သပ္ပါယဂေဟာ

Sao Sukham Family

ပတ်ဝန်းကျင်တစ်ခုမှာ အချင်းချင်း မျှဝေခံစားနိုင်မှုသည် မလွယ်ကူ။ မိသားစုပတ်ဝန်းကျင်၊ မိတ်ဆွေပတ်ဝန်းကျင်၊ အလုပ်ပတ်ဝန်းကျင်တွင် တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် သဟဇာတ မျှတဖို့သည် ခက်ခဲပါလှ၏ ။ တစ်ဦးချင်း တစ်ယောက်ချင်း ခက်ခဲလှသည်တွင် အားလုံးချာလည်လှည့်ကာ အပြန်အလှန် နားလည်နိုင်စွမ်း အပေးအယူ မျှတနိုင်စွမ်းသည် ပို၍ခက်ခဲလှသည်။

ထိုသို့ ခက်ခဲသောအမှုကို ပြုနိုင်စွမ်းသောမိသားစုတစ်စုကို ရှားရှားပါးပါး တွေ့လိုက်ရသည်။ တန့်ယန်းမြို့မှ သပ္ပါယဂေဟာ မိသားစုဖြစ်သည်။ ထိုသပ္ပါယဂေဟာတွင် ဖခင် ဦးလှရွှေ + မိခင် ဒေါ်ညွန့်၊ သမီးကြီး မနန်းကြည်ကြည်သိန်းနှင့် သားငယ် စိုင်းသိန်းလွင် တို့ဖြစ်ကြသည်။ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြ၍ သင်္ကန်းပရိက္ခရာ နိဗ္ဗာန်ကုန်သည်ဖြစ်သည်။ အ ရောင်းအ၀ယ်ကလည်း သင့်တင့်၊ လုပ်ငန်းသဘောကလည်း အေးချမ်း၊ တင်းတိမ်ရောင့်ရဲကြသော မိသားစုလည်းဖြစ်သော ကြောင့် ပူပင်သောက ကြောင့်ကြစရာ မရှိကြသဖြင့် ချမ်းမြေ့သာယာကြသည်။ ဦးလှရွှေမှာ လူပြန်တော်ဖြစ်သောကြောင့် အ ချိန်ရသမျှ ဘာသာရေးစာပေတို့နှင့်မွေ့လျော်နေသည့်ပြင် တရားတော်နှင့်အညီ ဘာဝနာလုပ်ငန်းကိုလည်း အေးချမ်းမှုဘာဝနာ အရသာကို မိမိပတ်ဝန်းကျင်ကိုလည်း မျှဝေပေးခဲ့သည်။ စိတ်တူကိုယ်တူ ၀ါသနာတူခဲ့သောဇနီးသည်မှာလည်း လောကီ အလုပ်တွင် မောင်တစ်ထမ်းမယ်တစ်ရွက် ရောင်နောက်က ဆံထုံးထပ်ချပ်ပါခဲ့သည်။ သာမဏေန သမဏော ဆိုသည့် အတိုင်း မိဘနှစ်ပါး၏ သွန်သင်မှု၊ မူလဗီဇက ၀ါသနာပါမှုတို့ကြောင့် သိတတ်စကပင် သားနှင့်သမီးမှာ ဘာဝနာလုပ်ငန်း၌ အ ကျင့်ဓလေ့သဖွယ် ဖြစ်ခဲ့သည်။

မောင်သိန်းလွင်က ဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်ရောက်ခဲ့သော်လည်း အချိုးအစားမပြောင်း။ မန္တလေးဒေသ ကောလိပ်တက်နေရင်း မဟာမြတ်မုနိဘုရားကြီးသို့ သွားကာ ဘာဝနာလုပ်ငန်းကို အပျက်မခံ၊ အပြတ်မခံ၊ ပုံမှန်ပွားများ အား ထုတ်ခဲ့သည်။ ဓမ္မ၏အေးချမ်းမှု အရသာကို ကောင်းစွာခံစားခဲ့ရသည်။ ပထမနှစ် စာမေးပွဲဖြေပြီး ၄၅-ရက် ဒုလ္လဘ ရဟန်းဘ၀ တွင် ပျော်မွေ့နေသော သားရဟန်းကို ၀ါတော်ငါးဝါ အရတွင် မိခင်ကြီး၏ သတိပေးတိုက်တွန်းမှုဖြင့် ညောင်ရွှေမြို့၊ ရွှေဂူစာ သင်တိုက်တွင် ပရိယတ္တိ စာပေတို့ကို ၆-နှစ်တိုင်တိုင် သင်ယူခဲ့သည်။ ထိုမှ ရန်ကုန်မြို့ သာသနာ့တက္ကသိုလ်သို့ ဆက်လက် တက်ရောက်ကာ မဟာဓမ္မာစရိယ၊ အမ်အေဘွဲ့ကိုရရှိခဲ့သည်။ ဆက်၍ သီရိလင်္ကာနိုင်ငံမှ အမ်အေဘွဲ့ကိုလည်း ရယူခဲ့သည်။

ဤတွင် တက္ကသိုလ်ကျောင်းသားဘ၀မှ မြတ်စွာဘုရား၏ သားတော်ရဟန်းဘ၀တွင် ပျော်မွေ့နေသော သားဖြစ် သူအား မိခင်ကြီးဒေါ်ညွန့်က ရဟန်းဘ၀၌ ဆက်လက်နေပါမည်လား နေမည်ဆိုလျှင် ထိုစဉ်က တန့်ယန်းမြို့တွင် မီးဘေးသင့် သူတို့အား သား၏အ၀တ်အစားများကို ပေလှူမည်ဖြစ်ကြောင်းလျှောက်ထားမေးမြန်းခဲ့၏။ လောကီရေးတွင်ဂုဏ်မငယ်စေရန် လူ့ဘ၀ပြန်ရယူရန် လျှောက်ထားခြင်းမဟုတ်။ သားအတွက် သာလွန်ကောင်းမွန်သော ရဟန်းဘ၀ကို တုံးတုံးချစိတ်ဆုံးဖြတ် မှု ရှိ . မရှိကို သိလိုခြင်းဖြစ်သည်။ သားရဟန်းက ပြတ်ပြတ်သားသား မိန့်ကြားသောအခါ အ၀တ်အစားအားလုံး မီးဘေးခံရ သော သူငယ်ချင်းများအား ပေးဝေလှူဒါန်းလိုက်သည်။ ရဟန်းဘ၀တွင် ငါးဝါလောက်ရသောအခါ ပရိယတ္တိသင်ယူရန် သတိ ပေး လျှောက်ထားခြင်းမှာလည်း ဂုဏ်ထူးဝိဒေသများအတွက်မဟုတ်။ ကိုယ်တွေ့နှင့် စာတွေ့အပြန်အလှန် ညှိယူရန်၊ တစ်ပါး သူတို့အား ညွန်ပြဟောကြားရာတွင် ပိဋကတ်ပါဠိတော်များကို ကိုးကားဟောကြားနိုင်ရန်အတွက်ဖြစ်သည်။ ဒေါ်ညွန့်မှာ မိမိ ခံစား သုံးဆောင်ရသောဓမ္မရသများကို မိမိသားက အခြားသူများကိုပါပေးဝေငှစေရန်သာ ပဓာနထား၍ အများသူငါ အကျိုးကို ပါ မျှော်ကိုးခဲ့ခြင်းဖြစ်သည်။

ဖခင်ကြီး ဦးလှရွှေကား တစ်ပါးသူကိုပင်ဆွဲတင်နေရသော ဓမ္မလမ်းကြောင်းထက်သို့ စိတ်ပါလက်ပါ တက်ရောက်လာသော သားအတွက်မှာ ဆိုဖွယ်ရာမရှိတော့။ လှိုက်လှဲဝမ်းသာပီတိဖြစ်လျက် ရှိသည်။ ငြိမ်းချမ်းရေးဒေသမဖြစ်မီက လောကီပ ညာပင် မပွင့်လန်းသဖြင့်အတက်တန်းပညာကို ပြင်ဦးလွင်မြို့သို့ စေပို့ကာ သင်ကြားစေခဲ့သည်။ လောကုတ္တရာပညာအတွက်မူ မည်မျှဝေးဝေး မည်မျှကုန်ကုန် ညောင်ရွှေမြို့ဆိုလျှင်လည်းနေ၊ ရန်ကုန်မြို့ဆိုလျှင်လည်းသွား၊ သီရိလင်္ကာဆိုလျှင်လည်း နောက်ဆံမတင်းစေဘဲ လွှတ်ခဲ့သည်။

တစ်ဘ၀စာမက တစ်သံသရာစာအထိ မိဘတို့ ပေးဝေရင်းနှီး ကိုဦးပဉ္စင်းတော် အရှင်သုခမိန္ဒကလည်း မွေခံထိုက် စေသူ သာမကမိဘကျေးဇူး၊ မိမိတို့ဒေသတိုင်းရင်းသားများကျေးဇူး၊ နိုင်ငံတော်၏ကျေးဇူးတို့ကို အကောင်းဆုံး အမွန်အမြတ် ဆုံးဆပ်နိုင်ခဲ့သည်။ မြောက်ပိုင်းမြစ်ကြီးနား၊ ဖားကန့်ဒေသမှ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ သိန်းနီ၊ လားရှိုး၊ နမ္မတူ သီပေါ ကျောက်မဲ၊ နမ့်လန်၊ ဆောင်ကြဲ၊ နောင်ကော်၊ နောင်ချို၊ မန္တလေး၊ တောင်ကြီး၊ နမ့်စန်၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ ကာလိ၊ မိုင်းရှုး၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ လွယ်ကော်၊ ပင်လောင်း စသည် ဖြင့် ရှမ်းရိုးမတောင်တန်းတစ်ခွင် ဓမ္မဒူတခရီးစဉ်ဝယ် ရွာသိမ်ရွာငယ်များပါမကျန် ကြွရောက်ချီးမြင့်ခဲ့သည်။

အစ်မကြီး ဒေါ်နန်းကြည်ကြည်သိန်းကလည်း မောင်ငယ် မောင်းနင်နေသော ဓမ္မယာဉ်သာတွင် ကြမ်းတုံးကိုင် စပယ်ယာအဖြစ်နောက်မြီးဖျားက လိုက်ပါခဲ့သည်။ အများစုဖြစ်သော အမျိုးသမီးယောဂီများ သိလိုသမျှ မေးလျှောက်လိုသမျှကို ဒိုင်ခံဖြေရှင်းပေးသည်။ မ၀ံ့မရဲ ဖြစ်သည်တို့ရှိလျှင် တစ်ဆင့်ခံ၍ မေးလျှောက်ပေးသည်။ သားသမီးတို့အရေး၊ စီးပွားရေးအတွက် မှာလည်း မိခင်ကြီးက အိမ်မှတာဝန်ယူ စီမံနေသည်မို့ မောင်ပဉ္စင်းအတွက် ကြမ်းတုံးကိုင်ဘ၀ကို တုံးတုံးချ ကူညီဖြည့်စွမ်းနိုင် ခဲ့သည်။

သပ္ပါယဂေဟာ မိသားစု၏ ကြည်ကြည်နူးနူး ကျေကျေနပ်နပ် ညီတူညီမျှ ဖြည့်စွမ်းနိုင်ကြခြင်းသည် ဓမ္မစွမ်းရည် ဓမ္မ စွမ်းအားပင်ဖြစ်ပေသည်။  ။

မောင်အောင်ဝင်းမန်း

Tags:

About laisaitai