ဆရာ

ဆရာ

၁၄၊ ၁၀၊ ၂၀၁၂ ရန်ကုန်မြို့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (၈) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို တက်ရောက်ခဲ့ကာ တောင်တန်းသာသနာပြု အတွေ့အကြုံများကို စာရေးသူက သာသနာ့တက္ကသိုလ် ကျောင်းသားဟောင်း တစ်ပါးအနေနဲ့ ဟောကြားပြီး သာသနာ့တက္ကသိုလ်မှ ညီတော်များရဲ့ လျှောက်ထားတဲ့ အာစရိယဂုဏ ကထာမှ ကောက်နှုတ်ပြီး “ဆရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ လောကီဆရာ၊ လောကုတ္တရာ ဆရာသခင် ကျေးဇူးရှင် အပေါင်းတို့အား ဂါရဝပြုလိုက်ပါတယ်ဘုရား။

တောင်တန်းသာသနာပြု အတွေ့အကြုံများအား (နပသ) စာသင်သားများအား ရှင်းပြစဉ်

တောင်တန်းသာသနာပြု အတွေ့အကြုံများအား (နပသ) စာသင်သားများအား ရှင်းပြစဉ်

ကိုးခန်းပျို့ဆရာ အရှင်မဟာရဋ္ဌသာရက “ခြောက်သောင်းတပည့်၊ ကြယ်သို့ပြည့်လျက်၊ လ၏ပမာ၊ ထွန်းလင်းစွာသည်၊ ဆရာပရမေ၊ ဗြဟ္မာဆွေကား-” လို့ ဆိုထားခြင်းဟာ တော်တဲ့ တတ်တဲ့ ထက်တဲ့ တပည့်တွေ အကြားမှာ ဆရာဆိုတာဟာ တောက်ပတဲ့ ကြယ်တွေအကြားက အတောက်ပဆုံး လမင်းကြီး တစ်ဆူလို တင့်တယ်ထည်ဝါကြောင်း ဖေါ်ညွှန်းတဲ့ ကဗျာလေးလို့ ခံစားမိပါတယ်။

အင်္ဂုတ္တိုရ်၊ သတ္တကနိပါတ်၊ ဒုတိယမိတ္တသုတ်မှာလည်း မြတ်စွာဘုရားက ဆရာဆိုတာ-

၁။ ရိုသေထိုက်သူဖြစ်ခြင်း

၂။ ချစ်ခင်ထိုက်သူဖြစ်ခြင်း

၃။ ချီးမွမ်းခံထိုက်သူဖြစ်ခြင်း

၎။ လွှဲမှားနေသည်ကို ဆုံးမပေးခြင်း

၅။ မသိပဲ မေးလာတာကို ကောင်းစွာ ဖြေကြားပေးခြင်း

၆။ နက်နဲတဲ့ သဘောတရားတွေကို နားလည်အောင် ကောင်းစွာဟောပြောပေးခြင်း

၇။ အကျိုးမရှိတဲ့ ကိစ္စတွေကို တားမြစ်ပေးခြင်း လို့ဟောထားတယ်။ အဲဒါကို မဃဒေဝလင်္ကာသစ် ဆရာတော် က “ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊ လွှဲမိုက်ဆုံးမ၊ မေးသမျှခံ၊ ဓမ္မံနက်နဲ၊ ဟောခိုင်မြဲ၍၊  ကျိုးနည်းမထွန်း၊ ခုနစ်ခန်းနှင့်၊ ပြည့်လျှမ်းညီညာ၊ ဤဆရာ” လို့ မှတ်မိလွယ်အောင် လှလှပပ စပ်ဆိုထားတယ်။

ဆရာကို ပါဠိလို “အာစရိယ” လို့လဲခေါ်ပြီး သိဿာနံ ဟိတံ အာစရတီတီ အာစရိယော လို့ ဝိဂြိုဟ်ထားကာ အဓိပ္ပါယ်ကတော့ “ဆရာဆိုတာ တပည့်တို့ရဲ့ အကျိုးစီးပွားကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးတဲ့သူ” လို့ဆိုထားတယ်။

သာရိပုတ္တထေရဂါထာ (ထေရ၊ ၉၉၃) နဲ့အညီ မဃဒေဝ မန်လည်ဆရာတော်ဘုရားက “နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့” ဟု စပ်ဆိုထား တာကိုလည်း တွေ့ရတယ်။

အဲဒီအပြင် “တူညီနှိုင်းဆို၊ မြင့်မိုရ်တောင်ဦး၊ မကကျူးသည့်၊ ကျေးဇူးတရား၊ ဘုရားနှင့်နှိုင်း၊ တစ်ဂိုဏ်းတည်းပြ၊ အနန္တဂုဏ်ဝင် ၊ ကျေးဇူးရှင်” လို့ဆိုတားပြီး ဆရာဆိုတာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်ကြောင်း။ ခင်ပွန်းကြီး ဆယ်ပါး အပါအဝင်ဖြစ်ကြောင်း။

ဘုရားရှင်ကလည်း ဓမ္မပဒမှာ “သူတော်ကောင်း တရားကို သွန်သင်ပြသပေးတဲ့ မြတ်ဆရာအား မီးကို အမြဲမပြတ် ပူဇော်တတ်တဲ့ ဗြဟ္မဏပုဏ္ဏားလို ဆရာကို ရိုကျိုး ရှိခိုးသင့်ကြောင်း” ဟောထားပါသေးတယ်။

Aristotle အဆို

ကမ္ဘာကျော် ဒဿနပညာရှင် Aristotle ကလည်း ” Those who educate children well are more to be honored than even their parents, for those only give them life, those the art of living of well” (တပည့်တွေကို ပညာကောင်းကောင်း သင်ကြားပေးတဲ့ ဆရာတွေကို မိဘတွေထက် ပိုပြီး ဂုဏ်ပြုသင့် ပူဇော်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိဘတွေက လူအဖြစ်အသက်ရှင်အောင် မွေးပေးရုံသာ မွေးပေးပြီး ဆရာတွေက တပည့်တွေကို ကောင်းမွန်စွာ နေထိုင်နည်း အတတ်ပညာကို သင်ပေးလို့ပါပဲ)တဲ့။ ဒါကတော့

- သားသမီးတွေကို အသက်ပေးသူတို့မှာ မိဘ။

- တပည့်တို့ကို ဘဝပေးသူတို့မှာ ဆရာ လို့ ဆိုနိုင်ပါတယ်။

ဆရာဟာ ဆရာပါ

ကုမုဒြာကြာဟာ လရောင်ဆန်းမှ လန်းရသလို ပိတောက်ပန်းဟာ မိုးရေးဖျန်းမှ ဝေဆာရသလို သဇင်ပန်းဟာ နှင်းရည်ဆွတ်ဖျန်းမှ သင်းပျံ့ရသလို တပည့်များလည်း ဆရာရဲ့ သွန်သင်ဆုံးမမှုကြောင့်သာ လန်းစွင့် စန်းပွင့် အားမာန်ဝင့်ရပါတယ်။

ဖိုးလမင်းကို ရှေးခေတ်လူတွေက “ဆန္ဒ”လို့ခေါ်ပြီး ခုခေတ်မှာ တချို့က “စန္ဒာ”၊ တချို့က “သော်တာ” လို့ အမျိုးမျိုး ခေါ်ကြပါတယ်။ ဘယ်လိုပဲခေါ်ခေါ် “လမင်း” ဆိုတာ တစ်ဆူတည်း တစ်ပါးတည်းဖြစ်သလို “ဆရာ” ကို “သတ္ထာ၊ အာစရိယ၊ Teacher အားဂျန်၊ ရှီးဖု . . . ” လို့ ဘယ်လိုပဲခေါ်ခေါ် မြင့်မြတ်တဲ့ ဆရာတို့ရဲ့ ဖြူစင်တဲ့ နှလုံးသားဟာ တသမတ်တည်း ဖြစ်ပါတယ်။

မရှိမဖြစ် ဆရာ

အသက်အတွက် ဆရာဝန်ကို အပ်နှံရသလို၊ ဘဝအတွက် ဆရာ့အထံကို အပ်နှံရပါမယ်။ နေမရှိတဲ့ နေ့ဟာ မတင့်တယ်သလို၊ လမသာတဲ့ည ဟာလည်း မလှပနိုင်ပါ။ ရနံ့မရှိတဲ့ ပန်း၊ ရေမရှိတဲ့ စမ်းလို ဆရာမရှိတဲ့ တပည့်ဟာလည်း ဘဝအတွက် “တက်ပဲ့လှေ” သာဖြစ်ပြီး ဦးတည်ရာမရှိ မျောနေပါ့မယ်။

ဆရာဆိုတာ တပည့်များကို အလင်းရောင်ပေးရင်း မိမိဘဝကို အဆုံးအရှုံးခံရတဲ့ ဖယောင်းတိုင်တွေပါ။ ဓါးများကို ထက်အောင် သွေးပေးရင်း မိမိဘဝ အပွန်းအပဲ့ခံရတဲ့ ဓါးသွေးကျောက်တွေဟာ ဆရာတွေပါ။ ဆရာဆိုတာ မိမိရဲ့ လမ်းပြမှုကြောင့် လှေသဘောင်္များ ဘေးမသီ ရန်မခ လိုရာခရီးပန်းတိုင် အရောက်လှမ်းနိုင်အောင် ဆောင်ရွက်ပေးရင်း မိမိကတော့ ဘဝရေလှိုင်းဒဏ်ကို ကြံ့ကြံ့ခံနေရတဲ့ မီးပြတိုက်တွေပါ။

ဒီ့အပြင် ဆရာတို့ဟာ ဝါသနာကို အရင်းခံ၊ စေတနာကို ကျောရိုးပြု အနှစ်နာကို ထမ်းပိုးထားကြတဲ့ သူတွေပါ။ ဆရာတို့ဟာ “ရိက္ခာ” မရှိသော်လည်း “သိက္ခာ” ရှိသူများ ဖြစ်ပါတယ်။ “အသပြာ” မကြွယ်ဝသော်လည်း “သဒ္ဓါ” ကြွယ်ဝတဲ့သူတွေပါ။ “အာဏာ” မရှိသော်လည်း “သြဇာ” ရှိတဲ့သူတွေပါ။ အထူးသဖြင့် ဆရာတို့ဟာ စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ အကြင်နာ၊ ဝါသနာ၊ စံပြုစရာ စတဲ့ နမူနာယူစရာပေါင်းများစွာကို ရှေ့ဆောင်လမ်းပြ ပေးတဲ့ “လမ်းပြကြယ်” ဖြစ်ပါတယ်။

လူသားဥယျာဉ်မှူး၊ လူမှုရေး ဗိသုကာ၊ အိုးခတ်သမား၊ ပန်းပုဆရာ၊ ကျောက်သွေးသမား၊ ကျောက်ဆစ်သမား၊ ဓါးသွေးကျောက်၊ ဆီမီးတိုင်၊ နံ့သာတိုင်၊ နွံထဲကကြာ စသဖြင့် ဥပမာစုံလင်စွာနဲ့ ဆရာသခင် ကျေးဇူးရှင်တို့ကို “ဤလူ့ရွာအား နံ့သာသင်းစေ၊ မီးလင်းစေတဲ့” သူလို့ အဓိပ္ပါယ်ဖွင့် ဆိုချင်ပါတယ်။

အမှန်ကတော့ ဆရာဆိုတာ လောကမှာ အရေးပါ အရာရောက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မနေအပ်တဲ့ အရပ်ခြောက်ပါးထဲမှာ “ဆရာမရှိတဲ့ အရပ် မနေအပ်” လို့ဆိုထားပါတယ်။

ရုံပိုင်နဲ့ ဆရာ

What is the difference between railway master and a teacher? (ရထား ရုံပိုင်နဲ့ ဆရာ ဘာကွာသလဲ) ဆိုတဲ့ အနောက်တိုင်း မေးခွန်း တစ်ခုကို ဖြေကြားရာမှာ A railway master minds the train where as a teacher trains the mind (ရထားလမ်းကြောင်း မတိမ်းမစောင်းအောင် ထိန်းကျောင်းပေးသူမှာ “ရုံပိုင်”၊ တပည့်များရဲ့ ဘဝလမ်းကြောင်း မတိမ်းမစောင်းအောင် ထိန်းကျောင်းပေးသူသူမှာ “ဆရာ”) လို့ ဖြေထားတာကို မှတ်သားစရာကောင်းလှပါတယ်။

အနာဂတ်အတွက် ဆရာ

The future of the nation is on the shoulder of teachers and how they teach kids. The future of the world is in the classroom where the teachers are, and if we have any chance to guarantee a positive bridge to 21st century, it is how we educate the children in the classroom today. (Richard Reginald Green)

တိုင်းပြည် တစ်ပြည်ရဲ့ အနာဂတ်ဟာ ဆရာတွေရဲ့ ပုခုံးပေါ်မှာ ကျရောက်နေပါတယ်။ ဆရာတွေက တပည့်တွေကို ဘယ်လို သင်ကြားပေးနေသလဲ ဆိုတဲ့အပေါ်မှာ တည်နေတယ်။ ကမ္ဘာကြီးရဲ့ အနာဂတ်ကတော့ ဆရာတွေ သင်ပြနေတဲ့ သင်ခန်းစာထဲမှာ ရှိတာပေါ့။ ဒီကနေ့ ကလေးငယ်တွေကို စာသင်ခန်းထဲမှာ ဘယ်လို သင်ကြားပေးနေသလဲ ဆိုတာတွေဟာ ၂၁ ရာစုမှာ ကောင်းတဲ့ အကျိုး သက်ရောက်မှုတွေကို အာမခံချက် ပေးနေမှာပါ . . . လို့ ရစ်ချာတ်ရီဂျင်နယ်ဂရင်းက ဆရာတွေ အခရာကျကြောင်း ဆိုထားပါတယ်။

လောကနီတိပျို့ဆရာကလည်း “တစ်ပုံမှတ်ကိန်း၊ အိုးထိန်းတို့မှာ၊ အိုးလုပ်ရာ၌၊ ကွဲငှာမခတ်၊ အတတ်ပညာ၊ သင်သောအခါ၌၊ ဆရာတို့ကား၊ တပည့်သားကို၊ မုန်းထားမျက်အိုက်၊ မရိုက်မပုတ်၊ ကြိုးကုတ်ပညာ၊ တတ်အောင်သာလျင်၊ ရိုက်ပုတ်သင်ရှင့်” လို့ ဆိုထားပြီး တပည့်များအပေါ် စေတနာထား သွန်သင်ဆုံးမတာကို သရုပ်သကန်ပေါ်အောင် စပ်ဆိုထားခဲ့ပါတယ်။

ဆရာကောင်းတပည့် ပန်းကောင်းပန်

ဒါကြောင့် တပည့်များကလည်း ဆရာကောင်း ဆရာမြတ်တို့အထံမှာ “တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကြွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျင်၊ ကြိမ်းမောင်းသည်းခံ၊ ဆရာထံ၌၊ သင်အံကျက်မှတ်” ပြုလုပ်ရပါမယ်။ ဒါမှလည်း “ဆရာကောင်းတပည့် ပန်းကောင်းပန် နောက်ဆံတဝင့်ဝင့်” ဆိုတာနဲ့အညီ “မျိုးစေ့လည်းမှန်၊ ပင်လည်းသန်၍၊ ဖူးတံငုံကင်း၊ သီးနှံဝင်း” ဖြစ်ပါမယ်။

ငါးရားငါးဆယ် ဇာတ်နိပါတ်လာ သံဝရဇာတ်တွင် သံဝရမင်းသားဟာ ဆရာမြတ်တို့ရဲ့ ဆုံးမ သွန်သင်မှုကြောင့် နောင်တော် ကိုးဆယ့်ကိုးပါးကို ကျော်လွန်ပြီး မင်းအဖြစ်ကို ရောက်ရှိခဲ့ရပါတယ်။ မိလိန္ဒ မင်းကြီးလဲ ဆရာကောင်း ဆရာမြတ် အရှင်နာဂသိန်ရဲ့ အဆုံးအမကြောင့် သာသနာမှာ ထင်ရှားတဲ့ မင်းတစ်ပါး ဖြစ်ခဲ့ရပါတယ်။ အသောကမင်းကြီးလည်း အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ရဲ့ အဆုံးအမကြောင့် မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်ခဲ့ပြီး သာသနာပြု မင်းကြီးအဖြစ် သမိုင်းတွင် ထင်ရှားခဲ့ပါတယ်။ အနော်ရထာ မင်းစောလဲ အရှင်အရဟံရဲ့ အဆုံးအမကြောင့် တိုင်းပြုပြည်ပြု သာသနာပြု မင်းတစ်ပါး အဖြစ် သမိုင်းတွင် ထင်ရှားခဲ့ရပါတယ်။ မင်းတုန်းမင်း ဖြစ်လာမည့် မောင်လွင်လည်း ဆရာတော် ဦးစန္ဒိမာရဲ့ ဆုံးမမှုကြောင့် ပဉ္စမသံဂါယနာတင် မင်းကောင်းအဖြစ် သမိုင်းမှတ်တိုင် ထူခဲ့ရပါတယ်။

နပသ ရန်ကုန်တွင် တောင်တန်းသာသနာပြု အတွေ့အကြုံများ ရှင်းပြစဉ်

နပသ ရန်ကုန်တွင် တောင်တန်းသာသနာပြု အတွေ့အကြုံများ ရှင်းပြစဉ်

ဆရာမှားလျင်

ဆရာမမှားဖို့အရေးကြီးကြောင်း “ဆရာမှားလျင်၊ တရားစွေသည်၊ ဆရာများလျင် သားသေသည်၊ ဆရာမှားလျင် တစ်သံသရာလုံး မှောက်သည်” ဆိုတဲ့ ဆုံးမစကားတွေလည်း တန်ဖိုးရှိလှပါတယ်။ ဒါကြောင့် အင်္ဂုလိမာလရဲ့ ဆရာ၊ အဇာတသတ်ရဲ့ ဆရာတို့လို ဆရာမျိုးကို ရှောင်ရပါမယ်။ အနောက်တိုင်းသား ဒီဗရစ် တိုကို ဆရာတင်မှားမိပြီး မရှုမလှ ဘဝနိဂုံးအဆုံးသတ်ခဲ့ရတဲ့ နတ်သျှင်နောင်ကိုလည်း သင်္ခန်းစာယူရပါမယ်။

ဆရာကို ပြစ်မှားလျှင်

ခင်ပွန်းကြီးဆယ်ပါး အပါအဝင်ဖြစ်တဲ့ ဆရာကိုလည်း မပြစ်မှားသင့်ပါ။

သင်ဆရာကို ပြစ်မှားစော်ကားပြီး ဘေးတွေ့ခဲ့ရတဲ့ စောင်းသမားမိုက် မူသိက၊ မြင်ဆရာကို ကာပြန်၍ အာခေါင်လှံစူးသွားတဲ့ လုလင်ငယ်ကဲ့သို့ မဖြစ်အောင်လည်း သင်္ခန်းစာယူသင့်ပါတယ်။ ဆရာနှင့်ဝေးတဲ့ မောင်ငယ်ရင်သွေးလဲ စာပေမသင်ခဲ့တဲ့အတွက် နောက်ဆုံး ခွက်လက်စွဲကာ သူတောင်းစားဘဝနဲ့ ဆင်းရဲစွာ ဘဝနိဂုံး ချုပ်သွားတာကိုလည်း သိခဲ့ရပါတယ်။

ဒါကြောင့် လူ့ဘဝမှာ ဆရာဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်ပါတယ်။ “ဆရာမပြ နည်းမကျ၊ ဆရာမရှိ ငပိမဖုတ်နဲ့၊ ဆရာလွတ်တော့ရိုင်း၊ မျဉ်းလွတ်တော့ကိုင်း၊ ဆရာနှင့်ကင်းလျင် လူဖျင်းဖြစ်တတ်သည်” စတာတွေဟာ ဆရာ့ဂုဏ်ကို ဖော်ကျူးတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စကားပုံတွေဖြစ်ပါကြောင်း မှတ်သားရပါတယ်။

ကမ္ဘာ့ဆရာများနေ့

၂၁ ရာစု ယနေ့ခေတ်ကို “ပညာရာစု၊ ပညာခေတ်” လို့ ဆိုကြပါတယ်။ လူ့အဖွဲ့အစည်းကိုလည်း “ပညာလူ့အဖွဲ့အစည်း” လို့ ကင်ပွန်းတပ်ပါတယ်။ ယနေ့ ၂၁ ရာစု ကမ္ဘာ့ရွာမှာ “ပညာသည်သာ ရတနာ၊ ဆရာသည်သည် အခရာ” ဖြစ်လို့ ၂၀၀၈ ခု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကလည်း အောက်တိုဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများနေ့” အဖြစ်သတ်မှတ်ကာ နိုင်ငံအသီးသီးမှ ဆရာများအား ဂုဏ်ပြုအခမ်းအနား ကျင်းပပေးရန် ကြေငြာချက် ထုတ်ပြန်ထားခဲ့တယ်။

ဆရာ့ (၁၁) မျိုး

၂၀၁၀-၂၀၁၁ ပညာသင်နှစ် ပုသိမ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ဦးချစ်မြိုင် (သင်္ချာ)က ဆရာကို အောက်ပါအတိုင်း ဖွင့်ဆိုထားပါတယ်။

၁။ လမ်းပြကြယ် တစ်ဦး A Guide

၂။ ခေတ်မီအောင် ပြုလုပ်တတ်သူ တစ်ဦး A Modernizer

၃။ စံနမူနာ တစ်ဦး An Example

၎။ သင်ကြားပေးသူ တစ်ဦး A Teacher

၅။ ရှာဖွေသူ တစ်ဦး A  Searcher

၆။ အတိုင်အပင်ခံ တစ်ဦး A Counselor

၇။ အာဏာပိုင် တစ်ဦး An Authority

၈။ လုပ်ရိုးလုပ်စဉ် အလုပ်လုပ်သူ A Doer of Routine

၉။ သရုပ်ဆောင် တစ်ဦး An Actor

၁၀။ အမှန်တရားကို ရင်ဆိုင်ဝံ့သူ တစ်ဦး A Facer of Reality

၁၁။ ရာဖြတ် တစ်ဦး A Evaluator ဆိုပြီး ဆရာ့ရဲ့အဓိပ္ပါယ် ဆရာ့ရဲ့ဂုဏ်တွေကို ဖွင့်ဆို ဖော်ညွှန်းခဲ့တာ မှတ်သားစရာပါ။ ကဗျာဆရာ ကန့်ဘလူ ခင်မောင်ဆွေကလည်း “မြတ်သာပုဂ္ဂိုလ်၊ ဆရာဆိုသည်၊ စာကိုလည်းသင်၊ လူလည်းပြင်လျက်၊ သံဇဉ်ပျော့ပြောင်း၊ ငြိမ့်ငြိမ့်ညောင်းအောင်၊ ခေါင်းလောင်းထိုးနေသူ”လို့ မြတ်နိုးဖွယ်စာသားလေးနဲ့ ဆရာ့ဂုဏ်ကို ဖေါ်ညွှန်းသွားပါတယ်။ အမှန်ပြောရရင် ဆရာဆိုတာ တပည့်တို့အတွက် “အရာရာ (သို့မဟုတ်) အရာများစွာ” ဖြစ်ပါတယ်။

အမိတက္ကသိုလ် ဆရာများ

နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ “၀ိသုဘိပါ၊ မြန်လိပ်စာ၊ ဒေသနာပြန့်ပွားရေး” ဆိုပြီး ဘာသာရပ် (၇) ခုရှိပါတယ်။

ဝိ=၀ိနည်းဆရာက တပည့်များအတွက် စည်းကမ်းနည်းလမ်းများ သိစေပါတယ်။

သု= သုတ္တန်ဆရာက တပည့်များအတွက် ဗဟုသုတဘဏ်တိုက်ကြီး ဖွင့်ပေးပါတယ်။

ဘိ= အဘိဓမ္မာဆရာက တပည့်များအတွက် သဘာဝတ္ထကို မြင်အောင်ပြပေးပါတယ်။

ပါ= ပါဠိဆရာကတော့ ဂန္ထဝင်ကျမ်းမြတ်ကို ဘာသာဗေဒရှုထောင့်မှ အထူးသိစေပါတယ်။

မြန်= မြန်မာစာဆရာကတော့ မြန်မာတို့ရဲ့ စာပေအနုပညာအလှကို အသိပညာရအောင် သင်ပေးပါတယ်။

လိပ်= အင်္ဂလိပ်ဆရာကတော့ ခေတ်သစ်ကမ္ဘာနဲ့ သာသနာကို ရင်ဘောင်တန်းနိုင်အောင် သင်ပေးပါတယ်။

ဒေသနာ= ဒေသနာပြန့်ပွားရေးဆရာကတော့ အတိတ်သမိုင်းနဲ့ ပိဋကတ်စာပေမှ သာသနာပြုနည်းများ၊ သမိုင်းပေး သင်္ခန်းစာများကို သင်ကြားပေးပါတယ်။ သင်ကြားစီမံ ရုံးဌာနဆရာများကတော့ ပရိယတ္တိ တာဝန် ထမ်းနေကြတဲ့ သံဃာတော်များ စိတ်ချမ်းသာအောင် စားဝတ်နေရေး ကျန်းမာရေး အဆင်ပြေအောင် ဆောင်ရွက်ပေးတဲ့ ဆရာတွေဖြစ်ပါတယ်။

သာသနာ့တက္ကသိုလ် ဆရာများဟာ အပြင်က ဆရာတွေနဲ့ နှိုင်းရင် လာဘ်လာဘနဲကြောင်း သိရပါတယ်။ ဒါပေမယ့် သာသနာ့တက္ကသိုလ်ဆရာများဟာ တပည့်သင်တန်းသားများရဲ့ ဒိဋ္ဌအကျိုး သမ္ပရာယိက အကျိုးတို့ကို စေတနာ၊ ဝါသနာ၊ အနစ်နာ၊ စံနမူနာ စတဲ့ နာပေါင်းများစွာနဲ့ “တက္ကသိုလ်ဆရာ” ဟူသော “သိက္ခာ” ကို လာဘ်လာဘ ဟူသော “ရိက္ခာ” နဲ့ မလဲနိုင်တဲ့ ဆရာတွေဖြစ်ကြောင်း၊ အမိတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်တဲ့ သင်တန်းသားများဟာ ပြည်တွင်းပြည်ပ နှစ်ဌာနမှာ သာသနာပြု သူရဲကောင်းများ အဖြစ် ထည်ဝါစွာ ရပ်တည်နေတာကို သိရတဲ့ ပီတိနဲ့  သာသနာ့အတွက် အားရှိနေတဲ့ ဆရာတွေဖြစ်ကြောင်း … ဆရာသခင်ကျေးဇူးရှင်များအားလုံးကို ဒီဆောင်းပါးနဲ့ ကန်တော့ပါတယ်ဘုရား။

= မှတ်ချက် =

သာသနာ့တက္ကသိုလ်ဆရာ အပါး (၇၆)ပါးတို့ဟာ လခစားတွေ မဟုတ်ပါ။ လခ မရှိပါဘူး။ လခလဲ မမျှော်ပါဘူး။ သာသနာ့တက္ကသိုလ် ဖွင့်စကနေ ဒီနေ့အထိ နိုင်ငံတော်မှ ထောက်ပံ့ကြေးအလှူငွေ လစဉ်လှူပေးပါတယ်။ သူငယ်ချင်းတစ်ပါးကို မေးကြည့်တော့ သူမ မပြောပြရဲဘူး။ ကျန်တဲ့ တစ်ပါးကို မေးတော့ အစက တစ်လကို ကျပ် ၂၀၀ ကစပါတယ်။ နောက်ပိုင်း ကျပ် ၄၀၀၊ နောက်ပိုင်း ကျပ် ၁၅၀၀၊ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ကျပ်သုံးသောင်းအထိ သုံးသောင်းကျော်အထိ လစဉ် ထောက်ပံ့ကြေးတွေ အလှူခံရပါတယ်တဲ့။ ဒေါ်လာနဲ့ တွက်ရင် (၃၅) ဒေါ်လာပါ။ စားရေးနေရေးကတော့ ဆရာတွေရော ကျောင်းသားတွေရော သက်ဆိုင်ရာက အားလုံးတာဝန်ယူပါတယ်။

ပရိယတ္တိသာသနာတော်အတွက် စွမ်းစွမ်းတမံ လူမသိ သူမသိပေမယ့် သာသနာ့တာဝန်ကို အသိရှိရှိ ထမ်းဆောင်နေကြတဲ့ ပရိယတ္တိသာသနာ့တက္ကသိုလ်ဆရာများ၊ ကျောင်းသားများ အတွက် လစဉ် နှစ်စဉ် ပံ့ပိုးတဲ့ အလှူရှင်များ များများရှိပါစေလို့လည်း စာရေးသူ ဆုတောင်း မေတ္တာပို့လျက်ပါ။

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း)

 

Tags:

About laisaitai