ်မြင့်ကြွယ်ရသလို သာသနာတော်အတွက်လည်း ရေမြင့် ကြာတင့်သဖွယ် ဖြစ်ရပါသည်။
ဂုဏ၀န္တာနံ ၀ဏ္ဏကထနေန၊ တဿဂတတ္တတော ဂန္ဓော ၀ါယတိ။
ဂုဏ်ပြည့်ပုဂ္ဂိုလ်၊ ဂုဏ်ရည်ကိုလျှင်၊ ကြည်ညိုသဒ္ဓါ၊ ပြောဆိုပါက၊ ဆိုစွာသသူ၊ ကိုယ်မှာမူလည်း၊ မွှေးကြူလှိုင်ပျံ့၊ ဂုဏ် ရနံ့သည်၊ မဆံ့ကိုယ်လုံး၊ သင်းသတည်း။
ဟု ဆိုသကဲ့သို့ တောင်တန်းသာသနာပြု အရှင်သုခမိန္ဒ (မဟာဓမ္မာစရိယ၊ M.A) ၏ ဂုဏ်သတင်းပြောဆိုမှု၊ ကြည်ညို မှု၊ လေးစားမှုတို့သည် ပြည်နယ်၊ တောင်တန်းအနှံ့ ပျံ့နှံ့ခဲ့ရလေပြီ။ ထိုကဲ့သို့ ဂုဏ်သတင်းပြည့်ဝသော အရှင်သုခမိန္ဒကို-
သို့လောက်နွယ်ဖွား၊ ကျေးဇူးများသည့်၊ ထိုသားကိုသာ၊ ဖွားမြင်လာဟု ကောင်းစွာကြိုဆီး၊ မြှောက်ပင့်ချီးမြင့်လော့
ဟု ဆိုသည့်အတိုင်း အမျိုးဘာသာ သာသနာအကျိုး တည့်တံ့ပြန့်ပွားရေးအတွက် ဤမျှကြိုးစားအားထုတ်ခဲ့သော အရှင်သုခမိန္ဒ (မဟာဓမ္မာစရိယ၊ M.A) ကို ပြည်နယ်၊ တောင်တန်းဒေသအနှံ့ ချီးကျူးပူဇော် ကြသလိုတည့်တော်မှလည်း ဤ စာပန်းဖြင့် ကန်တော့ပန်ဆင်လိုက်ရပါသည် ဘုရား။  ။
မဟာသဒ္ဓမ္မဇောတိကဓဇ
တက္ကသိုလ်သျှင်သီရိ (ဓမ္မာစရိယ၊ B.A)
Tags:
About laisaitai