ဟိုလိန်းစေတီတော်

Ho Laung Pagoda Shan State,

ဟိုလိန်းစေတီတော်ကို ရှမ်းတွေက (မွေတော်ဟိုလိန်း) (မူရ၁်တေု,၈ှူဝ်လိုင်း)လို့ခေါ်ကြတယ်။ ဟိုလင်း (၈ှူဝ်လိင်း) မျောက်ဦးခေါင်း ဆိုတဲ့ဝေါဟာရကနေ ဆင်းသက်လာခြင်းပါ။ ကာလကြာတော့ ဝေါဟာရတွေ ပြောင်းလဲလာပြီး ယခုအခါ ဟိုလိန်း (၈ှူဝ်လိုင်း) ဟုခေါ်ကြတယ်။

မွေတော်

မွေတော်လို့ ရှမ်းတွေခေါ်ဝေါ်ခြင်းဟာ ဘုရားရှင်ရဲ့ ဓါတ်တော်အစစ် ကိန်းဝပ်တဲ့ ဘုရားများစေတီများကို ခေါ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်မှာ တန်ခိုးကြီး မွေတော်များ များစွာရှိကြောင်း လေ့လာသိရှိရတယ်။ မွေတော်ဟိုလိန်း၊ မွေတော်မိုင်းနောင်၊ မွေတော်ကျိုင်းလိန်၊ မွေတော်လိုင်းခ(လဲချား)၊ မွေတော် ကက္ကူ၊ မွေတော်မိုင်းစစ်၊ မွေတော်မိုင်းယော် စတာတွေဟာ ရှမ်းလူမျိုးများ တည်ထားကိုးကွယ်ထားတဲ့ ဘုရားတွေဖြစ်ပြီး ပင်မစေတီတော်ကြီး ပတ်ပတ်လည်မှာ စေတီရံငယ်တွေ များစွာ ဝန်းရံတည်ထားတဲ့ ပုံစံတွေဖြစ်တယ်။ စေတီတော်ကြီးကို စော်ဘွားများ အကြီးအကဲများက တည်ထားပြီး ကျန်သည့် စေတီရံများကို ပြည်သူလူထုများက ဝန်းရံတည်ထားခြင်းဖြစ်သည်။

DSC005891a

တည်နေရာ

မွေတော်ဟိုလိန်းကတော့ သံလွင်မြစ် အရှေ့ဘက်ကမ်း မိုင်းပျဉ်းမြို့နယ် (ယခင်ကျိုင်းတုံစော်ဘွားနယ်) မှာ တည်ရှိပြီး သံလွင်မြစ်ကမ်းနံဘေး  (၄) ဖာလုံလောက်ဝေးတဲ့ တောင်ကုန်းပေါ်မှာ တည်ရှိကာ ရှုခင်းအထူးကောင်းမွန်တဲ့ နေရာတစ်ခုပါ။ စေတီကနေပြီး အနောက်ဘက်ကို လှမ်းကြည့်ပါက ကွေ့ကောက်စီးဆင်းနေတဲ့ သံလွင်မြစ်ကို အဝေးကလှမ်းမြင်ရပါတယ်။ အရှေ့ဘက်၊ မြောက်ဘက် နဲ့ တောင်ဘက်တွင် မြင့်မားသော သံလွင်တောင်တန်းကြီးက နံရံလို ကာဆီးတားသည်ကို တွေ့ရတယ်။ တောင်ခြေ ဟိုလိန်းရွာကတော့ အိမ်ခြေ ၅၀ လောက်ရှိပါမယ်။ ရှမ်းမိသားစုလေးတွေပါ။ သူတို့က တောင်ယာတွေ လုပ်ကိုင်စားသောက်တယ်။ ရေလုပ်ငန်းလုပ်တယ်။ ဘုရားပွဲကာလမှာ သူတို့အတွက် အလုပ်ဖြစ်တယ်ပေါ့။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ပညာရေးလွန်စွာ နိမ့်ကျလှပါတယ်။

DSC005928a

မွေတော်ဟိုလိန်းရဲ့ သမိုင်း

ဘုရားအလောင်းတော် မျောက်မင်းဘဝဖြစ်စဉ်က ဘဝတစ်ခုနဲ့ ဆက်စပ်တယ်လို့ ဆိုရပါမယ်။ မျောက်မင်းဟာ ငယ်သားမျောက် ၅၀၀ ကို ဦးဆောင်ပြီး ရေကြည်ရာ မျက်နုရာကို ရှာဖွေလှည့်လည်ရာ သံလွင်မြစ်အနောက်ဘက် သဲသောင်ပြင်အနီးကို ရောက်လာပါတယ်။ သံလွင်မြစ်ရေစီးသန်တာကြောင့် မြစ်တစ်ဘက်ကမ်းကို ကူးနိုင်ဖို့ လုံးဝအခက်အခဲတွေ့နေပါတော့တယ်။ ဘုရားအလောင်းမျောက်မင်းက မျောက်အားလုံး မြစ်အရှေ့ဘက်ကမ်းကို ကူးမြှောက်နိုင်ရန်အတွက် မိမိ၏ သီလတန်ခိုးကို တိုင်တည်ပြီး သစ္စာဆိုပါတယ်။ ငါသည် နောင်အနာဂတ်တွင် ဘုရားဧကန်စင်စစ်ဖြစ်မည် ဆိုပါက မျောက်အပေါင်းတို့ မြစ်ကို ကျော်လွှားနိုင်ဖို့ မြစ်အလယ်တွင် ကျောက်တုံးကျောက်ခဲများ ပေါ်ပေါက်ပါစေသား ဟု အဓိဋ္ဌာန်ပြုပါတယ်။ သီလရဲ့ တန်ခိုးတော်ကြောင့် နံနက်အချိန်တွင် သံလွင်မြစ်အတွင်း ကျောက်ကြီးတစ်တုံး ရေမျက်နှာပြင်ပေါ်တွင် ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ ဘုရားအလောင်း မျောက်မင်းက မြစ်အရှေ့ဘက်ကမ်းသို့ ဦးစွာခုန်ကူးပြီး နွယ်ကြိုးများကို ရှာဖွေ၊ အရှေ့ဘက်ကမ်း သစ်ပင်မှာ နွယ်တစ်စချည်ပြီး ခါးတွင်တစ်စချည်ထားကာ နွယ်ကြိုးစနှင့်အတူ ကျောက်တုံးကြီးမှတဆင့် မြစ်တစ်ဖက်ကမ်းသို့ခုန်ကူးတယ်။ ခန့်မှန်းထားတဲ့ နွယ်ကြိုး အနည်းငယ် တိုနေတာကြောင့် ဘုရားအလောင်းမျောက်မင်းဟာ အနောက်ဘက်ကမ်းမှ သစ်ပင်ကြီးတစ်ပင်ကို ဆွဲကိုင်မိသော်လည်း တန်းလန်းကြီးဖြစ်နေတော့တယ်။

ဘုရားအလောင်းမျောက်မင်းသည် မျောက်ငယ်အပေါင်းတို့အား မိမိ၏ ကျောပေါ်သို့ တက်နှင်းစေပြီး နွယ်ကြိုးတန်းကို ခိုစီးစေကာ မြစ်အရှေ့ဘက်ကမ်းသို့ ကူးစေခဲ့သည်။ မျောက်ငယ်ငါးရာ ဖြတ်ကူးချိန်မှာ အချိန်အတော်ကြာသဖြင့် မျောက်မင်းသည် အားအင်ကုန်ခန်းလာတော့သည်။ လက်တွေလည်းညောင်း ခါးသည်လည်း ပြတ်လုမတတ် ခံစားနေရရှာသည်။ သို့သော် မျောက်ငယ်လေးများ မြစ်ထဲသို့ မကျစေရန်အတွက် အံကြိတ်ပြီး အားတင်းထားခဲ့လေသည်။ မျောက်ငယ်များအားလုံး မြစ်အရှေ့ဘက်သို့ ရောက်သွားသောအခါ သစ်ပင်ကို ဆွဲထားသောလက်သည် ခွန်အားမရှိတော့သဖြင့် မျောက်မင်းကြီး ပြုတ်ကျလေတော့သည်။ နွယ်ကြိုးစတစ်ဖက်မှာ ခါးကို ချည်ထားသဖြင့် မျောက်မင်းသည် မြစ်ထဲသို့ ပြုတ်ကျကာ မြစ်အလယ်မှာရှိသည့် ကျောက်တုံးပေါ်သို့ ပြုတ်ကျကာ ဦးခေါင်းတော်လဲကွဲ ရင်ညွှန့်တော်မှ အရိုးတွေလည်း ကျိုးကာ သွေးများထွက်ကျလာလေတော့သည်။ ထိုသွေးစက်များသည် မြစ်လယ်ခေါင် ကျောက်တုံးကြီးပေါ်သို့ ကျရောက်ခဲ့ရာမှ ယခုတိုင် ထိုကျောက်တုံးကြီးအပေါ် အနီကွက်များ ကျန်နေသေးသည်။

ဘုရားအလောင်းမျောက်မင်းသည်လည်း အားကိုခဲကာ ကျောက်တုံးပေါ်မှ တဆင့် မြစ်၏ အရှေ့ဘက်ကမ်းသို့ ခုန်ကူးနိုင်ခဲ့သည်။ သို့သော် ဒဏ်ရာပျင်းထန်ခဲ့သဖြင့် မျောက်မင်းသည် အများအကျိုးဆောင်ရင်း ကံကုန်သွားခဲ့လေသည်။ မျောက်ငယ်အပေါင်းတို့သည် ခိုကိုးရာမဲ့ဖြစ်ပြီး စိုးရိမ်ပူဆွေး ငိုကြွေးကုန်၏။ ထိုအခါ သိကြားမင်းပလ္လင် ပူလောင်လာသဖြင့် သိကြားမင်းသည် မျောက်တစ်ကောင်အသွင် ဖန်ဆင်းပြီး ကျန်ရှိသည့် မျောက်အပေါင်းတို့အား ဦးဆောင်ကာ သစ်ကိုင်းချောက်များရှာဖွေစေခဲ့ မီးသင်္ဂြိုဟ်စေခဲ့သည်။ မီးသင်္ဂြိုဟ်ချိန် မျောက်မင်းအမတ်လေးကောင်တို့သည်လည်း မီးထဲသို့အတူ ခုန်ချ၍ သေဆုံးခဲ့ကြပါသည်။ မီးသင်္ဂြိုဟ်သည့်နေရာကား ယခု ဟိုလိန်းစေတီတော်၏ မြောက်ဘက်အနီးတွင် တည်ရှိသည် ဟုဆိုသည်။

DSC005904

စေတီဖြစ်ပေါ်လာပုံ

တစ်ခေတ်ပြီး တစ်ခေတ် နှစ်ပရိစ္ဆေဒကြာလာသောအခါ တောရဆောက်တည်သော ရဟန်းတော်တစ်ပါးသည် မျောက်မင်းသင်္ဂြိုဟ်သည့်နေရာ အနီးတွင် ညအချိန် ရောင်ခြည်တော်များ ကွန့်မြူးကြောင်း မြင်တွေ့ရသဖြင့် စေတီတည်ရန် ဆန္ဒပေါ်ထွန်းခဲ့လေသည်။ မိုးလင်းသောအခါ အနီးအနားရှိ ရွာသူရွာသားများကို ခေါ်ယူကာ ရောင်ခြည်တော် ကွန့်မြူးခဲ့သည့်နေရာအတွက် နှစ်ရက် သုံးရက်ခန့် တောရှင်းခဲ့ရလေသည်။ မြေများကို ညီအောင်တူးနေချိန် အမည်မသိ အဘိုးအိုတစ်ဦးရောက်လာခဲ့သည်။

“ဘာတွေ လုပ်နေကြပါသလဲ”

“စေတီတည်ဖို့ မြေတွေတူး မြေတွေညှိနေတယ် အဘိုး၊ အဘိုးစေတီ တည်တတ်ရင် ကျွန်တော်တို့ကို ကူညီပါလား အဘိုးညွှန်ကြားတဲ့အတိုင်း ကျွန်တော်တို့ ဆောင်ရွက်ပါ့မယ်”

“ရပါတယ်”

အဘိုးအိုနှင့် အတူ မြေကြီး ခုနစ်လွှာတူးခဲ့ကြရာ မပျက်မစီးတဲ့ ဘုရားအလောင်း မျောက်မင်း၏ ဦးခေါင်းခွံတော်ကို တွေ့ခဲ့ရသည်။ ရဟန်းတော်နှင့် အဘိုးအိုတို့က ထိုမျောက်မင်းဦးခေါင်းခွံကို ဌာပနာကာ စေတီတည်ခဲ့ကြသည်။ စေတီတော်ကိုလည်း “ဟိုလိန်း = မျောက်ဦးခေါင်း” စေတီဟု အမည်တွင်သည်။ ထို့အပြင် စေတီတော်၏ အထိမ်းအမှတ် သက်သေအဖြစ် အဘိုးအိုက မျောက်မင်းကြီးနှင့် မျောက်ငယ်ငါးရာတို့၏ ရုပ်တုကို ကျောက်သားဖြင့် ထုလုပ်စေခဲ့တယ်။ (တပေါင်းပွဲရောက်တိုင်း ထိုမျောက်ရုပ်များကို ထုတ်ပြထားသည်ကို တွေ့ရပေသည်။ ရွာသူရွာသားများက သစ်သားဖြင့် မျောက်ရုပ်မျိုးစုံ အရွယ်မျိုးစုံကို ထုလုပ်ခဲ့ကြသည်။ သိကြားမင်းက ထိုသစ်သားရုပ်များ တာရှည်ခံအောင် အဓိဋ္ဌာန်ပြုပြီး ကျောက်ရုပ်အဖြစ် အသွင်ပြောင်းစေခဲ့သည် ဟုလည်း ဆိုတယ်)။

ဟိုလိန်းစေတီတော် တည်ဆောက်နေစဉ်အတွင်း ထိုအဘိုးအိုသည် မနက်စာ၊ နေ့လည်စာ၊ ညစာ ဘယ်မှာသွားစားကြောင်း၊ ဘယ်နေရာမှာ သွားတည်းခိုအိပ်စက်ကြောင်း မည်သူကမျှ သတိမထားမိခဲ့ကြချေ။ သို့သော် မနက်မိုးလင်းတာနဲ့ အဘိုးအိုက ဘယ်နေရာက ပေါ်လာမှန်းမသိ အရင်ရောက်နေလေသည်။ စေတီတော် ပြီးသည်အထိ မည်သူကမျှ အဘိုးအိုရဲ့ နာမည်ကိုလည်း မသိခဲ့။ နေရပ်ကိုလည်း မသိခဲ့ကြပေ။ စေတီတော် ရေစက်ချပွဲပြီးသွားမှ အဘိုးအိုကို သတိတရမေးမြန်းကြရာ အဘိုးအိုလည်း မရှိတော့ပေ။ ရဟန်းတော်၏ မိန့်ကြားချက်အရ ထိုအဘိုးအိုသည် သိကြားမင်းဖြစ်ကြောင်း သိရလေသည်။ သိကြားမင်း ဦးဆောင်၍ တည်ထားသော စေတီဖြစ်သဖြင့် ရွာသူရွာသားများ ခေတ်အဆက်ဆက် ပိုမို အလေးထား ယုံကြည်ပူဇော်ခဲ့ကြသည်။

စေတီတော် ထီးတင်ပွဲကျင်းပပြီး မကြာခင် ညတစ်ညတွင် ထူးဆန်းပြီး ချောက်ချားစရာကောင်းသော မိုးသက်လေပြင်းကြီး ကျရောက်ခဲ့တယ်။ ငလျှင်လှုပ်သကဲ့သို့ ကျောက်ခဲတွေ တစ်ခုနှင့် တစ်ခု ပွတ်တိုက်ကွဲအက်သံများ ဆူညံစွာ ပေါ်ထွက်လာတယ်။ ရဟန်းတော်သည်လည်း အိပ်မပျော်နိုင်ဘဲ ပန်းဆီမီးတို့ကိုယူကာ စေတီတော် တစ်စုံတစ်ခု အနှောက်အယှက်မရှိအောင် တိုင်တည်ခဲ့လေသည်။ ထိုခဏအတွင်း ပတ်ဝန်းကျင်တစ်ခုလုံး မိုးလေများ ငြိမ်သက်သွားတော့တယ်။

မနက်မိုးလင်းလာတဲ့အချိန် ဆရာတော်သည် စေတီတော်ဘက်သို့ လှမ်းကြည့်စဉ် အဘိုးအိုကို ပြန်တွေ့ရတယ်။ အဘိုးအိုက ဆရာတော်အနားကို လာပြီး မနေ့ညက အဖြစ်အပျက်ဟာ နဂါးတို့က စေတီတော်ကို သူတို့ နဂါးပြည်သို့ ပင့်ဆောင်လိုလို့ မြေကြီးကို ကျွံအောင် လုပ်ခဲ့ကြောင်း ပြောပြလေသည်။ ဆရာတော်လည်း နဂါးများ မပင့်ဆောင်နိုင်အောင် ဘယ်လိုလုပ်ရမလဲ ဟုမေးရာ အဘိုးအိုက စေတီလှေခါးရင်းမှာ ဂဠုန်အရုပ် ထုလုပ်ထားရမည်ဖြစ်ကြောင်း ပြောကာ သူကိုယ်တိုင် တစ်နေ့တည်း ပြီးစီးအောင် ဦးဆောင် လုပ်သွားခဲ့တော့တယ်။ ထိုအချိန်မှစပြီး နဂါးတို့ရဲ့ နှောက်ယှက်မှုမှ ကင်းဝေးခဲ့ရတယ်။

စေတီအနေအထား

ဟိုလိန်းစေတီတော်ကို ဘယ်ခုနှစ်သက္ကရာဇ်မှာ တည်ထားမှန်း တိတိကျကျ မသိခဲ့ရပေ။ သိကြားမင်း ဦးဆောင်ပြီး တည်ထားကြောင်း ဒေသခံများက အခိုင်အမာ ယုံကြည်ခဲ့ကြတယ်။ ဘုရားအလောင်း မျောက်မင်းရဲ့ ဦးခေါင်းခွံတော်နဲ့ ဂေါတမဘုရားရဲ့ မွေတော် ဓါတ်တော်များကို ဌာပနာထားခဲ့ကြတယ်။ စေတီတော်ရဲ့ ထူးခြားချက်တစ်ခုကတော့ တောင်ဘက်မှာ ရတနာတံခါးပေါက် တစ်ပေါက်ရှိနေခြင်းပါ။ ရှေးတုံးက စေတီရဲ့ရတနာတံခါးပေါက်ဟာ တပေါင်းလဆန်းမှာ တဖြည်းဖြည်း ပွင့်လာပြီး တပေါင်းလပြည့်မှာ အကုန်ပွင့်တယ်လို့ ဆိုတယ်။ တပေါင်းလပြည့်ကျော်သွားတာနဲ့ ရတနာတံခါးပေါက် တဖြည်းဖြည်း ပြန်ပိတ်သွားပြီး တပေါင်းလကွယ်မှာ လုံးဝပိတ်သွားတယ်လို့ ဆိုတယ်။ ဘုရားဖူးများက မိမိတို့ ပါလာတဲ့ အကြွေစေ့တွေ၊ လက်ဝတ်ရတနာတွေကို အဓိဋ္ဌာန်ပြုပြီး ရတနာတံခါးပေါက်ထဲ ဝင်အောင် ပစ်ထဲ့ကာ လှူဒါန်းသွားကြတယ်။ စေတီတော် အောက်ခြေကတော့ လေးထောင့်ပုံဖြစ်ပြီး ၁၅ တောင်ပတ်လည် ရှိကာ အမြင့် တစ်တောင်ရှိပါတယ်။ စေတီအမြင့်ကတော့ အတောင် (၂၀)ခန့် မြင့်ပြီး ရှမ်းစေတီဟန်ဖြစ်ကာ ထီးတော်ကလည်း (၃၁)ဘုံ ရှမ်းထီးဖြစ်တယ်။ စေတီရဲ့ ခါးမှာ ထောင့်လေးထောင့် အရံစေတီငယ် တစ်ဆူစီ ရှိပါတယ်။ စေတီတော်ကို အုတ်တံတိုင်း နှစ်ထပ်ကာရံထားပြီး အတွင်းတံတိုင်းရဲ့ အရပ်လေးမျက်နှာမှာ အဝင်မုခ်စေတီ တစ်ဆူစီ ရှိကာ သုံးလံလောက်ကျယ်ပါတယ်။ အတွင်း တံတိုင်းကို နဂါးပတ်ထားတဲ့ပုံစံ လုပ်ထားပြီး အဝင်မုခ်တစ်ခုလျှင် ခြင်္သေ့နှစ်ကောင် ထုလုပ်ထားပါတယ်။ စေတီပေါ်က ကနုတ်ပန်းတွေကလည်း ရှေးဆန်တယ်လို့ ဆိုရပါမယ်။ လက်ယာသန့်တယ်။ အနုပညာဆန်တယ်။ ရှမ်းလူမျိုးတို့ရဲ့ အာခီတက်ချာ Architecture အကြောင်းရေးသားရင် ဟိုလိန်းစေတီတော်ရဲ့ အာခီတက်ချာ (ရှေးဟောင်းဗိသုကာ)နဲ့ စာတမ်းတင်သွင်းရင် Ph.D ဘွဲ့အတွက် အလွယ်တကူရနိုင်တယ်။

DSC00738

စေတီကို ဆင်ခံစေတီအဖြစ် တည်ဆောက်ထားပြီး ဆင် (၁၂)ကောင် ရှိကာ လက်ရာတော်တော် ကောင်းပါတယ်။ ဆင်တွေရဲ့ အကြားမှာ ပုံစံမျိုးစုံ နတ်သား နတ်သမီးရုပ်ကြွများ ပြုလုပ်ထားတာတွေ့ရပြီး လက်ရာကတော့ အများနဲ့ မတူ တမူထူးခြားနေပါတယ်။ စေတီတော်ကို ရှေးကတည်းက ရွှေသင်္ကန်းနဲ့ ကပ်လှူပူဇော်ခဲ့ပါတယ်။ ခရစ်နှစ် ၂၀၀၂ ခုမှာတော့ မိုင်းဖုန်းဆရာတော်က စေတီတော်ရဲ့ အောက်ပိုင်းကို ကြေးပြားကပ်စေကာ ရွှေချလှူဒါန်းတော်မူခဲ့တယ်။

စေတီတော်ရဲ့ မြောက်ဘက်မှာ နတ်ရေတွင်း တစ်တွင်းရှိပြီး အဲဒီတွင်းထဲကရေဟာ ဆေးဖြစ်တယ်လို့ ဒေသခံတွေက ယူဆကြတယ်။ မျက်စိကြည်စေတယ်၊ နားကြည်စေတယ်လို့ အယူအဆရှိတယ်။ သောက်ရင် ကျန်းမာရေးကောင်းတယ် ရောဂါကင်းတယ်လို့ ဆိုတယ်။ စေတီတော်ရဲ့ တောင်ဘက်မှာ ရှေးဟောင်းဘုရားကျောင်းတစ်ဆောင်ရှိပြီး ရှေးဟောင်းလက်ရာတွေ များစွာရှိတဲ့ကျောင်းဆောင်ပါ။ ၂၀၁၃ ခုမှ ကျောင်းဆောင်အသစ် ပြန်ပြင်ထားတာကို တွေ့ရတယ်။ ဘုရားကျောင်းဆောင်ထဲမှာ ရှေးဟောင်းဆင်းတုတော်ကြီး ဆင်းတုတော်ငယ်တွေ များစွာရှိတာကို ဖူးတွေ့ရတယ်။ ယွန်းခေတ်က လက်ယာတွေလို့ ဆိုရပါမယ်။ လှပတဲ့ ဟော်ထမ်း (ခေါ်) တရားရွတ်ဖတ်သည့် ပိဋကတ်ပြသာဒ်ကြီး ၂ ခု အပြင် ပိဋကတ်များကို ပေစာများကို သိမ်းဆည်းထားတဲ့ ပိဋကတ်သေတ္တာများစွာကိုလည်း တွေ့ရပါတယ်။ သေတ္တာပေါ်မှာ ကိန္နရာ ကိန္နရီရုပ်၊ တိုးနယားရုပ်၊ ဝသုန္ဒရီနတ်ရုပ်၊ ဟင်္သာရုပ် စသဖြင့် ဗိသုကာလက်ရာမျိုးစုံ ဆန်းကျယ်စွာ တွေ့ရပါတယ်။ ပုရပိုဒ်စာ ပေစာတွေကတော့ များသောအားဖြင့် ယွန်းရှမ်းစာနဲ့ ရေးထားတာတွေ့ရတယ်။ ရှမ်းကြီးစာတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် ထိမ်းသိမ်းမှုပညာ မရှိတာကြောင့် တချို့ပျက်စီးနေတာကိုလည်း တွေ့ရတယ်။ ဒေသခံတွေတာဝန်ရှိတာလား၊ သို့မဟုတ် ရှမ်းပြည်နယ်ယဉ်ကျေးမှုက ဒီအကြောင်းတွေ လုံးဝမသိတာလားတော့ မပြောတတ်ပါ။ စာရေးသူကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အသစ်မလုပ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်များကို လွန်စွာနှမြောမိပါတယ်။

DSC005901

ဘုရားကျောင်းနဲ့ စေတီတော်အကြားမှာ ရှည်လျားမတ်စောက်တဲ့ လှေခါးတစ်ခုရှိပါတယ်။ စေတီကို တက်ဖူးရင် အဲဒီလှေခါးကနေ တက်ရတယ်။ ရှေးတုံးက ကျောက်ခဲပြားတွေနဲ့ စီထားတဲ့လှေခါးဖြစ်ပြီး ယခုတော့ အင်္ဂတေခင်းလှေခါးဖြစ်နေပြီ။ လှေခါးတန်းကတော့ အောက်ခြေကနေ စေတီအထိ ၆၈ တောင်ရှိပါတယ်။ လှေခါးရင်းမှာတော့ လက်ရာအထူးကောင်းမွန်တဲ့ ဂဠုန်လေးကောင် ဟန်ပါပါ မာန်ပါပါ ပြုလုပ်ထားပါတယ်။ နဂါးကြီးလေးကောင်ကလည်း လှေခါးရမ်းအဖြစ် တစ်ဖက်ကို နှစ်ကောင်စီရှိပါတယ်။ နဂါးအမှောက်ကတော့ မြန်မာနဂါးနဲ့ မတူဘဲ စင်္ကာပူက ခြင်္သေ့ဦးခေါင်းနဲ့ ဆင်တူတယ်။ (တရုတ်နဂါးဦးခေါင်းနဲ့ ဆင်တူတယ်)။ လှေခါးရဲ့ ထိပ်မှာ ကြာဖူးနှစ်ဖူးကိုလည်း ခန့်ညားစွာ ညီတူလုပ်ထားတယ်။ လှေခါးထိပ်အထိ တက်ရောက်တာနဲ့ ပေါင်တွေ တော်တော်တောင့်သွားတယ်။ ဟောဟဲ ဟောဟဲနဲ့ပေါ့။ ဒါပေမယ့် စေတီရင်ပြင်ပေါ်ကနေ အောက်ကို ပြန်ကြည့်တဲ့အချိန် သာယာလှပတဲ့ ရှုခင်းတွေကြောင့် အမောတွေ ချက်ချင်း ပြေသွားသလို ခံစားမိတယ်။ နေ့မအား ညမနား တသွင်သွင်စီးဆင်းနေတဲ့ သံလွင်မြစ်ကိုလည်း အဝေးက လှမ်းမြင်နေရတယ်။

DSC005895c

ဟိုလိန်း တပေါင်းပွဲတော်

ဟိုလိန်းဘုရားပွဲကို တပေါင်းလမှာ ကျင်းပပါတယ်။ တပေါင်းလဆန်းကစ ဘုရားဖူးတွေ ဈေးရောင်းတဲ့သူတွေ တဖွဲဖွဲ ရောက်လာကြပါတယ်။ ရှေးခေတ်က သွားလာရေး ခက်ခဲပေမယ့် တပေါင်းလပြည့် အမီ ဘုရားဖူးတွေ ခြေလျင်နဲ့ ဘုရားလာဖူးကြတယ်။ လှည်းလမ်းလဲ မရှိ ကားလမ်းဆို ဝေလှဝေး။ တချို့လည်း လှေကလေးနဲ့ သံလွင်မြစ်ကို ဆန်တက်ပြီး သက်စွန့်ဆံဖျား ဘုရားလာဖူးကြတယ်။ အရှေ့ဖက်ကပဲ လာလာ၊ အနောက်ဘက်ကပဲလာလာ သံလွင်တောင်မြင့်ကြီးတက်ရင်တော့ နဖူးကချွေး ခြေမပေါ် တကယ်ကျတယ်။ ခရစ် ၂၀၀၀ ပြည့် မိုင်းဖုန်းဆရာတော် ဟိုလိန်းစေတီကို လာဖူးနိုင်ဖို့အတွက် ဦးခမ်းခေါင် (ယခု လွယ်ခုံး သောက်ရေသန့်)က အင်းလေးမှ စက်လှေတစ်စီးကို ဝယ်ယူလာပြီး သံလွင်မြစ်ထဲကို စတင်မောင်းကြည့်တယ်။ ၈.၄.၂၀၀၀ ရက်နေ့ စက်လှေကို သံလွင်မြစ်ရေထဲချပြီး အစမ်းမောင်းကြည့်တယ်။ စက်လှေဆရာကတော့ အင်းလေးက ဦးသိန်းလှိုင်ပါ။ ၁၁.၄.၂၀၀ ရက် မိုင်းဖုန်းဆရာတော်ရောက်လာပြီး နံနက် ၈း၅၈ နာရီမှာ သံလွင်မြစ်ကို ဆန်တက်ပြီး ဟိုလိန်းစေတီတော်ကို သွားဖူးတယ်။ ဆရာတော်က စက်လှေပေါ်မှာပဲ နေ့ဆွမ်းဘုဉ်းပေးခဲ့တယ်။ ဦးစိုင်းခမ်းခေါင် ဒေါ်နန်းသန်း မိသားစုရဲ့ စက်လှေအလှူကို သံလွင်မြစ်ထဲလှေစီးရင်း မိုင်းဖုန်းဆရာတော် ရေစက်ချပေးခဲ့တယ်။ အဲဒီကစပြီး စက်လှေတွေ တဖြည်းဖြည်းများလာပြီး ဘုရားဖူးတွေအတွက် သွားရေးလာရေး အတော့်ကို အဆင်ပြေသွားစေခဲ့တယ်။ ၂၈.၁၂၀၁၅ မှာတော့ ရှမ်းငြိမ်းချမ်းရေးအဖွဲ့မှ ဦးစိုင်းခမ်းခေါင်က မြေထိုးစက်ငှားပြီး နမ့်လန် ခမ်းယုံးလမ်းကနေ ဟိုလိန်းကူးတို့ဆိပ်အထိ ကားလမ်းဖောက်ခဲ့တယ်။ တောင်မတ်စောက်တာကြောင့် လေးလုံးထိုးကား၊ ဖိုးဝီးကားတွေသာ အတက် အဆင်း ပြုလုပ်နိုင်တယ်။ဆိုင်ကယ်တွေလည်း ဒလဟော သွားလာနိုင်ပါပြီ။ ၃၀.၁.၂၀၁၃ ကားလမ်းကို ထပ်မံချဲ့ထွင်ခဲ့တယ်။

DSC005913 DSC005914

မွေတော်ဟိုလိန်း (ခေါ်) ဟိုလိန်းစေတီတော်ကို သွားရောက်ဖူးမျှော်ချင်လျင် ကွန်ဟိန်းမြို့နယ် ကာလိမှ တဆင့် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီများဖြင့် သွားပြီး သံလွင်မြစ် ကူးတို့ဆိပ်ရောက်လျှင် စက်လှေဖြင့် သံလွင်မြစ် အရှေ့ဖက်ကမ်းသို့ ကူးနိုင်ပါတယ်။ တာကော်တံတား အပေါ်ဘက်ရှိ ဝမ်အင်ရွာ ကူးတို့ဆိပ်ကနေ စက်လှေစီးပြီး အထက်သို့ ဘုရားဖူးသွားရင် (၁) နာရီ (၄၅) မိနစ်လောက် စီးရင် ဟိုလိန်းကူးတို့ဆိပ်ကို ရောက်ပါတယ်။ သံလွင်မြစ်က ရေစီးသန်တယ်။ အေးစိမ့်တယ်။ မြစ်ကမ်းဘေးမှာ ရိုးရာရွှေကျင်တဲ့ သူတွေ ရှိသလို ယခု စက်ယန္တရားတွေနဲ့ ရွှေကျင်တာတွေလည်း ရှိနေပြီ။ ကာလိမှတဆင့် ခမ်းယုံးရွာဘက်ကို ကားနဲ့ (၁) နာရီလောက် သွားရင် ဟိုလိန်းကူးတို့ဆိပ်ကို ရောက်ပါတယ်။ ဒါပေမယ့် ကားလမ်းကျဉ်းတယ်။ တောင်တက်တောင်ဆင်း မတ်စောက်တယ်။ ဒရိုင်ဘာမကျွမ်းကျင်ရင်၊ ကားမကောင်းရင်တော့ အခက်တွေ့နိုင်တယ်။ ပြောရရင် ကျိုက်ထီးရိုးတောင်ကို ကားစီးတက်တာထက် ပိုပြီး မတ်စောက်တယ်။ လမ်းကြောရှည်တယ်ပေါ့။ မြေနီလမ်းပါ။ မိုးတွင်းဆိုရင် သွားလို့ မရတော့ပါဘူး။

ဟိုလိန်းစေတီကို စာရေးသူ ၂၀၀၇ ခုတုံးက တစ်ခေါက် ရောက်ဖူးတယ်။ ဝမ်အင်ကူးတို့ဆိပ်ကနေ ဟိုလိန်းကူးတို့ဆိပ်အထိ စက်လှေနဲ့ သွားဖူးတယ်။ ဒီနှစ် ၂၀၁၃ မတ်လ ၁၄ ရက်မှာ ကာလိကနေ ခမ်းယုံးရွာဘက်ကို ကားနဲ့ သွားခဲ့တယ်။ သံလွင်မြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ ဟိုလိန်းစေတီတော်ဟာ အဝေးက လှမ်းမြင်ရတာနဲ့ စိတ်ထဲကို ကြည်နူးစေတယ်။ ဖူးမျှော်လို့ မဝနိုင်တဲ့ စေတီမြတ်တစ်ဆူ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း-တန့်ယန်း)

၁၅.၃.၂၀၁၃

About laisaitai