အမေညွှန့်

001

အမေညွှန့်ဆိုတာ စဝ်ဆုခမ်းရဲ့ မိခင်ပါ။ မိခင်ကြီးရဲ့ (၈၃) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်မှာ ဒီဆောင်းပါးနဲ့ အမေ့ကိုကျေးဇူးဆပ် အမေ့ပုံရိပ်တွေကို မှတ်တမ်းတင်ခြင်းပါ။

ဘဝအစ

စာရေးသူရဲ့ ရဟန်းမယ်တော်ကြီးဟာ ၁၂၉၀ ပြည့် နတ်တော်လဆန်း (၄) (၁၅၊၁၁၊၁၉၂၈)ရက်နေ့မှာ အဘ  ဦးငင်းဆွဲ့ (ခေါ်) ဖအိန္ဒ၊ အမိနိုင်းငင်းဆွဲ့(ခေါ်) နိုင်းဆိုင်ဆာတို့မှ နမ့်ခမ်းမြို့မှာ မွေးဖွားခဲ့တယ်။ မွေးချင်းတွေကတော့ နန်းရွက်ခမ်း၊ နန်းဟိန်း၊ နန်းကြာ၊ နန်းဆော၊ မောင်ညွှန့်၊ နန်းခမ်းဆိုင်တို့ဖြစ်တယ်။ မွေးချင်း (၅) ယောက်အနက် အထွေးဆုံးဖြစ်သလို အချောဆုံးလည်း ဖြစ်ခဲ့တယ်။ ငယ်နာမည် နန်းခမ်းဆိုင် (ခမ်း=ရွှေ၊ ဆိုင်=ကြည်လင်ခြင်း) ဖြစ်ကာ သူတို့ခေတ် သူတို့အခါတုံးက နန်းခမ်းဆိုင်ဟာ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ဖြစ်ခဲ့တယ်။ မြန်မာနာမည်ကတော့ မညွှန့်တဲ့။

ဒုတိယကမ္ဘာစစ်နဲ့လည်း ကြုံခဲ့တယ်။ ကောင်းကင်ဝေဟင်က လေယာဉ်တိုက်ပွဲတွေလည်း နန်းခမ်းဆိုင် မြင်ခဲ့ရတယ်။ ဂျပန်တပ်တွေ နမ့်ခမ်းမြို့ကို လာသိမ်းစဉ် နမ့်ခမ်းအကြီးအကဲတွေ ထွက်ကြိုဆိုကြလို့ ဂျပန်က နမ့်ခမ်းမြို့ကို အကောင်းမြင်ခဲ့တယ်။ အဲဒီတုံးက နန်းခမ်းဆိုင်ဟာ အပျိုအရွယ်ရှိပြီး အစ်မ အဒေါ်တို့နဲ့ အတူ ဂျပန်စစ်သားတွေထံ ခြံထွက်မုန်ညင်း၊ ကြက်သွန်မြိတ် စတာတွေ သွားရောင်းခဲ့ဖူးတယ်။ ဒုတိယကမ္ဘာစစ်မီး ငြိမ်းခါနီးမှာ မဟာမိတ်တို့က နမ့်ခမ်းမြို့ကို ဗုံးတွေတ၀ုန်းဝုန်းကြဲလို့ ဗုံးခိုကျင်းတွေမှာ အကြိမ်ကြိမ် ပုန်းနေခဲ့ရတယ်။ ဗုံးကြဲလေယာဉ် ဟုတ်မဟုတ်ကို ခွေးတွေက သိတယ်တဲ့။ လေယာဉ်သံကြားပြီး ခွေးတွေ ထွက်ပြေးရင် နန်းခမ်းဆိုင်နဲ့ လူတွေလည်း ဗုံးခိုကျင်းထဲ ဝင်ကြတယ်တဲ့။ မယ်တော်ကြီးပြောပြချက်အရ တစ်နေ့ကျတော့ လေယာဉ်ပျံတစ်စီး စာရွက်တွေ လာကြဲတယ်။ နန်းခမ်းဆိုင်ကလေးမလေးက အဲဒီငွေစက္ကူလို စာရွက်လှလှလေးတွေကို သူငယ်ချင်းတွေနဲ့ အပြေးအလွှားသွားကောက်ယူကာ ပျော်ရွှင်နေကြတယ်။ အိမ်ကို ပြန်ရောက်လာတော့ သူ့အစ်မကို တစ်ဖက်သတ် ချစ်ကြိုက်နေတဲ့ ဂျပန်စစ်ဗိုလ်ကြီးတစ်ယောက်က အိမ်ကို ရောက်နေတယ်။ နန်းခမ်းဆိုင်က သူရလာတဲ့ စက္ကူလှလှလေးတွေကို သူ့အမေကို ပြလိုက်တယ်။ အဲဒီအချိန် ဂျပန်စစ်ဗိုလ်ကြီးက အဲဒီစာရွက်ကို တောင်းကြည့်လေတော့တယ်။

ဂျပန်စစ်ဗိုလ်ကြီး အဲဒီစာရွက်လေးကို ကြည့်ပြီး မျက်ရည်တွေ ဒလဟော စီးကျလာတော့တယ်။ နန်းခမ်းဆိုင်ကလေးမလည်း ငေးကြည့်ပြီး ဂျပန်စစ်ဗိုလ်ကြီး ဘာကြောင့်ငိုသလဲ သူမသိပါ။ နောက်ပိုင်း လူကြီးတွေ ပြောပြတော့မှ သိရတော့တယ်။ အကြောင်းရင်းက ဒီလိုပါ . . .

အမေရိကန်ဗုံးကြဲလေယာဉ်က ဟိုရိုရှီးမားနဲ့ နဂါးစကီးမြို့ကို အနုမြူဗုံးကြဲလိုက်တော့ ဂျပန်တွေ အရမ်းတုန်လှုပ်သွားတော့တယ်။ ဂျပန်ဘုရင်ကိုယ်တိုင် “ဒီအတိုင်း အာခံနေရင် ငါတို့ဂျပန်လူမျိုးတွေ တစ်ယောက်မှ ဒီကမ္ဘာပေါ်မှာ ကျန်တော့မှာ မဟုတ်ဘူး။ အားလုံးလက်နက်ချလိုက်တော့”ဆိုပြီး ကြေငြာလိုက်တယ်။ ခုနက စာရွက်လေးက ဗောဓိညောင်ရွက်ပုံပါတဲ့ ဂျပန်ဘုရင်ရဲ့ အမိန့်တော်ပြန်တမ်း ပဲဖြစ်ပါတယ်။ ဒါကြောင့် အာရှတလွှား ရှေ့တန်းစစ်မျက်နှာမှာ ရောက်နေကြတဲ့ ဂျပန်စစ်သားတွေ စစ်ဗိုလ်တွေ လက်နက်ချရတော့တယ်။ တချို့ဂျပန်စစ်ဗိုလ်တွေ ကိုယ့်ကိုယ်ကို ဓါးနဲ့ အဆုံးစီရင်သွားတာတွေလည်း အများကြီးပါ။ နန်းခမ်းဆိုင်တို့ရဲ့ အိမ်ကို ရောက်လာတဲ့ ဂျပန်ဗိုလ်လည်း သူ့ကိုသူ အဆုံးစီရင်သွားတယ်လို့ သိရတယ်။

လူမှုရေး အိမ်ထောင်ရေး

ဒါကတော့ ဒုတိယကမ္ဘာစစ်မှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံပါ။ အဲဒီနောက် လွှတ်လပ်ရေးခေတ်၊ တော်လှန်ရေးခေတ်၊ ခေတ်အမျိုးမျိုးဖြတ်သန်းလာခဲ့ပြီး ကချင်ပြည်နယ် ရွာသစ်ကြီး တကွင်းရွာသားဖြစ်တဲ့ စာရေးသူရဲ့ ဖခင်နဲ့ ဖူးစာဆုံပြီး တန့်ယန်းမြို့ကလေးကို လာရောက်အခြေချကြတယ်။ အမေနဲ့အဖေတို့ လက်ထပ်တုံးက အမေ့ဖက်က ဆွေမျိုးတွေ လုံးဝ သဘောမတူခဲ့ကြဘူး။ အမေ့ကို ဆွေမျိုးတွေအားလုံး အမွေပြတ် စွန့်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ အမေက အချောစာရင်းထဲပါတယ်လေ။ အဖေက ဘုန်းကြီးလူထွက်။ ဒါကြောင့် သူတို့ သဘောမတူတာနေမှာပါ။

ဦးလှရွှေ ဒေါ်ညွှန့်

ဦးလှရွှေ ဒေါ်ညွှန့်

အဖေက ကချင်ပြည်နယ် ဟိုပင်မြို့၊ ရွာသစ်ကြီးကနေ ရဟန်းဝတ်ပြီး ခေတ်ပျက်ကာလမှာ စာဝါတွေ ပြတ်တောင်းပြတ်တောင်းနဲ့ လောကုတ္တရာစာ လိုက်ခဲ့တယ်။ ဘွဲ့တော်က ဦးဝိလာသတဲ့။ အဟောအပြောမှာ ရဲရင့်တာကြောင့် ရဟန်းဝါ မရခင်ကတည်းက ကျောင်းထိုင်ခဲ့ရတယ်တဲ့။ တရားလှည့်ဟောရင်း နမ့်ခမ်းကလူတွေ သွားပင့်လို့ နမ့်ခမ်းမြို့နယ် နမ္မတီးရွာ၊ နောင်ကောင်ရွာ စတာတွေ ကျောင်းထိုင်ခဲ့တယ်။ တရားဟော ကောင်းတာကြောင့် ကြည်ညိုသူ များခဲ့သလို မနာလိုသူတွေလည်း မရှားပါဘူး။ မြို့နဲ့ ၂ မိုင်နီးပါးဝေးတဲ့ ရွာကနေ ဆွမ်းလာခံတယ်။ မနာလိုသူတွေက ချောင်းရိုက်ပြီး သေပြီထင်လို့ ချုံထဲ ပစ်ထားတာလဲ ခံခဲ့ရတယ်။ နောက်ပိုင်း ရွာသားတွေက မြို့ထဲကို ဆွမ်းမခံစေတော့ပါဘူး။

ဦးဝိလာသဟာ ရှမ်းကဗျာ လင်္ကာတွေ ရေးစပ်တာ အထူးကျွမ်းကျင်ပြီး လယ်တီဒီပနီ သံပေါက်လင်္ကာတွေကို ရှမ်းလို ပြန်သင်ပေးနိုင်ခဲ့တယ်။ (ယနေ့အထိ ဦးဝိလာသရဲ့ ကဗျာတွေ ရုပ်နာမ်ခန္ဓာသရုပ်ခွဲတွေကို ဇောတိရှမ်းများက လက်ဆင့်ကမ်း သင်ယူနေဆဲပါ)။ နောက်ပိုင်း ဦးဝိလာသ ကျန်းမာရေး အခြေအနေမကောင်းတော့ပါ။ ပယောဂပြုစားခံရတယ်လို့ ဆိုပြီး အော့အံတိုင်းလည်း ကြက်မွှေး၊ ဆံပင်မွှေးတွေ ထွက်လာတဲ့အထိ အပြုစားခံရတယ်လို့ ဆိုတယ်။ ပယောဂကုဆရာ တစ်ယောက်က ရဟန်းဝတ်နဲ့ဆိုရင် သူကုလို့ မရနိုင်တော့ဘူး။ လူထွက်ရင်တော့ ကုနိုင်မယ် ဆိုလို့ ဦးဝိလာသလည်း လူထွက်ကာ ရောဂါကို ကုစား သက်သာလာခဲ့တယ်။ နောက်ပိုင်း အမေဖြစ်သူ နန်းခမ်းဆိုင်နဲ့ ဖူးစာဆုံပြီး တန့်ယန်းကို ခိုးပြေးလာကြတာပါ။

လာတုံးကတော့ နှစ်ယောက်ပေါင်းမှ ထင်းရူးသေတ္တာလေး တစ်လုံးပဲရှိတယ်။ ဒါပေမယ့် မောင်တစ်ထမ်း မယ်တရွက်နဲ့ အတူပါရမီ ဖြည့်ခဲ့တဲ့ ဖေဖေနဲ့ မေမေဟာ အတွဲညီတယ်လို့ ဆိုရမယ်။ အဖေက စက်ချုပ်တဲ့နေရာ လက်ရာ အလွန်ကောင်းတယ်။ ရှမ်းဘောင်းဘီချုပ်တာ အလွန်နာမည်ကြီးတယ်။ (Mong Tai Army ရဲ့ ခေါင်းဆောင် ဦးခွန်ဆာကိုယ်တိုင်က ဒီလို ပြောဖူးတယ် . . . “ကမ္မဋ္ဌာန်းဆရာ ဦးလှရွှေချုပ်တဲ့ ရှမ်းဘောင်းဘီက တကယ်ဝတ်လို့ ကောင်းတယ်။ ငါကတော့ သူချုပ်တဲ့ ဘောင်းဘီကိုပဲ ကြိုက်တယ်” . . . တဲ့။ တန့်ယန်းရောက်လာတော့ ခေတ်က မကောင်းဘူး။ ၁၉၅၉ ရှမ်းတော်လှန်ရေးတွေက တန့်ယန်းမြို့ကို တစ်ပတ်လောက် ဝင်သိမ်းသွားတယ်။ အဲဒီအချိန် အစ်ဖြစ်သူ နန်းကြည်ကြည်သိန်းက အမေ့ဝမ်းထဲမှာ အရင့်အမာကြီးဖြစ်နေတယ်တဲ့။ ထမင်းစားခါနီးအချိန် မြန်မာ့လေတပ်မတော်က ဗုံးလာကြဲတော့ အမေက အိမ်သာထဲမှာ သွားပုန်းနေတယ်။ အဖေကတော့ ဗုံးခိုကျင်းမှာ နေပြီး အမေ့ကို မတွေ့တာနဲ့ လိုက်ရှာတယ်။ အမေရှိတဲ့နေရာကို သိတော့ အမေထမင်းဆာမှာစိုးလို့ဆိုပြီး အဖေက ဗုံးသံ သေနတ်သံတွေအကြားထဲက မိုးဖိုချောင်ထဲကိုသွား၊ ထမင်းပန်းကန်ထဲ ငါးကြော်တစ်ကောင်ထဲ့ကာ အမေ့ကို ယူသွားပေးရှာတယ်။ ဒါပေမယ့် အမေက ဘယ်စားနိုင်မလဲ။ ဟုတ်ပါ့ ဟိုးတုံးက အိမ်သာက ခုလိုရေလောင်းအိမ်သာမှ မဟုတ်တာနော့်။ အကြာကြီး စွန့်ချမှ “ဘုတ်”ဆိုပြီး ကျသွားတဲ့ဥစ္စာ . . . နောက်ပိုင်း အဖေက အမေ့ကို ဗုံးခိုကျင်းထဲမှာ သွားပုန်းစေပြီး ဟင်းရည်မရှိတဲ့ နေ့လည်စာကို ကြိတ်မျိုချခဲ့ရတယ်တဲ့။ ဒါတွေကို အဖေအမေတို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြထားတာကို ကြားရလို့ စာရေးသူ တင်ပြခြင်းပါ။ အစ်မကြည်ကြည်သိန်း မမွေးခင်မှာ အဖေဘက်ကနေ ပါလာတဲ့ သမီးတစ်ယောက် (နန်းတင်ဦး ၂ နှစ်အရွယ်မှာ) ဆုံးသွားတယ်။ အဖေရဲ့ ပထမအိမ်ထောင်ကျတုံးက အသက်ငယ်သေးတယ်။ အသက် (၁၆)နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့တယ်တဲ့။ တောရွာမှာက အိမ်ထောင်ပြု စောကြတယ်လေ။ ကချင်ပြည်နယ် ဟိုပင်သူနဲ့ တွေ့ခဲ့တာပါ။ အခု အဖေ့ရဲ့ သမီးကြီး နန်းစောမေ ဆိုသူတစ်ယောက် ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ တကွင်းရွာမှာ ကျန်ရှိနေသေးတယ်။ စာရေးသူတို့နဲ့ဆိုရင် အဖေတူ အမေကွဲပေါ့။ စာရေးသူနဲ့ အစ်မနန်းစောမေတို့ကလည်း သွေးရင်းသားရင်းလိုပဲ ချစ်ခင်ကြတယ်။ နန်းစောမေတို့ရဲ့ အမေနဲ့ အိမ်ထောင်ကွဲပြီးနောက် အဖေက ရဟန်းဘောင်ထဲ ရောက်လာတယ်။ အမေညွှန့်လည်းပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်ဖြစ်ခဲ့တဲ့သူပါ။ နမ့်ခမ်းက စိုင်းပုဆိုတဲ့သူနဲ့ အိမ်ထောင်ကျပြီး သမီးတစ်ယောက် ရခဲ့တယ်။ သို့သော် သုံးလသမီးအရွယ်မှာ ဆုံးသွားခဲ့တယ်။ ကိုစိုင်းပုဟာ သဘောကောင်းပြီး ရိုးသားဖြူစင်သူဖြစ်တယ်။ အမေနဲ့ ဘာကြောင့်ခွဲသွားသလဲလို့မေးတော့ ကိုစိုင်းပုတို့ဘက်က ဆင်းရဲတယ်။ မိခင်အို ဖခင်အိုအပြင် ကိုစိုင်းပုရဲ့ အစ်မ(အပျိုကြီး)ရယ်၊ သူ့ညီမ (မုဆိုးမ) ၂ ယောက်ရယ် မုဆိုးမတို့ရဲ့ သားသမီးတွေရယ် တစ်အိမ်ထဲမှာ မိသားစု အများကြီးရှိတယ်။ ကိုစိုင်းပုက သဘောကောင်းပေမယ့် သူ့ရဲ့ အသိုင်းအဝိုင်းဒဏ်က မလွယ်လို့ လမ်းခွဲလိုက်တယ်လို့ အမေက ပြောတယ်။ ကိုစိုင်းပုလည်း သဘောတူခဲ့တယ်လို့ပြောတယ်။

အမေဟာ နမ့်ခမ်းမှာ လူပျိုခေါင်းဆောင်လုပ်ခဲ့ပြီး ရပ်ရေးရွာရေးကို ကူညီဆောင်ရွက်ခဲ့တယ်။ အသက် (၂၉) နှစ်မှာ ရဟန်းဘ၀ကနေ လူထွက်လာတဲ့ ဦးလှရွှေနဲ့ အကြောင်းပါပြီး တန့်ယန်းဘက်ကို ပြောင်းရွှေ့လာခဲ့တယ်။ ဒါကြောင့် စာရေးသူက တန့်ယန်းသား လာဖြစ်တာ။

စာရေးသူ မွေးပြီး နောက် ၂ နှစ် ၁၉၆၂ ခုမှာ တော်လှန်ရေးကောင်စီ တက်လာပြီး စာရေးသူတို့အိမ်မှာ ရှိတဲ့ အရောင်းပစ္စည်းတွေအားလုံး ပြည်သူပိုင် သိမ်းခံရတယ်။ အဖေကတော့ သိမ်းလည်း ဘာတတ်နိုင်မလဲဆိုပြီး တရားနဲ့ ဖြေတယ်။ အမေကတော့ မျက်ရည်ကျတဲ့အပြင် ရသလောက် ပစ္စည်းတွေ သိမ်းထားတာ စာရေးသူ မှတ်မိသေးတယ်။

အမေညွှန့်တို့ မိသားစု

အမေညွှန့်တို့ မိသားစု

အဲဒီည စာရေးသူ သတိထားမိတာကတော့ စာရေးသူတို့ မိသားစု အိပ်တဲ့ အိပ်ယာခင်းက မြင့်လာသလိုခံစားမိတယ်။ စာရေးသူက ငယ်ငယ်ကတည်းက စပ်စုတယ်လေ။ အိပ်ယာခင်းကို လှန်ကြည့်တော့ ပိတ်အုပ်တွေ ပိတ်စတွေ အများကြီး အောက်မှာ ခင်းထားတာတွေ့ရတယ်။ အမေက စာရေးသူကို လှန်မကြည့်ဖို့ ခဏခဏ တားတာကို မှတ်မိသေးတယ်။ ဘယ်သူကိုမှ သွားမပြောနဲ့တဲ့။ အမေက အရောင်းအဝယ်လုပ်တာလဲ ကျွမ်းကျင်တဲ့သူပါ။ အမေက နမ့်ခမ်းသူလေ။ အပျိုဘဝကတည်းက အဝတ်အထည်တွေ ကုန်ကူးခဲ့တဲ့သူပါ။ အမေရဲ့ အစ်မ ဒေါ်နန်းကြာလည်း ထို့အတူပါပဲ။ ဒါပေမယ့် အတွေးအမြင် မတူဘူး။ ဒေါ်နန်းကြာက မြို့သားတွေကြိုက်တဲ့ အဆင်တန်ဆာတွေကို မန္တလေးကနေ ဝယ်လာပြီး နမ့်ခမ်းကို လာရောင်းတယ်။ အမေကတော့ တောသူတောင်သားတွေ ကြိုက်တဲ့ အဆင်တန်ဆာတွေကို ဝယ်လာပြီး လာရောင်းတယ်။ မြို့သားတွေဝယ်ရင် တစ်ထည် နှစ်ထည်လောက်ပဲဝယ်တယ်။ တောသူတောင်သားတွေဝယ်ရင် တစ်ရွာလုံး ဆင်တူဝယ်တာကို သိလို့ အမေက တောအကြိုက်ကိုပဲ မှာပြီး ရောင်းခဲ့တယ်။ အမြတ်အစွန်းလည်း သူ့အစ်မထက် ပိုရတယ်တဲ့။

အခုထိ စာရေးသူတို့ အိမ်မှာ နိဗ္ဗာန်ကုန်ဆိုင်ပဲ ဖွင့်ထားတယ်။ အမေကို အမေ့ရဲ့ သမီးနဲ့ မြေးမ.တွေကပြောတယ်။ တခြားခေတ်မီတဲ့ ပစ္စည်းတွေ ပြောင်းပြီး ရောင်းခိုင်းပေမယ့် အမေက မပြောင်းပါဘူး။ အမေက ဘာပြောသလဲဆိုတော့

“မင်းတို့ ရောင်းခိုင်းတဲ့ ခေတ်မီပစ္စည်းတွေက မကြာခင်မှာ ရိုးသွားတတ်တယ်။ ငါရောင်းနေတဲ့ ဘုရားပစ္စည်း နိဗ္ဗာန်ပစ္စည်းတွေကတော့ ဘယ်တော့မှ မရိုးနိုင်ဘူးသိလား၊ မင်းတို့ကို မငတ်အောင်၊ သူများလို တန်းတူအောင် ထားနိုင်တာလဲ ဒီမရိုးနိုင်တဲ့ ပစ္စည်းတွေကြောင့်ပဲ သိလား” တဲ့…

ဟုတ်ပါ့။ အမေ့အတွေးအခေါ် မှန်လိုက်တဲ့ဖြစ်ခြင်း။ သူ့သမီးတွေ မြေးတွေ စီးပွားလုပ်တာ ဟိုပြောင်းဒီပြောင်း ဟိုဟာရောင်း ဒီဟာရောင်းနဲ့ ခေတ်မီပစ္စည်းတွေ ခေတ်မမီတော့တာကြောင့် အလုပ်မဖြစ်ပါဘူး။ အမေ့ရဲ့ ခေတ်မမီ ခေတ်နောက်မကျတဲ့ ပစ္စည်းတွေကသာ အခုထက်ထိ အလုပ်ဖြစ်နေတုံးပါ။

စာရေးသူ ငယ်တုံးက အိမ်မှာ ချည်ခင်ချည်ကြိုးတွေ ရောင်းပါတယ်။ ဒီဒေသက ပလောင်တိုင်းရင်းသားတွေ ကိုယ်တိုင် ချည်လုံးချည်ငင်ဝယ်၊ ကိုယ်တိုင်ယက်ပြီး ဝတ်ကြတာကိုး။ ဒါကြောင့် ပလောင်တွေအတွက် အမေတို့က မန္တလေးကနေ ချည်ကြိုးတွေဝယ်ပြီး တန့်ယန်းမှာ ပြန်လာရောင်းပါတယ်။ ချည်အဖြူကိုလည်း အဖေအမေတို့က အရောင်အမျိုးမျိုးဆေးဆိုးပြီး ရောင်းကြတယ်။ စာရေးသူငယ်တုံးက အဖေ့အမေ့လက်ဝါးတွေဟာ အမြဲလိုလို ဆေးရောင်တွေပေနေတာတွေ့ရတယ်။ ပန်းရောင်ချည်ဆိုးတဲ့နေ့ဆိုရင် အမေက သူ့လက်ဝါးကို ဖြန့်ပြပြီး နတ်သမီးလက်တွေက ဒီလိုအရောင်ရှိတယ်သားရဲ့တဲ့။ တစ်ခါတစ်လေ တောင်ပေါ်ကနေ ဈေးလာဝယ်တဲ့ ပလောင်တွေ အိမ်ဆိုင်မှာ ပြည့်နေတော့တာပါပဲ။ စာရေးသူတို့ အိမ်က ဈေးသစ်ရဲ့ အရှေ့ဖက်မှာရှိတော့ တကယ့် ပဋိရူပဒေသ (သင့်တော်တဲ့နေရာ)ပါ။

အစတုံးက ဒီအိမ်ကို အဖေအမေတို့က ငှားပြီးနေတယ်။ စီးပွားတက်လာတော့ နောက်ပိုင်း အပိုင်ဝယ်ယူလိုက်တော့တယ်။ အဖေဆိုရင် မိုင်းကောင်၊ မိုင်းရယ်၊ သီပေါ လားရှိုးစတာတွေအထိ ဈေးသွားရောင်းတယ်။ အမေကတော့ အိမ်စောင့်ရတာပေါ့။ ဒီလို ဈေးရောင်းရင်းနဲ့ လားရှိုးလမ်း (မယ်ဟန်ရွာအနီးမှာ)မှာ အဖေတို့စီးတဲ့ ဂျစ်ကားကို အမှိုက်တင်တဲ့ ကားကြီးတစ်စီးက ဝင်တိုက်လို့ ကားမောင်းသူသေပြီး ကျန်တဲ့သူတွေ ဒဏ်ရာအသီးသီးရကြတယ်။ အဖေကံကောင်းတယ်လို့ ဆိုရမယ် အဖေက ကားမောင်းသူရဲ့ ဘေးမှာထိုင်နေတယ်။ ရှေ့မှာ အတူထိုင်တဲ့ အဖေ့သူငယ်ချင်း ဦးဘခင်လည်း မျက်နှာရိုးကျိုးသွားပြီး၊ ရှေ့ဘေးမှာထိုင်တဲ့ ကချင်ကောင်လေးလည်း ကားပိပြီး သေသွားတယ်။ ကားတိုက်တဲ့အချိန် အဖေက အထဲကနေ ကားခေါင်မိုးကိုကျော်ပြီး လမ်းဘေးကို လွင့်ထွက်သွားကာ အပြင်ဖက်မှာ မတ်တပ်ရပ် မေ့နေတယ်။ ဂျစ်ကားက အပေါ်မှာ မိုးကာ မရှိဘူး။ နောက်က လိုက်တာတဲ့ ကားစတစ်စီးပေါ်က လူတွေ တွေ့တာကတော့ အဖေ့က လူတစ်ရပ်အမြင့် ကောင်းကင်ပေါ် မြှောက်တက်သွားတာ မြင်လိုက်ရတယ်လို့ ပြောတယ်။ ကားရှေ့မှန်စတွေကတော့ အဖေ့ရဲ့ ဦးခေါင်းကို ထိခိုက်ပြီး ဒဏ်ရာရခဲ့တယ်။ နောက်ဘက်နံရိုး ၁ ချောင်းကျိုးခဲ့တယ်တဲ့။ သားသမီးတွေအတွက် အဖေတို့ အမေတို့ ရုန်းကန်ခဲ့ရတဲ့ သွေးတွေ ချွေးတွေပါ။ အခန့်မသင့်ရင် အသက်ပါ ပါသွားနိုင်တယ်။

အမေညွှန့် နှင့် ချစ်တဲ့ သားနဲ့ သမီး

အမေညွှန့် နှင့် ချစ်တဲ့ သားနဲ့ သမီး

သားသမီးတွေအပေါ်လည်း အဖေအမေတို့က မေတ္တာရှေ့ထားကြတယ်။ တာဝန်ကျေကြတယ်။ ဆုံးမသင့်တာကိုလည်း မှတ်လောက်သားလောက်အောင် ဆုံးမတတ်တယ်။ အဖေက ဆူရင် အမေက ပြန်ချော့တတ်သလို အမေက ဆူရင်လည်း အဖေက အားပေးစကားပြောတယ်။ ကလေးတွေ အားကိုးရာမဲ့ မဖြစ်အောင်ပါ။ အဖေအမေတို့က သာသနာကို တကယ်ချစ်တဲ့သူတွေပါ။ စီးပွားကိုရှာတယ်၊ ရတယ်၊ လှူတယ် နောက်ပိုင်း ဘုရားဒကာ ကျောင်းဒကာ၊ ဘုရားအစ်မ ကျောင်းအစ်မတွေ ဖြစ်သွားကြတယ်။ မြို့မျက်နှာဖုံးအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တယ်။ မိဘကတော်သလောက် သားသမီးတွေ တော်အောင်လည်း အဖေအမေတို့က ဆုံးမတတ်တယ်။

တံငါသည် မောင်နှမ

ငယ်တုံးက အဖြစ်အပျက်ကို တင်ပြလိုက်ဦးမယ်။ စာရေးသူတို့ မြို့မှာက ရေချောင်းရေကန်တွေ ပေါတယ်။ ရေပေါတော့ ငါးလည်း ပေါတာပေါ့။ စာရေးသူတို့ကတော့ ကလေးပီပီ သူများငါးဖမ်းတာကို မြင်တော့ လိုက်ဖမ်းတယ်။ သူများ ငါးမျှားတာကို မြင်တော့ ငါးလိုက်မျှားတယ်။ ငါးမျှားချိတ်မဝယ်နိုင်တော့ ဗလာစာအုပ်က သံကလစ်ကိုဖြုတ်၊ အပ်ချည်ကြိုးနဲ့သီပြီး ငါးသွားမျှားခဲ့တယ်။ အစ်မနန်းကြည်ကြည်သိန်းက ဦးဆောင်တာပေါ့။ စာရေးသူတို့ မောင်နှမ မြို့လည်မီးသတ်ရေကန်မှာ ငါးသွားမျှားတဲ့ သတင်းကောင်းကို အဖေ့ထံ ရောက်လာတယ်။ ညနေ အိမ်ပြန်ရောက်တော့ အဖေ့မျက်နှာက အတည်ပေါက်ကြီးနဲ့ မေးတယ်။

“မင်းတို့ မောင်နှမ နှစ်ယောက် ငါးသွားမျှားတယ်ဆို”

“ဟုတ်ကဲ့ပါ ဖေဖေ”

“အင်း အဖေဖြစ်တဲ့သူက ကမ္မဋ္ဌာန်းဆရာ သားသမီးက တံငါသည် ကောင်းပါ့။ မင်းတို့နှစ်ယောက် အပြစ်ရှိသလား မရှိဘူးလား ပြော . . .”

“ဟုတ်ကဲ့ ရှိပါတယ် ဖေဖေ . . .”

“ဒီအပြစ်ကို ဘယ်သူခံရမလဲ အဖေက ခံပေးမှာလား အမေက ခံပေးမှာလား”

“လုပ်တဲ့သူ ခံရပါမယ် ဖေဖေ . . .”

“ကောင်းပြီ အဖေက မင်းတို့မောင်နှမကို အပြစ်ပေးရလိမ့်မယ်၊ ဖိုးသား မင်းကြိမ်လုံးယူမလား တရားထိုင်မလား . . ပြော . . .”

“သား . . . တရားထိုင်ပါ့မယ် ဖေဖေ . . “

“ကောင်းပြီ . . . သွား ဘုရားရှေ့မှာ တရားသွားထိုင် . . .”

“သမီးကကော ဘာယူမှာတုံး “

“သမီး . . . ကြိမ်လုံးယူပါ့မယ် . . . “

“ဘာပြောတယ် . . . “

“သမီး ကြိမ်လုံးယူပါ့မယ် . . .”

စာရေးသူကတော့ အသားနာမှာ ကြောက်လို့ တရားထိုင်မယ်လို့ ဝန်ခံပေမယ့် အစ်မဖြစ်သူကတော့ သူ့အတွေးနဲ့သူ ဒီလိုရှိတယ်။ “တရားထိုင်ရင် အကြာကြီးထိုင်ရမယ်။ သူငယ်ချင်းတွေနဲ့ သွားဆော့လို့ မရတော့ဘူး။ တုတ်နဲ့ အရိုက်ခံရရင် ခဏလေးသာ နာပြီး ကိုယ်သွားချင်တာ သွားလို့ရပြီ” တဲ့။ ဒါကြောင့် အစ်မက ကြိမ်လုံးယူမယ်လို့ ပြောလိုက်တာ။ အဖေက ဒေါသထွက်ပြီး အစ်မကို နာနာရိုက်ပစ်လိုက်တယ်။ အဖေအမေတို့က စာရေးသူတို့ကို ရိုက်ရင် ခြေသလုံးတို့၊ တင်ပါးတို့ကို ပဲရိုက်တယ်။ တခြားနေရာမှာ မရိုက်ဘူး။ စာရေးသူကတော့ မျက်စိမှိတ်ပြီး တရားထိုင်နေပါတယ်။ နားကတော့ ဒုတ်ရိုက်သံကို ဆတ်ဆတ်ကြားနေရတယ်။

ဖြန်း ဖြန်း ဖြန်း ဖြန်း ဖြန်း ဖြန်း ဖြန်း

အစ်မ နာလာလို့ ငိုသံထွက်လာတော့တယ်။

“အဖေကြီးရေ၊ သုံးလေးချက်လောက် ရိုက်ရင် တော်ရောပေါ့ အီး အီး အီး”

“မတော်နိုင်ဘူး မင်းရဲ့ မောင်လေး တရားထိုင်မဖြုတ်မချင်း မင်းကိုလဲ ထပ်တလဲလဲ ရိုက်ရဦးမှာပဲ”

“အဖေကြီးရေ မရိုက်ပါနဲ့တော့ သမီးလဲ တရားပဲ ထိုင်ပါတော့မယ် အီး အီး အီး. . .”

အစ်မဖြစ်တဲ့သူက ရွေးတတ်တော့ နှစ်မျိုးစလုံး ရလိုက်တယ်။ စာရေးသူကတော့ မရွေးတတ်တော့ တစ်မျိုးထဲပဲ ရလိုက်တယ်နော်။ အဲဒီနေ့ နာရီဝက်လောက် တရားထိုင်လိုက်ရတယ်။ ငယ်ငယ်ကတည်းက အိပ်ယာဝင်ခါနီး ဘုရားရှိခိုးချိန်မှာ စာရေးသူတို့က ညစဉ် တရားထိုင်ပြီးမှ အိပ်ရတယ်လေ။ အဖေအမေတို့က စာရေးသူတို့ မောင်နှမနှစ်ယောက်အတွက် ညတိုင်းဖယောင်းတိုင် တိုတိုလေး (တစ်လက်မကျော်ကျော်)ကို ဘုရားရှေ့မှာထွန်းညှိစေပြီး ဖယောင်းတိုင် ငြိမ်းမှ တရားဖြုတ်ရတယ်။ အဲဒီနေ့ တရားထိုင်ရင်း စာရေးသူက အစ်မကို သနားစိတ်နဲ့ လှည့်ကြည့်မိတယ်။ အစ်မကတော့ မျက်ရည်တွေနဲ့အတူ နတ်ချေးတွဲလွှဲဖြစ်နေတာကို မြင်ရတော့ စာရေးသူ မအောင့်နိုင်တော့ဘဲ ရီမိတာကြောင့် အမေက လာကြည့်ပြီး တရားထိုင်တာ ဖြုတ်ခိုင်းလိုက်တယ်။ နောက်တစ်ခါ အဲဒီလို မလုပ်ဖို့ အမေက ဖြောင်းဖြတယ်။ သူ့သမီးကို ကြင်နာစွာနဲ့ ပရုပ်ဆီလိမ်းပေးတယ်။ မိသားစုဆိုတာ ဒီလိုပါပဲ။ အဖေကဆူရင် အမေက ချော့ရသလို၊ အမေက ရိုက်ရင်လဲ အဖေက ချော့ရတယ်။ မိဘနှစ်ပါးစလုံးက ကလေးကို ဝိုင်းဆူရင် ဒီကလေးကတွေ အားကိုးရာမဲ့ ဖြစ်သွားမယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရသွားနိုင်တယ်။

သီတင်းကျွတ်ပွဲ (၉)နှစ်သားအရွယ်

အမေနဲ့ ပတ်သက်လာရင် ရေးစရာတွေ တသီတတန်းကြီး အများကြီးပါ။ စာရေးသူ ကိုးနှစ်သားအရွယ်ခန့်ဖြစ်မယ်ထင်တယ်။ တန့်ယန်းမြို့ ဝါကျွတ်ပွဲကို အောင်မင်္ဂလာ ကျောင်းဝင်းအတွင်းမှာ ထင်းရူးပဒေသာပင်ဆီမီးကြီးကို လင်းထိန်နေအောင် မီးထွန်းကာ ဘုရားကို ပူဇော်ကြတယ်။ (ထင်းရူးဆီများကို ဝါးလုံးတိုင်မှာ တွဲချည်ပြီး ၀ါးကပ်ဝါးခြမ်းနဲ့အုပ် နှီးနဲ့အသေအခြာစည်းထားတဲ့ လူတစ်ဖက်စာ တိုင်ကြီးကို စိုက်ထူပြီး မီးပူဇော်တာကို ထင်းရူးပဒေသာပင် ဆီမီးပူဇော်ပွဲ လို့ ခေါ်တယ်)။ အဲဒီလို မီးတိုင်တွေ ကျောင်းဝင်းပတ်ပတ်လည်မှာ စိုက်ပြီး မီးထွန်းထားတာ လင်းထိန်နေတာပဲ။ စာရေးသူတို့ကတော့ မီးလောင်ပြီး ကျလာတဲ့ ထင်းရူးဆီ အပိုင်းအစကို ကောက်ယူကြတယ်။ တချို့လည်း ပြန်ထွန်း၊ တချို့လည်း အိမ်ယူသွားကြတာပေါ့။ အဲဒီည တိုးနယားအကတွေလည်း ပြီးသွားပြီ။ ည (၁၀)နာရီကျော်ချိန် စာရေးသူက မပြန်သေးတော့ အမေဖြစ်တဲ့သူက ဓါတ်မီးတစ်လက်နဲ့ ကျောင်းဝင်းထဲ ဝင်လာတာကို စာရေးသူတွေ့လိုက်တယ်။ အမေ့နောက်ကို အပြေးလိုက်သွားပြီး

“အမေ”

အမေက အလန့်တကြား နောက်လှည့်ကြည့်ပြီး

“သားက ဘာဖြစ်လို့ မပြန်သေးတာလဲ ညဥ့်နက်လှပြီသိလား”

“ဟုတ်လား သားက နေ့လည်လို့ထင်နေတာ မေမေရဲ့ . . “

မီးတိုင်တွေ ထိန်ထိန်လင်းနေတော့ စာရေးသူတို့ ကလေးတစ်သိုက်က ပျော်နေလိုက်ကြတာ နေ့လားညလားတောင် သတိမထားမိတော့ပါဘူး။ ဒါပေမယ့် အမေ့တိုင်းတို့ရဲ့ မေတ္တာကတော့ အိမ်ပြန်မရောက်သေးတဲ့ သူတို့ကလေးအတွက် အိပ်မပျော်နိုင်ခဲ့ဘူးဆိုတာ စာရေးသူတို့ မသိခဲ့ပါ။ အမေက မဆူပါဘူး။ စာရေးသူကို ကောင်းကောင်းမွန်မွန် အိမ်ပြန်ခေါ်ခဲ့တယ်။ သူငယ်ချင်းတွေကို ငေးကြည့်ရင်း သီတင်းကျွတ်ညကို နှမြောမိခဲ့ပါတယ်။

အမေရဲ့ စိုးရိမ်မှု

စာရေးသူ ငယ်တုံးက အဖေ့ရဲ့ Humber စက်ဘီး အိမ်ရှေ့မှာ ရပ်ထားရင် စာရေးသူက ခြေနင်းကိုလှည့်ပြီး ဘီးလည်နေတာကို အရမ်းသဘောကျခဲ့တယ်။ တစ်ခါတစ်လေ တုတ်ကလေးနဲ့ ဘီးကို မထိတထိကန့်ထားပြီး တစ်ချက်ချက် မြည်သံကို အရမ်းသဘောကျခဲ့တယ်။ အမေက သတိပေးတယ်။ လက်နဲ့ အထဲကို မသွင်းထဲ့ဖို့ပါ။ စာရေးသူလည်း သတိထားပါတယ်။ ဘီးကို အားကုန်လှည့်ချိန်မှာ အမှတ်မထင် စက်ဘီးကြီးက “ဝုန်း” ကနဲ လှဲကျသွားတယ်။ စာရေးသူလည်း ကြောင်တောင်တောင်ဖြစ်နေခဲ့တယ်။ အဲဒီအချိန် အမေက မီးဖိုဆောင်ထဲကနေ အပြေးနဲ့ ထွက်လာတယ်။ မျက်နှာကလည်း စိုးရိမ်စိတ်နဲ့ သူ့သားလေး တစ်ခုခု ဖြစ်သွားပြီလားပေါ့။ လက်ထဲမှာလည်း ဟင်းမွှေတဲ့ ယောက်မနဲ့ စာရေးသူထံ ပြေးလာတယ်။

“သား ဘာဖြစ်သွားလဲ”

စာရေးသူက အဆူခံရမှာစိုးလို့ ငိုမဲ့ငိုမဲ့နဲ့ ခေါင်းခါပြလိုက်တယ်။ အဲဒီအချိန် အမေက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး စက်ဘီးကို ပြန်ထူလိုက်တယ်။ နောက်ထပ် မဆော့ဖို့ ပြောပြီး နောက်ဘီးကို သော့ခတ်လိုက်တော့ တယ်။

နို့စို့ခဲ့တဲ့အကြောင်း

ငယ်တုံးက အဖြစ်အပျက် တော်တော်များများကို စာရေးသူ မှတ်မိခဲ့တယ်။ ဒါပေမယ့် အသက်အရွယ်တော့ အတိအကျ မပြောတတ်ဘူး။ အမေကို ပြန်မေးတော့ (၁)နှစ်ကျော်ကျော်အရွယ်တဲ့။ တစ်ခါတုံးက အိမ်ရှေ့မှာ အမေက ဧည့်သည်တွေနဲ့ အရောင်းအဝယ်စကားပြော နေတယ်။ စာရေးသူက အမေ့ရဲ့ နို့ကို စို့နေတယ်။ နို့စို့ရင်း စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာပြီး အမေ့နို့ကို သွားချွန်ချွန်လေးနဲ့ ကိုက်ကြည့်လိုက်တယ်။ အမေက နာလို့ စာရေးသူရဲ့ ခေါင်းကို သူမရဲ့ နို့အုံပေါ်ဖိချလိုက်တယ်။ ကလေးက အသက်မရှူနိုင်တော့ဘဲ ကိုက်ထားတဲ့သွားကို လွှတ်ပစ်လိုက်တယ်တဲ့။ အမေက သူမရဲ့ သွေးထွက်နေတဲ့ နို့သီးခေါင်းကို လက်တစ်ဖက်နဲ့ ညစ်ထားပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့ သွေးတွေကို သုတ်ပစ်နေတယ်။ အမေက သူမရဲ့ နို့တွေနာပြီး သွေးတွေ ထွက်နေပေမယ့် သူ့သားကို မရိုက်ရဲပါဘူး။ ဒါကြောင့် ပညာသားပါပါ ကလေးရဲ့ ဦးခေါင်းကို ဖိပြီး မျက်နှာနဲ့ နို့အုံတစ်ခုလုံးအပေါ် အပ်ထားလိုက်တယ်။ ကလေးက အသက်ရှူမရလို့ ကိုက်ထားတာကို လွှတ်လိုက်ရတယ်တဲ့။ ကလေးကို ရိုက်ရင်လဲ ကလေးက ဘာမှ မသိဘူးလေနော်။ အမေက သူ့မိတ်ဆွေတွေဖက်ကို လှည့်ပြီး “ကလေးက သွားပေါက်လာတော့ သွားယားလို့ ကျမနို့ကို ကိုက်လိုက်တာလေ . . .”  တဲ့။ နောက်ပြီးတော့ ကလေးတွေ နို့မစို့ချင်အောင် နည်းလမ်းတစ်ခုကို ဧည့်သည်ထံက အမေ ရလိုက်တယ်။ အဲဒီနည်းကတော့ ကလေးတွေ မိခင်နို့ကို မစို့ချင်အောင် နို့သီးခေါင်းထိပ်ကို ကစော့ခါးသီးထောင်းချေကာ သုတ်ထားလိုက်တယ်။ ကလေးတွေ နို့လာစို့ရင် ခါးတာကြောင့် ကလေးတွေ မစို့ချင်တော့ပါဘူး။ နောက်ပိုင်း နို့ပြတ်သွားတော့တယ်။ နို့မပြတ်သေးတဲ့ ကလေးတွေကို အတင်း နို့ဖြတ်ပေးလိုက်ရင်လည်း သဘာဝ မကျဘူးလေ။ ရှေးခေတ်လူတွေကတော့ ပညာသားပါပါ ကလေးရဲ့ နို့စို့ချင်တဲ့ အာသာဆန္ဒကို ဖြတ်ပေးလိုက်တဲ့ ကစော့ခါးနည်းကတော့ အဆိပ်လည်း မသင့်ဘူး။ အန္တရာယ်လည်း ကင်းတယ်။ မှတ်သားဖို့ ကောင်းပါတယ်။ စာရေးသူလည်း ကစော့ခါးသီးကြောင့် နို့ပြတ်သွားခဲ့တယ်ထင့်။

မီးလောင်အောင်စေ

၁၉၇၃ ခုတုံးက မွန်းလွှဲ ၂ နာရီကျော်ကျော် နွေရာသီအချိန် တန့်ယန်းမြို့ မီးလောင်လို့ စာရေးသူတို့ အသစ်ဆောက်ထားတဲ့ သုံးထပ်တိုက်ကြီး မီးထဲပါသွားခဲ့တယ်။ အဲဒီခေတ်က သုံးထပ်တိုက်ဆိုတာ စာရေးသူတို့ တစ်အိမ်ပဲရှိတယ်။ မိသားစုအားလုံး အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ကျန်ခဲ့ရတယ်။ အဲဒီတုံးက စာရေးသူက ၁၂ နှစ်သားအရွယ်ပါ။ အိမ်မီးလောင်တာကို ကြည့်ပြီး စာရေးသူ မျက်ရည်ကျခဲ့ရတယ်။ မီးလောင်တုံးက အမေ မသေတာ ကံကောင်းတယ်လို့ ဆိုရမယ်။ အိမ်က သုံးထပ်တိုက်ဆိုတော့ မီးကင်းက အချက်ပြသံချောင်း ခေါက်ပြီဆိုရင် အိမ်သားတွေရော အပြင်က လူတွေရော အိမ်ပေါ်တက်ပြီး မီးလောင်တဲ့ဘက်ကို ကြည့်ကြတယ်။ ဒီတစ်ခေါက် မီးစလောင်တာ အိမ်နဲ့ သိပ်မဝေးတော့ အိမ်ပေါ်တက်ကြည့်တဲ့သူတွေ သူ့အိမ်ကိုယ့်အိမ် အပြေးပြန်သွားကြတယ်။ အမေကတော့ အိမ်ပေါ်မှာ ကျန်နေခဲ့တယ်။ မီးလောင်ရာ လေပင့်ဆိုသလို မီးခိုးလုံးတွေလဲ ညိုမဲနေတော့တာပဲ။ အမေက အိမ်အပေါ်ဆုံးထပ်မှာ ကျန်ခဲ့တယ်။ တစ်ယောက်ယောက်က အပေါ်ဆုံးတံခါးပေါက်ကို အထဲကနေ သော့ခတ်ထားလိုက်မိတယ်။ မီးခိုးတွေကြားက အမေတစ်ယောက် အိမ်ပေါ်ကနေ အောက်က လူတွေကို လှမ်းခေါ်ပေမယ့် ဆူဆူပူပူ ဝရုန်းသုန်းကားဖြစ်နေလို့ ဘယ်သူကမှ မကြားဘူး။ တော်ပါသေးရဲ့ မဟာမြတ်မုနိဘုရားကြီးကို လာဆောက်တဲ့ မန္တလေး လက်သမားဆရာကြီး ဦးပါက အိမ်ပေါ်မှာ အမေရှိနေတာကို တွေ့လို့ တံခါးသွားဖွင့်ပေးခဲ့တာ။ စာရေးသူကတော့ အဖေတို့အမေတို့ အိမ်မှာ ခေါ်ထားတဲ့ အသက် (၈၀)ကျော်ပြီ ဖြစ်တဲ့ အဖွားဟိန်ကို တွဲခေါ်ပြီး အ.ထ.က ကျောင်းကနေ ဓမ္မဂုဏ်ရည်ရိပ်သာကို ခေါ်လာနိုင်ခဲ့တယ်။ နောက်တစ်ခေါက် အိမ်ကို သွားဖို့ အချိန်မရတော့ပါဘူး။ (အဖွားဟိန်က တန့်ယန်းမြို့၊ နောင်ခမ်းရွာ ဇာတိဖြစ်တယ်။ အသက်အရွယ်ကြီးရင့်လို့ အဖေတို့က အိမ်ကို ခေါ်ထားပြီး လူကြီးသူမကို ပြုစုစောင့်ရှောက်ထားခြင်းပါ)

ဘုရားကြီး ကျောင်းဝင်းအတွင်းမှာ အမေကို တွေ့တော့ စာရေးသူ မျက်ရည်ကျမိတယ်။ အိမ်ကိုလည်း မီးတွေက ဝါးမျိုနေပြီ၊ မီးခိုးလုံးတွေကလည်း ကောင်းကင်တစ်ပြင်လုံး မဲမှောင်နေလိုက်တာ နေလုံးကြီးတောင် ပျောက်သွားသလိုပဲ။ အမေက စာရေးသူကို အားပေးစကားပြောရှာပါတယ်။

“အမေ သားတို့အိမ် မီးလောင်နေပြီ သားအခန်းလဲ ပါသွားပြီ . . . အီး အီး”

“မငိုပါနဲ့ သားရယ် ဘာမှ မပူနဲ့ အမေတို့ရဲ့ အတွင်းပစ္စည်းတွေ အမေတို့ ယူလာနိုင်ပါတယ် . . .”

အမေက သူလွယ်ထားတဲ့ လွယ်အိတ်အနီရောင်ကို လက်နဲ့ ပုတ်ပြလိုက်တယ်။ လွယ်အိတ်ထဲမှာ ဘာမှ မပါလာပါဘူး။ လွယ်အိတ်က ပြားချပ်နေတယ်လေ။ အမေရဲ့ အားပေးသံကလည်း ငိုသံနဲ့တွဲနေတာပါ။ ဈေးကြီးအပါအဝင် အိမ်ခြေပေါင်း သုံးရာကျော် မီးလောင်သွားခဲ့တယ်။ ဟာလာဟင်းလင်းကြီးကို မြင်မိတိုင်း (ဒါ အိပ်မက်လားလို့ ကိုယ့်ကိုယ်ကို အခါခါ ဆန်းစစ်မိတယ်)။ စာရေးသူတို့ မိသားစု ဓမ္မဂုဏ်ရည်ရိပ်သာမှာပဲ စခန်းချခဲ့ရတယ်။ နောက်ပြီး အဖေအမေတို့က ရှိစုမဲ့စုနဲ့ တိုက်အိမ်ကို ခိုင်သထက်ခိုင်အောင် ပြန်ပြင်လိုက်တယ်။ နောက် ဒုတိယအကြိမ် ၊ တတိယအကြိမ် တန့်ယန်းဈေးသစ်ကြီး မီလောင်တော့ စာရေးသူတို့ရဲ့ အိမ်မီးမလောင်တော့ပါဘူး။ အိမ်ကို မီးကွင်းသွားပြီး ဘေးနားအိမ်တွေကတော့ အားလုံး ပြာကျခဲ့ပြန်တယ်။ မီးလောင်ပြီးနောက် အဖေအမေတို့ စီးပွားရေး ပြန်လုပ်တော့ ထူထူထောင်ထောင်ပြန်ဖြစ်လာတယ်။ မီးလောင် အောင်စေပါ။ လူမသေ ငွေမရှား ဆိုပေမယ့် စွမ်းပကားတော့ ရှိရမယ်။

ရှောင်လေဝေးဝေး မူးယစ်ဆေး

စာရေးသူတို့ တန့်ယန်းမြို့ကို တစ်ချိန်က ဘိန်းမြို့တော်ဆိုပြီး နာမည်ကြီးလာခဲ့တာ အခုထိပါပဲ။ စာရေးသူလည်း အသက် ၁၅-၁၆ အရွယ်ရောက်တော့ မူးယစ်ဆေးဝါးစွဲမှာကို မိဘတွေက စိုးရိမ်မိတယ်။ ဟုတ်ပါ့။ သူငယ်ချင်းတွေ ခပ်များများကလည်း အဲဒီဘက်လှိုင်းကို ရောက်သွားကြတယ်။ ဒါကြောင့် မိဘတွေက စာရေးသူကို မေမြို့ပို့လိုက်တာ။ ကြိုတင်ရှောင်ကြဉ်ခြင်းသည် ဆေးဖြတ်ပေးခြင်းထက် အဆထောင်ပေါင်းများစွာကောင်း၏ တဲ့။ ဒါတွေဟာ မိဘရဲ့ မေတ္တာတရားတွေပါ။

သားအတွက် သေမင်းနှင့် လွန်ဆွဲပွဲ

စာရေးသူအတွက် အမေဖြစ်တဲ့သူက အချစ်ပိုတော့ ပိုစိုးရိမ်ရတယ်။ စာရေးသူကို သေတွင်းကနေ အမေဆွဲထုတ်ခဲ့ဖူးတယ်။ ၂ နှစ်ကျော်အရွယ်ကပါ။ ပြောမယုံ ကြုံဖူးမှသိလို့ ဆိုရလေမလား။ ကြီးဒေါ်တစ်ယောက်က ဘာအညှိုးနဲ့တော့ မသိဘူး။ သူတတ်တဲ့ စုန်းပညာနဲ့ စာရေးသူရဲ့ လည်ပင်းကို လာညှစ်တယ်။ အမေပြောပြချက်အရ ညအိပ်ရာဝင်ချိန်မှာပါ စာရေးသူက အသက်ရှူမရတော့ဘဲ ပါးစပ်မှာ အမြုပ်တွေ ထွက်လာတယ်။ အမေက သူ့သားငယ်ကို အိပ်ခန်းကနေ ဘုရားစင်ရှေ့ကို လာချထားလိုက်တယ်။ အဖေက ဆေးဆရာကို သွားခေါ်နေတယ်။ စာရေးသူက မေ့မျှောနေလေပြီ။

အမေ့သစ္စာ အမေ့မေတ္တာ

ဘုရားကလွှဲလို့ အားကိုးရာမရှိတဲ့ အမေဟာ ဘုရားကို တိုင်တည်လိုက်တယ်။

“တပည့်တော်မရဲ့ သားကို ဘုရားရှင်အား လှူဒါန်းပါတယ်ဘုရား . . . အကယ်၍ တပည့်တော်မရဲ့ သားလေးဟာ အမျိုး ဘာသာ သာသနာတော်ကို အမှန်တကယ် စောင့်ရှောက်မည့်သူဖြစ်ပါက ယခု ကျရောက်နေတဲ့ အန္တရာယ်ဆိုးမှ ချက်ချင်း လွှတ်မြောက်စေသတည်း၊ တပည့်တော်မရဲ့ သားကို စောင့်ရှောက်တော်မူပါဘုရား” ဆိုပြီး ဘုရားစင်မှ ရေချမ်းတော်နဲ့ စာရေးသူကို ပက်ဖြန်းပေးလိုက်တယ်။ မကောင်းဆိုးဝါးတွေ လွင့်စင်ထွက်သွားသလား မပြောတတ်။ ဘုရားစင်မှာ သန့်ရှင်းရေးလုပ်တဲ့ တံမြက်စည်းနဲ့ စာရေးသူအပေါ် မကောင်းဆိုးဝါးတွေကို လှဲထုတ်ပစ်လိုက်တယ်။ အိမ်ပတ်ဝန်းကျင်က ခွေးအူသံတွေ ခွေးဟောင်သံတွေ ညံသွားတော့တာပဲ။ စာရေးသူ မျက်လုံးပြန်ဖွင့်လာပါတော့တယ်။ အမေက ဝမ်းသာဝမ်းနည်းဖြစ်ပြီး သူမသားကို ရင်ခွင်ထဲ နွေးထွေးစွာ ပွေ့ထားလိုက်တယ်။ ဘုရားရေချမ်းတော်နဲ့ သားလေးကို တိုက်လိုက်တယ်။ မကြာခင်မှာ အဖေရောက်လာပြီး စိုးရိမ်စွာနဲ့ သားလေးရဲ့ အခြေအနေကို မေးတယ်။ သားလေး မသေသေးတာကို တွေ့လို့ စိတ်သက်သာရာ ရသွားကြတယ်။ ဆေးဆရာလဲ သူတတ်သလို ကုပေးသွားတယ်။

စာရေးသူ အသက် (၃)နှစ်သားအရွယ် တနည်း မျောက်ရှုံးအရွယ်တုံးကပေါ့။ အမေဝယ်ပေးတဲ့ ခြေညှပ်ဖိနပ်အသစ်ကလေးကို စီးပြီး ခြေထောက်ကို မြောက်လိုက် ကန်လိုက်နဲ့ ဖိနပ်ကို လေထဲလွှင့်အောင် ဆော့ကစားနေခဲ့တယ်။ အခန့်မသင့်တော့ အိမ်ထဲ ဈေးဝယ်လာတဲ့ အဖွားကြီးတစ်ယောက်ရဲ့ ခေါင်းကို ထိမှန်သွားခဲ့တယ်။ အမေက အားနာလွန်းလို့ အဲဒီအဖွားကြီးကို စကားလှအောင် တောင်းပန်ပြီး စာရေးသူကို ဆူတယ်။ နောက်ထပ် မလုပ်ဖို့ ပြောလိုက်တယ်။ ဟိုအဖွား ကြီးကလည်း (ဘာမှ မဖြစ်ပါဘူး ကလေးပဲ၊ သူတို့က ဘာမှ မသိတာ) ဆိုပြီး ဆိုင်ကနေ ထွက်သွားတယ်။ ညရောက်တော့ အဲဒီအဖွားကြီးက စုန်းနဲ့ ပြုစားလာလို့ စာရေးသူ လည်ပင်းညှစ်ခံရသလို ပါးစပ်ကလည်း အမြုပ်တွေထွက်လာတော့တယ်။ အသက်ကလည်း ရှူလို့မရတော့ပါဘူး။ မျက်ဖြူဆိုက်ပြီး အသက်ငွေ့ငွေ့လေးသာ ကျန်တော့တယ်။ အမေရော အဖေပါ စိတ်ပူနေတော့တာပေါ့။ သေသွားတဲ့ အစ်မနန်းတင်ဦးလည်း ဒီအဖြစ်ဆိုးမျိုး ကြုံခဲ့တယ်လေ။ အမေက အဖေ့ကို ခေါ်ပြီး အဖေလောလောလတ်လတ် တတ်ထားတဲ့ ပယောဂကုထုံးနဲ့ မန်းမှုတ်ပေးခိုင်းလိုက်တယ်။ အဖေကလည်း ရတနာသုံးပါးကို တိုင်တည်ပြီး ဘုရားရေချမ်းတော်နဲ့ ရေတစ်ခွက်ကို အစွမ်းထက်ဂါထာနဲ့ မန်းမှုတ်ပြီး စာရေးသူကို ဖြန်းပေးလိုက်တယ်။ လက်နဲ့ ခေါင်းကနေ တစ်ကိုယ်လုံးကို ပွတ်သပ်ပေးလိုက်တယ်။ စာရေးသူ ပြန်လည် သတိရလာတော့တယ်။ စာရေးသူမှတ်မိတာကတော့ မကောင်းဆိုးဝါးတွေ မြင်းညိုကြီး စီးပြီး ပါးစပ်ဟပြတဲ့အချိန် ပါးစပ်မှာ သွေးတွေ အများကြီးထွက်ထွက်လာတာကို မြင်မိတယ်။ သူတို့ဗိုက်ကလည်း အပေါက်ကြီးဖြစ်ပြီး သွေးတွေ ဒလဟော စီးထွက်နေတယ်။ အဲဒါကို မြင်ရင် စာရေးသူ ငိုတော့တာပဲ။ ပြီးတော့ မေ့သွားတော့တယ်။

ဒီလိုပယောဂမျိုးကတော့ ပြောမယုံ ကြုံဖူးမှ သိမှာပါ။ အဖေလည်း ၁၉၆၂-၆၃ တရားစခန်းစဖွင့်တုံးက ဒီလို အနှောက်အယှက်တွေ အများကြီး ကြုံခဲ့တယ်။ နောက်ပိုင်း မြို့ပိုင်ဦးထွန်းအေးကနေ တဆင့် အမှောင့်ပယောဂ ကို ကုစားနိုင်တဲ့ ရန်ကုန် ကျောက်မြောင်းက ဆရာဦးခင်ကြည်နဲ့ သိပြီး အဖေက ဒီပညာကို သင်ယူခဲ့ပြန်တယ်။ ဒီပယောဂကုထုံး ပညာကို မယူခင်ကတည်းက အဖေက ဆရာဦးခင်ကြည်ကို သေချာစွာမေးကြည့်ပြီးမှ လက်ခံခဲ့တာပါ။ ဝိပဿနာကို အဟန့်အတား မဖြစ်စေဘူး၊ မဂ်ဖိုလ်အန္တရာယ်ကို မဖြစ်စေဘူး ဆိုမှ အဖေက ဒီ “အန္တိမနဂါးမာန်ဝင်းဂိုဏ်း”ကို ယူခဲ့တာပါ။ အဖေက သီလ သမာဓိရှိတဲ့သူဖြစ်လို့ ပယောဂကုတဲ့နေရာမှာ တကယ့်ထူးချွန်တဲ့သူဖြစ်သွားတယ်။ ဒီပညာကို စရတုံးက အဖေဟာ လက်တဲ့စမ်းချင်တာကြောင့် အိမ်မှာ ပယောဂလာကုတဲ့သူတွေ၊ အရူးတွေ အများကြီး လာကုသခံကြတယ်။ ညကြီးမင်းကြီး လာခေါ်ရင်လဲ လိုက်သွားတာလဲ အခေါက်ခေါက် အခါခါပါပဲ။ နောက်ပိုင်း ဝိပဿနာကို အားထုတ်တဲ့ ယောဂီတွေကိုသာ ကုပေးတော့တယ်။ ကျန်တဲ့သူတွေကိုတော့ ရေမန်း၊ ပရိတ်ချည်တို့ပေးပြီး ကုပေးတယ်။ ဒါကြောင့် ဒီတစ်ခေါက် စာရေးသူကို လာပြုစားတဲ့ ပယောဂကိုတော့ အဖေက ဂါထာလေး တစ်ချက်မှုတ်လိုက်တာနဲ့ ရှင်းသွားတယ်။ ဒီလို အမှောင့်ပယောဂတွေက ခေတ်သိပ္ပံပညာနဲ့ စမ်းသပ်လို့မရနိုင်တဲ့ အရာလို့ ဆိုရပါမယ်။

သားကြောင့် ဝါဝါဝင်းရွှေဖြစ်သွားတဲ့ မေမေ

စာရေးသူတို့ ငယ်တုံးက ရုပ်ရှင်မင်းသမီး ဝါဝါဝင်းရွှေဆိုတာ အင်မတန် နာမည်ကြီးခဲ့တယ်။ တစ်ခါ တန့်ယန်းမြို့ ရုပ်ရှင်ရုံကြီးမှာ ဝါဝါဝင်းရွှေဇာတ်ကား လာပြတယ်။ ဇာတ်ကားနာမည်တော့ မမှတ်မိတော့ပါဘူး။ အဲဒီဇာတ်ကားမှာ ဝါဝါဝင်းရွှေရဲ့ သားကို ကားတိုက်တဲ့ အခန်းပါလာတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီဇာတ်ကား ရုံတင်ပြသချိန်မှာ စာရေးသူလည်း (၃)နှစ်သား ကလေးတွေရဲ့ သဘာဝအလျှောက် အိမ်ရှေ့မှာ ဆော့နေကြတယ်။ အဲဒီမနက် အမေက စာရေးသူကို ကြောပိုးပြီး တောင်ကျောင်းကြီး (အခု အောင်မင်္ဂလာကျောင်း)မှာ တရားလာအားထုတ်တဲ့ သံဃာတော်နဲ့ ယောဂီများအတွက် ဆွမ်းဟင်းတွေ သွားပို့ပြီး အိမ်ကို ပြန်လာတယ်။ စာရေးသူကို ကြောမှချပြီး အိမ်ထဲကို လက်ဆွဲချင်း သွားထားချိန် လမ်းရဲ့ ဟိုဘက်က သူငယ်ချင်းတစ်ယောက်က စာရေးသူကို လှမ်းခေါ်တယ်။

“အိုက်စိုင်းရေ မင်းရဲ့ ဦးထုပ် ဒီမှာမေ့ကျန်နေတယ် လာယူဦး”

စာရေးသူလည်း ဦးထုပ်ကို သွားယူဖို့ ကားလမ်းကို ပြေးပြီး ဖြတ်ကူးချိန် . . .

ကျွိ . . . ဝေါ . . . ဟာ . . . အမလေး လုပ်ကြပါဦး၊ ကလေးလေးကို ကားတိုက်ပြီ။ သေပြီထင်တယ်တော့

ဈေးက လူတွေရဲ့အော်သံဟာ ဆူညံသွားတော့တယ်။ တချို့လည်း မကြည့်မမြင်ရဲတာကြောင့် လက်ဝါးနဲ့ မျက်စိကို အုပ်ထားကြတယ်။ အိမ်ရှေ့မှာ ဂျစ်ကားတစ်စီး ရပ်ထားတာကို စာရေးသူက ဂျစ်ကားနောက်ကနေပြီး ကားလမ်းကို ဖြတ်ကူးချိန် မြောက်ဘက်ကနေ အရှိန်နဲ့ မောင်းလာတဲ့ အလတ်စား ချက်ဗလက်စစ်ကားတစ်စီးလည်း လမ်းဖြတ်ကူးတဲ့ ကလေးကို မြင်ပေမယ့် ဘရိတ်အုပ်သော်လည်း ကားအရှိန်က မရပ်နိုင်တော့ပါ။ လမ်းပေါ်မှာ ကားလျှောတိုက်သွားတာ ငါးလံကျော်မယ်ထင်တယ်။ ကားသံ လူအော်သံတွေ ဆူညံနေတော့တယ်။ သေကံမရောက် သက်မပျောက်ပဲ စာရေးသူကားလမ်းပြေးဖြတ်ကူးစဉ် ခြေချော်ပြီး လမ်းပေါ်မှာ မှောက်ထိုးလှဲ ကျသွားတယ်။ ကားအောက်ရောက်နေချိန် ကုန်းထလာသေးတယ်။ ကားရဲ့ အောက်ဘက် ကလောင်းက ခါးကို ပွတ်မိပြီး ကားအောက် ပြန်လှိမ့်သွားတယ်။ ကားဘီး လေးဘီးစလုံး စာရေးသူကို မနင်းမိခဲ့ပါ။ ကားဆရာ စစ်သားလေးလည်း စိုးရိမ်တကြီး ကားကိုရပ်၊ ကလေးငယ်ထံ ပြေးလာတယ်။ ကားဆရာထက် ကလေးထံ အရင်ဆုံး ရောက်နေတာက အမေပဲဖြစ်တယ်။ အမေက သူ့သားလေးကို တစ်ခါတည်း ဗွေ့ယူပြီး အိမ်ထဲကို ဝင်လာတယ်။ စာရေးသူကတော့ ငိုနေတာကလွှဲလို့ ဘာမှ မလုပ်တတ်။

လူတွေလည်း ဝိုင်းအုံနေတော့တာပဲ။ တစ်ယောက်တစ်ပေါက် ပြောမဆုံးချိန်မှာ အမေက ကလေးကို ဆေးရုံအမြန်ပို့မှ ဖြစ်မယ်လို့ ဆုံးဖြတ်ကာ ကားဆရာ စစ်သားလေးက သူ့ကားနဲ့ ဆေးရုံကို လိုက်ပို့တော့တယ်။ စစ်သားလေးလည်း အမေ့ကို အမျိုးမျိုးအသနားခံ တောင်းပန်ရှာတယ်။ ကလေးအတွက် သူတာဝန်ယူမှာဖြစ်ကြောင်း စသဖြင့်ပေါ့။ ဆေးရုံရောက်ပြီး ဆရာဝန်တွေ စစ်ဆေးကြည့်တော့ ကလေးလေးက ဘာမှ ကျိုးပဲ့တာ မရှိဘူးလို့ အဖြေထွက်လာတော့မှ အားလုံးသက်ပြင်းချနိုင်တော့တယ်။ စစ်သားလေးရဲ့ ကားနဲ့ အိမ်ပြန်ရောက်လာတော့ မိတ်ဆွေတွေများစွာ စောင့်နေကြတယ်။ ဘာမှမဖြစ်တဲ့ ကလေးအတွက် အမေက ဝမ်းသာမျက်ရည်ကျနေခဲ့တယ်။ တစ်ယောက်တစ်ပေါက် ပြောရင်းဆိုရင်း သားကြောင့် အမေက တန့်ယန်း ဝါဝါဝင်းရွှေဖြစ်သွားရော။ နောက်တစ်နေ့ စစ်သားလေးက လစာကနေ သူရလာတဲ့ နို့ဆီဗူး၊ အသားဗူးတွေနဲ့ အဖေအမေကို လာကန်တော့တယ်။ သူ့ကို တရားမစွဲဖို့ လာပြောတော့ အဖေအမေတို့က တရားမစွဲခဲ့ပါဘူး။ စာရေးသူ ချော်လဲတဲ့အချိန် ဘယ်ဘက်မျက်နှာသာ အနည်းငယ် ပွန်းပဲ့သွားတယ်။ စစ်သားလေးက စာရေးသူကို လာကြည့်ပြီး နဖူးလေးကို အသာလေး နှမ်းပေးလိုက်တယ်။ သူ့မျက်လုံးမှာလည်း မျက်ရည်တွေ ဝဲနေခဲ့တယ်။

ဝေယျာဝစ္စမှာ ပျော်ခဲ့တဲ့ မေမေ

ဝေယျာဝစ္စမှာ နှစ်ပေါင်း (၄၀) ကျော်အထိ ပျော်နေသော အမေညွှန့်

ဝေယျာဝစ္စမှာ နှစ်ပေါင်း (၄၀) ကျော်အထိ ပျော်နေသော အမေညွှန့်

အဖေက မြို့မျက်နှာဖုံးဖြစ်တဲ့အပြင် ဘာသာရေးမှာလည်း အထင်ကရပုဂ္ဂိုလ်ဖြစ်တယ်။ ဓမ္မဂုဏ်ရည်ရိပ်သာကို ၁၃၃၁ ခုမှာ တည်ထောင်ပြီး၊ တရားလည်းပေးတယ် အစားလည်းကျွေးတယ်။ အမေကတော့ ဝေယျာဝစ္စလုပ်တဲ့ နေရာမှာ နှစ်ယောက်မရှိနိုင်ဘူး။ ဘာကြောင့်အဲလို ပြောသလဲဆိုတော့ အမေသာ နေကောင်းရင် ကျောင်းမှာ အမြဲတမ်း ဝေယျာဝစ္စသွားလုပ်တယ်။ အခုအထိဆိုရင် နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီ။ ဝေယျာဝစ္စနဲ့သာပျော်နေတဲ့ အမေကို လူတိုင်းက ချီးကြူးကြတယ်။ ငယ်တုံးကလည်း မကြာမကြာ အမေက စာရေးသူကို ခေါ်ပြီး ကျောင်းကို အစောကြီး ထသွားလေ့ရှိတယ်။ စာရေးသူ မေမြို့ အထက်တန်းကျောင်း ကျောင်းသွားတက်ပြီး နွေရာသီကျောင်းပိတ်ချိန် တန့်ယန်းပြန်လာရင် မနက်တိုင်း အမေက သူနဲ့အတူ ဝေယျာဝစ္စလုပ်ဖို့ ခေါ်တယ်။ သံဃာတော်အတွက် ရေနွေးကျိုခိုင်း၊ ခေါက်ဆွဲပန်းကန်ယူခိုင်း စသဖြင့်ပေါ့။ အဲဒီအချိန် စာရေးသူက အိပ်ကောင်းစားကောင်းတဲ့ အရွယ်။ မနက်ပိုင်း အမေလားနှိုးရင် ထကို မထချင်ဘူး။ အမေ့ကို အားနာလို့သာ ထလာခဲ့ရတယ်။ ဒါပေမယ့် အမေက အဲဒီလို မနက် (၄)နာရီိထထပြီး ကျောင်းသွား ဝေယျာဝစ္စသွားလုပ်တာ နှစ်ပေါင်း (၅၀)ကျော်ခဲ့ပြီ။ ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်တွေ အပိုအလိုမရှိအောင် အလေအလွင့်မရှိအောင်လည်း အမေက စီမံဆောင်ရွက်တတ်တယ်။ နောက်တစ်ခု အမေတို့က စည်းကမ်းရှိတယ်။ ဝေယျာဝစ္စအလှူငွေတို့၊ ကျောင်းငွေတို့ကို အဖေအမေတို့က သီးသန့်သေတ္တာမှာ ထဲ့ထားတယ်။ တစ်ခုနဲ့ တစ်ခု မရောစေခဲ့ဘူး။ ဝေယျာဝစ္စငွေ ကျောင်းငွေတွေကို အိမ်စီးပွားအတွက် မသုံးခဲ့ဘူး။ အခုထိ အမေ့အခန်းထဲမှာဆိုရင် ဝေယျာဝစ္စနဲ့ အလှူငွေတွေကို သားရေကွင်းနဲ့ချည်ထား (သို့မဟုတ်) ကျွတ်ကျွတ်အိပ်နဲ့ သီးသန့်ထဲ့ထားတာ တွေ့နေရတုံးပါ။

သားယောဂီဖြစ်ဖို့

၁၉၇၉ မေမြို့မှာ စာရေးသူ ဒသမတန်း ဖြေပြီးနောက် နွေရာသီကျောင်းပိတ်ရက် တန့်ယန်းကို ပြန်ခဲ့တယ်။ ရောက်ရောက်ခြင်း အဖေက တရားစခန်းဝင်ခိုင်းလိုက်တယ်။ ဒါပေမယ့် အမေက ပေးမဝင်သေးဘဲ ပြောလိုက်ပုံက – “ငါ့သား သင်္ကြန်ပွဲကာလရောက်ရင် ငါ့သားက သူများနဲ့ အတူ ပျော်ချင်နေမှာ ဒါကြောင့် တရားစခန်းမဝင်နဲ့ဦး သင်္ကြန်ပွဲနွှဲပြီးမှ တရားစခန်းဝင်ပါ” တဲ့ အဖေလည်း အမေပြောတဲ့အတိုင်း သဘောတူခဲ့တယ်။ စာရေးသူလည်း သူငယ်ချင်းတွေနဲ့ တန့်ယန်းသင်္ကြန်ကို ဆင်နွဲခဲ့တယ်။ ပြီးတော့ အိပ်ယာလိပ်ယူပြီး ဓမ္မဂုဏ်ရည်ရိပ်သာမှာ တစ်ယောက်တည်း တရားစခန်းဝင်ခဲ့တယ်။ အမေက ကျောင်းမှာ ဝေယျာဝစ္စလုပ်ရင်း သားဖြစ်သူကို တရားအတွက် အားတက်စေတဲ့ အကြောင်းတွေ ဟောပေးတယ်။ အဖေက ညနေဆိုရင် သားဖြစ်သူကို တရားလာစစ်တယ်။ (အဲဒီအချိန် ရိပ်သာမှာ ယောဂီတွေ မရှိတော့ပါဘူး၊ စာရေးသူ တစ်ယောက်ထဲပါ) ဒုက္ခဝေဒနာနဲ့ ရင်ဆိုင်ရတဲ့အချိန် “သားရယ် သားခံစားရတဲ့ ဝေဒနာက အသေးအဖွဲပါ၊ ရှေးခေတ်က ရဟန်းတော်တစ်ပါးဟာ ကျားစားတာကို ခံရပြီး တရားရှုသေးတာ သားရဲ့” ဆိုတဲ့ အမေရဲ့ အားပေးစကားကြောင့် အားတက်ခဲ့ပြီး စာရေးသူ တရားအားထုတ်နိုင်ခဲ့တယ်။

အဖေကတော့ ဆရာပီပီ ခတ်တည်တည်ပဲ။ အဖေ့စကားကလည်း အသဲထဲအခုတိုင် စွဲနေဆဲပါ။ စာရေးသူ တရားအားထုတ်စဉ် အားငယ်သံတွေ ပါလာတော့ အဖေက “အေး . . . စိတ်အားငယ်ပြီး ကိုယ့်ကိုယ်ကို ငဲ့ညာနေ၊ ခဏခဏ အနေအထားပြောင်းနေရင်တော့ကွာ. . . တန့်ယန်းမြို့က ခွေးတွေ သူတို့ဖာသာသူတို့ အလိုလို ဘောင်းဘီဝတ်တတ်တဲ့အချိန် မင်းတရားရပါလိမ့်မယ်”တဲ့။ အဖေ့စကားဟာ ငယ်ထိပ်မှာ သံမှိုနှက်ထားသလိုပဲ ခံစားရတယ်။ မှတ်မိသွားတယ်။ ဒါကြောင့် အဖေအမေတို့ စိတ်ကျေနပ်တဲ့အထိ ကြိုးစားပေးခဲ့တယ်။ တရားစခန်းဝင်တာကတော့ (၁၃) ရက်ပါပဲ။ ဒါပေမယ့် တန်ဖိုးဖြတ်မရတဲ့ နေ့ရက်လို့ ဆိုရပါမယ်။ ပြန်စဉ်းစားရင် အဖေတို့အမေတို့က သူတို့ရဲ့ သားကို “အတိဇာတ = မိဘထက်တော်အောင်” သွန်သင်ပေးခဲ့တာဖြစ်ကြောင်း နောက်ပိုင်းမှ ပိုပို နားလည်လာတယ်။

အမေညွှန့်တို့ထံ ရဟန်းဝတ်ခွင့်တောင်းသော သားစိုင်းသိန်းလွင်

အမေညွှန့်တို့ထံ ရဟန်းဝတ်ခွင့်တောင်းသော သားစိုင်းသိန်းလွင်

ရဟန်းဘဝအတွက် အဖေနဲ့ အမေတို့ရဲ့ ဆုံးဖြတ်ချက်

၁၉၈၀ စာရေးသူ ဒေသကောလိပ် ပထမနှစ်ဖြေပြီးတော့ တန့်ယန်းမြို့ ဓမ္မဂုဏ်ရည်ရိပ်သာမှာ (၄၅) ရက် ဒုလ္လဘရဟန်းဝတ်တယ်။ မကြာခင် တတိယအကြိမ် တန့်ယန်းဈေးသစ်ကြီး မီးလောင်ပြန်ရော။ စာရေးသူတို့ အိမ်က မီးမလောင်ဘဲ ကျန်ခဲ့တယ်။ ဆွေမျိုးတွေ ဝမ်းကွဲညီအစ်ကို မောင်နှမတွေ၊ သူငယ်ချင်းတွေရဲ့ အိမ်တွေ မီးထဲ ပါသွားတယ်။ စာရေးသူက မိမိရဲ့ လူ့အဝတ်အစားတွေအားလုံးကို မီးလောင်တဲ့ ညီအစ်ကိုတွေကို စွန့်ပေးဖို့ အမေ့ကို ပြောလိုက်တယ်။ အမေက

“သားလူထွက်လာရင် ဘာဝတ်မှာလဲ”

“အမေရယ် ထွက်တဲ့အချိန်ကျရင် ပြန်ဝယ်လို့ ရပါတယ်၊ အခု သူတို့မှာ ဝတ်စရာမရှိဖြစ်နေတယ်။ သူတို့ကိုသာ စွန့်ပေးလိုက်ပါတော့”  အမေကိုယ်တိုင် စာရေးသူရဲ့ အဝတ်တွေကို သူများအား အကုန် စွန့်ပေးလိုက်တယ်။ ညတစ်ည အိမ်ရှေ့မှာ လူငယ်တွေ အရက်မူးပြီး ရန်ဖြစ်ကြတယ်။ ခေါင်းကွဲတဲ့ကောင်ကကွဲ ဆေးရုံရောက်တဲ့သူက ရောက်နဲ့ မနက်ကျတော့ အမေက ကျောင်းရောက်လာပြီး အဲဒီအကြောင်း ပြောပြတယ်။

“ငါ့သား ရဟန်းလာဖြစ်တာ အမေကတော့ ဝမ်းသာ ဝမ်းနည်းပဲ သိလား”

“ရှင်းပါဦး မယ်တော်ရယ်”

“မနေ့ညက သားရဲ့ သူငယ်ချင်းတွေနဲ့ တခြားကောင်လေးတွေ အိမ်ရှေ့မှာ ရန်ဖြစ်ကြတယ်။ ကွဲတဲ့ကောင်ကကွဲ ဆေးရုံရောက်သူရောက်၊ အချုပ်ထဲရောက်သူရောက်နဲ့ သူတို့ မိဘတွေက စိတ်ပူနေကြရတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ရင် အမေ့သားအတွက် အမေ မပူရတော့ ဝမ်းသာတာပေါ့ သားတော်ရယ်”

“ဝမ်းနည်းတာကကော”

“အော် ဒါတော့ တစ်ခါတစ်လေ အဝတ်အထည် သစ်သစ်လွှင်လွှင်တွေပေါ်လာတိုင်း ငါ့သားကို ဝတ်စေချင်လိုက်တာ ဆိုပြီးတော့ စဉ်းစားပြီး ဝမ်းနည်းသလိုလို ခံစားရတာပေါ့”  အမေ့စကားကို ကြားရပြီး စာရေးသူ သက်ပြင်းချမိတယ်။ ဒါပေမယ့် အမေသဘောပေါက်အောင် စာရေးသူက ဒီလိုပြောပေးလိုက်တယ်

“မယ်တော်ရယ် လူတွေဝတ်တဲ့ အဝတ်တွေက တစ်သံသရာလုံး ဝတ်လာခဲ့တဲ့ အဝတ်တွေပါ။ ဒီသင်္ကန်းကတော့ ဘုရားသာသနာနဲ့ ကြုံမှ ဝတ်ရတာကြောင့် ပိုပြီး မြင့်မြတ်ပါတယ် မဟုတ်လား မယ်တော်” ဒီစကားကြောင့် မယ်တော်လည်း စိတ်သက်သာရာရသွားခဲ့ပါတယ်။

စာရေးသူ ရဟန်းငါးဝါ (ငါးနှစ်)ရပြီး မယ်တော်က မေးလာတယ်

“သားပစင်း လူထွက်မယ်ဆိုရင်လည်း စောစောစီးစီးထွက်၊ မထွက်တော့ဘူးလို့ ဆုံးဖြတ်ရင်လည်း ဘုန်းကြီးစာပေကို သွားသင်ယူရမယ်”လို့ပြောလာတယ်။ ခမည်းတော်ဖြစ်တဲ့ အဖေက

“ရှင်မရယ် မင်းရဲ့သားကို ပရိယတ္တိစာသွားသင်ခိုင်းတာက မင်းသားကတော့ ပင်ပန်းမှာကို ငါမြင်မိတယ်ကွ”

“ရှင်းပြပါဦးတော်”

“အေး . . . စာသင်တိုက်ဆိုတာ အစားအသောက် အနေအထိုင် ဆင်းရဲခံရမယ်ကွာ၊ နောက်ပြီး စာတွေဘာတွေ တတ်လာရင်လည်း မင်းရဲ့သားပဇင်းကတော့ နားနားနေနေကို နေရတော့မှာ မဟုတ်တော့ဘူးကွ သိလား”

“အို ရှင်ကလည်း ရဟန်းဖြစ်ရင် ရဟန်းတတ်သင့်တဲ့ စာပေတွေ တတ်ထားမှ ကောင်းတာပေါ့၊ အများအကျိုး သာသနာ့အကျိုး ပိုပြီးတော့ သယ်ပိုးနိုင်မှာပေါ့… တော်ကြာနေ စာမတတ်ပေမတတ်နဲ့ သူများက မေးငြေါ့ပီး အဲဒါ ကမ္မဋ္ဌာန်းဆရာကြီး ဦးလှရွှေရဲ့ သားပဇင်းလေ၊ စာပေပရိယတ္တိမတတ်ရှာဘူးတော့ . . . အဲလိုမျိုးတော့ အပြောမခံချင်ဘူးနော်… သားပဇင်း ဆုံးဖြတ်ချက်ချပါ၊ လူထွက်ရင်လည်း အမေတို့က သားပီပီ ကျွေးမွေးပြုစုနိုင်ပါတယ်။ ရဟန်းဝတ်မယ်ဆိုရင်လည်း ပစ္စည်းလေးပါး ထောက်ပံ့နိုင်ပါတယ်။ ဒါပေမယ့် ပရိယတ္တိစာပေ မတတ်တဲ့ ရဟန်းတော့ မယ်တော် မဖြစ်စေချင်ဘူး”

ခမည်းတော်ရော မယ်တော်ရဲ့ ဆုံးဖြတ်ချက် ၂ ခုစလုံး မှန်ပါတယ်။ စာရေးသူလည်း ဓမ္မဂုဏ်ရည်ရိပ်သာမှာ ငါးနှစ် တရားအားထုတ်လာခဲ့ပြီ၊ သက်တော်ရှည် ရဟန္တာအရှင်သူမြတ် လွယ်ဟန်းဆရာတော် ဦးပဏ္ဍဝကိုလည်း ငါးနှစ်လုံးလုံး ပြုစုခဲ့ရပြီမို့ စာသင်တိုက်ကို သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အမေကိုယ်တိုင် စာရေးသူကို ညောင်ရွှေ ရွှေဂူစာသင်တိုက်အထိ လိုက်ပို့ခဲ့တယ်။ အစစအရာရာ အားပေးခဲ့တယ်။

ဂိလာနပြုစုတဲ့ မယ်တော်

၁၉၈၈ ခု စာရေးသူ ပထမလတ်တန်းဖြေဆိုအောင်မြင်ပြီး တန့်ယန်းကို အလည်လာချိန် အူယောင်ငန်းဖျားဖြစ်ခဲ့လို့ စာသင်တိုက်ကို မသွားနိုင်တော့ဘဲ တန့်ယန်းမှာပဲ ဝါဆိုလိုက်ရတယ်။ အစာစားတာနဲ့ အဖျားတက်ပြီး အော့အန်နေတော့ မယ်တော်ကိုယ်တိုင် ဆန်ဆေးရည်ကို ကျိုချက်ပြီး စာရေးသူကို တိုက်ခဲ့တယ်။ နောက်မှ တဖြည်းဖြည်းနဲ့ ဆန်ပြုတ်အရည်ကျဲကျဲ၊ ဆန်ပြုတ်ပြစ်ပြစ်၊ ထမင်းပျော့ပျော့ ပြန်စားလာနိုင်ခဲ့တယ်။ အမေကိုယ်တိုင် ကျောင်းမှာ လာအိပ်ပြီး စာရေးသူကို နေ့ရောညရော ပြုစုခဲ့တယ်။ တစ်လခွဲကြာတဲ့အထိပါပဲ။ စာရေးသူရဲ့ ရှေးဘဝဝဋ်ကြွေးတွေကို ခန္ဓာနဲ့ ပေးဆပ်နေရခြင်းပါ။ စာရေးသူလည်း နေကောင်းရော အမေလည်း အသားဝါရောဂါဖြစ်ပါလေရော။ အမေက သားရဟန်းကို အချိန်ပြည့် ပြုစုနိုင်ပေမယ့် သားရဟန်းကတော့ အမေလို မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် မယ်တော်က စိတ်ဓါတ်ခိုင်မာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူ့ကြောင့် သူများကို အလုပ်မပေးချင်ခဲ့ဘူး။ သူကသာ သူများကို ပြုစုချင်တဲ့သူပါ။ ဓမ္မဂုဏ်ရည်ရိပ်သာက ရဟန်းယောဂီတွေ၊ သီလရှင်တွေ၊ ကျောင်းကပ္ပီယတွေ နေမကောင်းရင်လည်း မယ်တော်က အထူးဂရုစိုက်ပြီး မတည့်သည့် အစာများကို ရှောင်ခိုင်းတယ်။ ဆရာဆရာမတွေကို ခေါ်ပြီး ဆေးထိုးခိုင်းတယ်။ ဂိလာနလူနာတွေအတွက် လိုအပ်တဲ့ အစာအဟာရတွေကို စီမံပေးခဲ့တယ်။ မယ်တော်ဟာ ဝေယျဝစ္စမှာ ပျော်တတ်တဲ့သူပါ။

အမေဘာကြောင့်ငို

၁၉၉၈ ဒီဇင်ဘာလ (၁၀) ရက်မှာ ခမည်းတော်ဦးလှရွှေ ပန်းနာရင်ကြပ်ရောဂါနဲ့ တန့်ယန်း သပ္ပါယဂေဟာ အိမ်မှာ ဆုံးသွားခဲ့တယ်။ အသက် (၇၂)နှစ်အရွယ်မှာပါ။ ခမည်းတော်ရဲ့ ဈာပနကိစ္စပြီးတော့ တစ်နေ့ မယ်တော်က ရိပ်သာကို ရောက်လာပြီး စာရေးသူနဲ့တွေ့ကာ

“အရှင်ဘုရားရဲ့ အဖေဟာ သေခါနီးမှာ ကံကောင်းတယ်ဘုရား။ ဘာကြောင့်လဲဆိုတော့ သားပဇင်းက အဖေ့ကို သေခါနီးမှာ ဝိပဿနာတရားဟောပေးပြီး အရှင်ဘုရားရဲ့ အဖေက ပြုံးပြုံးလေးနဲ့ သေသွားခဲ့တယ်၊ သူတကယ် ကံကောင်းပါတယ်ဘုရား” အမေက ငိုမဲ့ငိုမဲ့နဲ့ ဆက်ပြောလာတယ်။

“အကယ်၍ အမေသေတဲ့အချိန်မှာ သားပဇင်းက အမေ့အနားမှာ ရှိချင်မှ ရှိနိုင်မယ်၊ အဲဒါအတွက် အမေတွေးပြီး စိတ်မကောင်းနိုင်ဘူး သားပဇင်းရယ်” အမေက မျက်ရည်ကို ပုဝါနဲ့ သုတ်နေတယ်။ စာရေးသူက မယ်တော်ကြီးကို  စိတ်သက်သာရာရအောင် တရားစကား ပြောပေးလိုက်တယ် . . .

“မယ်တော်ကြီးရယ် မပူပါနဲ့၊ မယ်တော်ကြီးရဲ့ နိဂုံးအချိန်မှာ မယ်တော်ကြီးအတွက် သားပဇင်း စိတ်ချပြီးသားပါ”

အမေက မျက်ရည်သုတ်ပြီး

“ဘာကြောင့် သားပဇင်းက အဲလိုပြောတာလဲဘုရား”

“အော် မယ်တော်ရယ် မယ်တော်ကိုယ်တိုင်က တရားအားထုတ်ဖူးတယ်။ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးကို သိခဲ့တယ် မဟုတ်လား။ နောက်တစ်ချက် မယ်တော်တို့ မိန်မသားတွေက ယောက်ျားသားတွေထက် သေဘေးကို ကြိုတင် ရင်ဆိုင်ခဲ့ဖူးသူတွေ ဖြစ်လို့ပါ”

“သားပဇင်း ဘာကို ဆိုလိုတာလဲဘုရား”

“ဒီလိုပါ မယ်တော်  မယ်တော်တို့ မိန်းမသားတွေက အသက်နဲ့လဲပြီး ကလေးမွေးခဲ့ဖူးတယ်လေ အဲဒါကြောင့် မယ်တော်တို့က သေမင်းနဲ့ ရင်ဆိုင်ခဲ့ဖူးပြီးသားပါ။ သတိတရား ဝိပဿနာတရားနဲ့ဆိုရင် ဘယ်သူကမှ ဘေးနားမှာ စောင့်စရာ မလိုတော့ဘူးထင်တယ်၊ ဟုတ်တယ်နော် မယ်တော်”

မယ်တော်မျက်နှာ အပြုံးတစ်ချက်သန်းလာပြီး “မှန်ပါဘုရား၊ တပည့်တော်မ အနေလည်း တတ်အောင် အသေလည်း မြတ်အောင် ကြိုးစားပါမယ်ဘုရား” မယ်တော် ဦးသုံးကြိမ်ချပြီး အိမ်ပြန်သွားတော့တယ်။ စာရေးသူလည်း သုံးလေးရက်လောက်နေပြီး ရန်ကုန် သာသနာ့တက္ကသိုလ်ကို ပြန်သွားရတော့တယ်။

အမေ့မျက်နှာ ကြည်သာသာ

စာရေးသူတို့ရဲ့ အမေ့မျက်နှာဟာ အမြဲတမ်း ကြည်လင်ပြီး ပြုံးနေတယ်။ အမေ့ကို မြင်ရတဲ့သူတိုင်း စိတ်ချမ်းသာတယ်။ အသက်ကြီးလေ ပိုပြီး ခန့်ညားလေပဲ။ ဟုတ်ပါ့ စိတ်ကြည်ရင် ရုပ်လည်း ကြည်တယ်။ ငယ်တုံးက အဖေနဲ့အမေက သက်သတ်လွတ်စားတယ်။ စာရေးသူတို့လည်း အဖေအမေတို့ ကျွေးတဲ့ဟင်းနဲ့ ကြီးလာခဲ့တာပါ။ အသားစားချင်ရင်တော့ ဝမ်းကွဲအစ်မအိမ်မှာ သွားစားတယ်။ နေမကောင်းတဲ့အချိန် အားရှိအောင်ဆိုပြီး အမေက ဆိုင်မှာ ဝက်သားကင် သွားဝယ်ပြီး ကျွေးတယ်။ အဖေကတော့ ဆုံးသွားတဲ့အထိ သက်သတ်လွှတ်ပဲ စားသွားတယ်။ အမေကတော့ ကျန်းမာရေးအရ အသားပြန်စားတာ သိပ်မကြာသေးဘူး။ အမေ့အတွက် စာရေးသူ အထူးမေ့မရေတာကတော့ ၂၀၀၆ ခုက အမေ့ကို ဗုဒ္ဓဂယာဘုရားဖူး ခေါ်သွားရခြင်းပါပဲ။ အဲဒီတုံးက အမေ့အသက် (၇၈-၇၉)ထဲရောက်နေပြီ။ ဂဇ္ဈကုဋ်တောင်ထိပ်ကနေ ဘုရားရှင်သီတင်းသုံးတဲ့ နေရာကို သွားဖူးဖို့ တောင်တက်တောင်ဆင်းပြီး တစ်မိုင်ခွဲလောက်လမ်း လျှောက်ရတယ်။ အမေမယ်တော်ကြီး ပင်ပန်းမှာစိုးလို့ စက်လှေခါးနဲ့ တောင်အောက်ပြန်ဆင်းဖို့ပြောတော့ မယ်တော်ကြီးက-

“သားပဇင်းရင် ဘုရားရှင်ကိုယ်တိုင် ဒီတောင်ပေါ်မှာ လမ်းလျှောက်ခဲ့တာဖြစ်လို့ အမေလဲ လမ်းလျှောက်နိုင်ပါတယ်၊ ဖြေးဖြေးလျှောက်တာပေါ့” တဲ့။ ဘုရားကို ကြည်ညိုတဲ့ အမေ့ရဲ့ စိတ်ဓါတ်ကို စာရေးသူ အရမ်းချီးကျူးမိခဲ့တယ်။ ဒီအမေနဲ့ ပတ်သက်လာရင် စာရေးသူ အထူးကံကောင်းတယ်လို့ ဆိုရင်လည်း မမှားပါဘူး။

အမေတို့ ဖြတ်သန်းလာတဲ့ခေတ်တွေက မနဲတော့ပါဘူး။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်ခေတ်၊ န.ဝ.တခေတ်၊ န.အ.ဖ ခေတ်၊ ဒီမိုကရေစီခေတ်ဆိုပြီး မင်းဆက် ကိုးဆက်နဲ့ ကြုံခဲ့တဲ့ အမေဖြစ်တယ်။

ဒီနှစ် ၁၃၇၃ နတ်တော်လဆန်း (၄) ရက်ကတော့ မယ်တော်ကြီးရဲ့ (၈၃) နှစ်ပြည့်ပြီး (၈၄) ထဲကို စတင်ဝင်ရောက်ပါပြီ။ မွေးနေ့မှာ မယ်တော်က သံဃာတော် ၁၃ ပါးနဲ့ သီလရှင် ၁၆ ပါး လူပရိသတ် ၅၀ ကျော်တို့ကို ကျွေးမွေးလှူဒါန်းခဲ့တယ်။ မယ်တော်အတွက် မြေးဖြစ်သူ စိုင်းခွန်မေတ္တာဦး မှာထားတဲ့ မွေးနေ့ကိတ်ကို နေ့ဆွမ်းမစားခင် မယ်တော်က ဘုရားရှင်အား မွေးနေ့ကိတ် မီးထွန်းပြီး လှူထားခဲ့တယ်။ ဟုတ်ပါ့ ငါတို့ကတော့  မွေးနေ့ကိတ်ကို သူငယ်ချင်းတွေ ကျွေးဖို့ပဲ စိတ်ကူးပေါ်တယ်။ မယ်တော်ကတော့ “ဒီလို လှပတဲ့ ကိတ်မုန့်ကို ငါကတော့ ဘုရားရှင်ကို အရင်လှူမယ်” တဲ့ မယ်တော်ရဲ့ သဒ္ဓါတရားကို လေးစားပြန်ပါလေရော။

ဘာပဲဖြစ်ဖြစ်ပေါ့လေ မွေးသမိခင်ကျေးဇူးရှင်အတွက် ကျေးဇူးဆပ်ဖို့ သားသမီးတိုင်း တာဝန်ရှိတယ် မဟုတ်လား။ စာရေးသူကတော့ မယ်တော်မွေးနေ့အတွက် အလှူငွေငါးသိန်း လှူပေးလိုက်ရတယ်။ မယ်တော်ကြီးကတော့ စိတ်ထဲမှာ တစ်ခု ဆုံးဖြတ်ချက်ချထားတယ်။ သူ့မှာ ရှိထားတဲ့ ငွေတွေ ပစ္စည်းတွေ သေရွာကို မပါနိုင်ဘူး။ စာရေးသူ ဦးဆောင်ပြီး အသစ်ပြန်လည်တည်ဆောက်မည့် တန့်ယန်းမြို့ မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးအတွက် ခမည်းတော်ကို ရည်စူးပြီး အလှူငွေ ကျပ်သိန်းတစ်ရာ လှူဒါန်းဖို့ မွေးနေ့မှာ ဆုံးဖြတ်လိုက်တယ်တဲ့။ သာဓုခေါ်ပါတယ် မယ်တော်ကြီးရယ်။ မယ်တော်ကြီး ဘာကို ဆုတောင်းသလဲလို့မေးတော့ မယ်တော်ကြီးရဲ့ ဆုတောင်းက အများနဲ့ မတူ တကယ့်ကို တမူထူးခြားနေတယ်။

“လူရဲ့ အမေလည်း မဖြစ်ချင်တော့ဘူး၊ နတ်ရဲ့ အမေလည်း မဖြစ်ချင်တော့ဘူး၊ လူ့သားသမီးလည်း မဖြစ်ချင်တော့ဘူး၊ နတ်ရဲ့ သားသမီးလည်း မဖြစ်ချင်တော့ဘူး၊ သောကကင်းငြိမ်းတဲ့ နိဗ္ဗာန်ကိုပဲ အမေဆုတောင်းတယ်” တဲ့။ မယ်တော်ကြီးကတော့ အလှူအဒါန်းမှာ ပျော်လျှက်၊ ဝေယျာဝစ္စမှာ ပျော်လျှက်ပါ။ အိပ်ယာဝင်ချိန်မှာ တရားနဲ့ပျော်လျက်ပါ။

DSC03842

မယ်တော်ကြီးဒေါ်ညွှန့်(ခေါ်) ပါခမ်းဆိုင် လိုရာဆန္ဒ ပြည့်ဝပြီး၊ ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေကြောင်း ဆုတောင်း မေတ္တာပို့သလျှက်

သားရဟန်းတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း-တန့်ယန်း)

Tags:

About laisaitai