ကွမ်းလုံ ဟိုပန် လောက်ကိုင် နဲ့ တရုတ်ပြည်သာသနာပြု ခရီး 2012

31.12.2011 နှစ်ကုန်တဲ့နေ့ စာရေးသူ ရန်ကုန်ကနေ လေယာဉ်နဲ့ လားရှိုးကို ရောက်လာပြီး ည ၇ နာရီ လားရှိုးမြို့တော် ခန်းမမှာ မြန်မာလို ညတရားဟောပေးခဲ့တယ်။

DSC06778

1.1.2012 နှစ်ဆန်းတစ်ရက်မှာတော့ နံနက် ၇ နာရီကျော် လားရှိုးကနေ ကားနဲ့ တောင်ကြီးကို ခရီးထွက် လာခဲ့ရာ ည ၈ နာရီခွဲကျော်ကျော် တောင်ကြီးကို ရောက်ခဲ့တယ်။

2.1.2012 မွန်းလွှဲ ၁  နာရီ အချိန် စိုင်းခမ်းနွတ် (တောင်ကြီး)၊ စိုင်းလုံ (တောင်ကြီး)၊ စိုင်းမွန်းခမ်း (လားရှိုး)နဲ့ စာရေးသူတို့ SIIT အတွက် အစည်းအဝေး ပြုလုပ်ခဲ့တယ်။

ညောင်ရွှေမြို့ ရွှေဂူဆရာတော် (၈၆) နှစ် မွေးနေ့နှင့် ဆရာတော်၏ တပည့်များ

ညောင်ရွှေမြို့ ရွှေဂူဆရာတော် (၈၆) နှစ် မွေးနေ့နှင့် ဆရာတော်၏ တပည့်များ

DSC06976

ည ၇း၃၀ ညောင်ရွှေမြို့ ရွေဂူစာသင်တိုက် ကျောင်းရေစက်ချပွဲအတွက် မြန်မာလို တရားဟော ပေးခဲ့ပြီး 3.1.2012 နေ့လည် ၁ နာရီ ကျောင်းရေစက်ချပွဲနဲ့ ရွှေဂူဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိလာသာ ဘိဝံသ ရဲ့ ၈၆ နှစ်မြောက် မွေးနေ့ပွဲ အလှူမင်္ဂလာကို တက်ရောက်ခဲ့ကာ တောင်ကြီးကို ပြန်လာခဲ့တယ်။ တောင်ကြီး ပိဋကတ်ရှမ်းကျောင်းမှာ တည်းပြီး ည ၇ နာရီ စိုင်းခမ်းနွတ်၊ ခွန်ညွှန့်ဝင်း (တောင်ကြီး) နဲ့ တွေ့ပြီး ပအိုဝ်းစာ ယူနီကုတ်အတွက် Keyboard Layout ကို သတ်မှတ်ခဲ့တယ်။

SIIT မှ တောင်ကြီး ခွန်ညွှန့်ဝင်းနဲ့ တိုင်ပင်ပြီး ပအိုဝ်းယူနီကုတ် KeyLayout သတ်မှတ်

SIIT မှ တောင်ကြီး ခွန်ညွှန့်ဝင်းနဲ့ တိုင်ပင်ပြီး ပအိုဝ်းယူနီကုတ် KeyLayout သတ်မှတ်

4.1.2012 တောင်ကြီးကနေ လားရှိုးကို ကားနဲ့ ပြန်ကြွလာခဲ့တယ်။

5.1.2012 လားရှိုး ကနေ မူဆယ်ကို ကြွပြီး ပန်ခမ်းကျောင်းမှာ မိုင်းဖုန်းဆရာတော် မွေးနေ့အတွက် ဒကာဒကာမများ နေ့ဆွမ်းဆက်ကပ်ပြီး နေ့လည် ၁ နာရီအချိန် ရေစက်ချ တရားဟောပေးခဲ့တယ်။

ပန်ခမ်းကျောင်း မိုင်းဖုန်းဆရာတော်မွေးနေ့မှ တရားနာပရိသတ်များ

ပန်ခမ်းကျောင်း မိုင်းဖုန်းဆရာတော်မွေးနေ့မှ တရားနာပရိသတ်များ

ပန်ခမ်းကျောင်း မိုင်းဖုန်းဆရာတော် မွေးနေ့မှာ တရားဟောပေးစဉ်

ပန်ခမ်းကျောင်း မိုင်းဖုန်းဆရာတော် မွေးနေ့မှာ တရားဟောပေးစဉ်

ဇန်န၀ါရီလ ၉ ရက်အထိ မူဆယ်မှာ သီတင်းသုံးခဲ့တယ်။

ကွမ်းလုံ ဟိုပန် လောက်ကိုင် နဲ့ တရုတ်ပြည်သာသနာပြု ခရီး

10.1.2012 နံနက် ၇ နာရီကျော် မူဆယ်ကနေ ထွက်လာပြီး သိန္နီမြို့ ကျောင်းဆိုင်ကျောင်းမှာ နေ့ဆွမ်းဘုဉ်း ပေးကာ စာရေးသူတို့ အဖွဲ့ ကွမ်းလုံကို ခရီးထွက်လာတယ်။ စာရေးသူတို့မူဆယ်အဖွဲ့က ကားနှစ်စီး။ လားရှိုးနဲ့ ကွမ်းလုံ အဖွဲက ကားလေးစီးနဲ့ ခရီးထွက်လာခဲ့ရာ ညနေ ၄ နာရီ မထိုးခင် ကွမ်းလုံကိုရောက်လာတော့တယ်။ မြို့သူမြို့သားများက တိုးဂိတ်မှာ လာစောင့်ပြီး ကြိုကြတယ်။ ရှမ်းအိုးစည်သံနဲ့ ဓမ္မစကြာ ၀တ်ရွတ်သံတွေ ဘ၀ဂ်ကို ညံသွားလေတော့တယ်။ သံလွင်မြစ်ကြီးကလည်း အေးချမ်းစွာ စီးဆင်းလျက်ရှိပြီး စာရေးသူတို့ ကားတန်းကြီးက ကွမ်းလုံ ကြိုးတံတားကို ဖြတ်ကျော်ကာ မြို့ထဲကို ၀င်လာတယ်။ ထေရ၀ါဒဗဟိုသာသနာပြု ကျောင်းမှာ စာရေးသူတို့ အဖွဲ့ စခန်းချကြတယ်။ ည ၇ နာရီအချိန် သာရေးနာရေးလူမှုကူညီမှုအသင်းကြီးရဲ့ ပထမအကြိမ် တရားပွဲကို စတင်ကျင်းပခဲ့ကာ ကျောင်းအပေါ်ထပ် အောက်ထပ် ပရိသတ်အပြည့်တို့အား ဗမာလို စာရေးသူ တရားဟောပေးခဲ့တယ်။

ကွမ်းလုံမြို့အနီး ဖြတ်သန်းစီးဆင်းတဲ့ သံလွင်မြစ်

ကွမ်းလုံမြို့အနီး ဖြတ်သန်းစီးဆင်းတဲ့ သံလွင်မြစ်

ကွမ်းလုံ ကြိုးတံတား

ကွမ်းလုံ ကြိုးတံတား

တောင်တန်းသာပြု အရှင်သုခမိန္ဒအား ကွမ်းလုံမှ ကြိုဆို

တောင်တန်းသာပြု အရှင်သုခမိန္ဒအား ကွမ်းလုံမှ ကြိုဆို

ကွမ်းလုံမြို့ ထေရဝါဒကျောင်းတွင် တရားချီးမြှင့်စဉ်

ကွမ်းလုံမြို့ ထေရဝါဒကျောင်းတွင် တရားချီးမြှင့်စဉ်

ကွမ်းလုံမြို့ တရားနာပရိသတ်များ

ကွမ်းလုံမြို့ တရားနာပရိသတ်များ

ကွမ်းလုံမြို့ တရားနာပရိသတ်များ (ကျောင်းအောက်)

ကွမ်းလုံမြို့ တရားနာပရိသတ်များ (ကျောင်းအောက်)

11.1.2012 နံနက် ၉ နာရီခန့် လူစုပြီးတာနဲ့ ကွမ်းလုံကနေ ဟိုပန်မြို့ကို ခရီးထွက်လာပြန်တယ်။ တစ်လမ်းလုံး နှင်းတွေ ဝေနေခဲ့တယ်။ သံလွင်မြစ်အတွင်း စီးဝင်တဲ့ နမ့်တိန်ချောင်းကူး တံတားကို ဖြတ်တာနဲ့ ဟိုပန်မြို့ကို ရောက်လာပါတော့တယ်။ ကွမ်းလုံနဲ့ ဟိုပန်မြို့က ရော်ဘာမြို့လို့ ပြောရင်လဲ မမှားပါဘူး။ တောင်တွေအပေါ်မှာ ရော်ဘာပင်တွေ ပြည့်နေတာ တွေ့ရတယ်။ ရော်ဘာကို ရွှေဖြူလို့ တင်စားခေါ်ဝေါ်ထားတယ်။ (၇) နှစ်လောက် စိုက်ရင် ရော်ဘာစေးတွေ ခြစ်လို့ ရပါပြီ။ နှစ်ရှည်ပင် ဆိုတော့ စိုက်သင့်ပါတယ်။ ဟိုပန်မြို့သူမြို့သားများ ရွာသူ ရွာသားများကလည်း အိုးစည်ဗုံမောင်းနဲ့ ဆောင်းအအေးဒဏ်ကို အံတုပြီး စာရေးသူတို့ကို ကြိုဆိုခဲ့ကြတယ်။ စာရေးသူတို့အဖွဲ့ ဟိုပန် မဟာစည်သာသနာ့ ရိပ်သာမှာ သွားတည်းကြတယ်။

ကွမ်းလုံမြို့ မဟာစည်သာသနာ့ ရိပ်သာသို့ ရောက်စဉ်

ကွမ်းလုံမြို့ မဟာစည်သာသနာ့ ရိပ်သာသို့ ရောက်စဉ်

နှေ့ဆွမ်းကို အဲဒီမှာပဲ ဘုဉ်းပေးခဲ့ကြတယ်။ နေ့ခင်း (၂) နာရီအချိန် စာရေးသူတို့အဖွဲ့ သဗ္ဗညု စုမ့်မိန်းစေတီကို သွားဖူးတယ်။ စေတီက မြို့ရဲ့ အနောက်တောင် တောင်ပေါ်မှာ တည်ရှိပြီး တကယ့် သာယာတဲ့နေရာဖြစ်တယ်။ စေတီ တောင်ကုန်းပေါ်ကနေ လှမ်းကြည့်ရင် ဟိုပန်မြို့ တစ်မြို့လုံးကို လှပစွာ မြင်တွေ့ရပြီး ကွေ့ကောက်နေတဲ့ နမ့်တိန်ချောင်းကလည်း သဘာဝအလှကို ဖေါ်ညွှန်းနေပါတယ်။ မှိုင်းညို့နေတဲံ့ သံလွင်တောင်တန်းကြီးတွေ ရော်ဘာပင်တွေနဲ့ ဝေနေတဲ့ တောင်ကုန်းတွေ တကယ် ကြည့်လို့ လှတဲ့ နေရာလေးတစ်ခုပါ။ ဒီစေတီကို မိုင်းဖုန်း ဆရာတော် လာတည်ထားခဲ့တယ်။ တောင်ပေါ်အထိ ကားတက်နိုင်ပြီး စေတီစောင့် သံဃာတော် ၆ ပါးရှိပါတယ်။

ဟိုပန်မြို့ သဗ္ဗညုစုမ့်မိန်းစေတီတော်ကို ဖူးမျှော်စဉ်

ဟိုပန်မြို့ သဗ္ဗညုစုမ့်မိန်းစေတီတော်ကို ဖူးမျှော်စဉ်

သဗ္ဗညုစုမ့်မိန်းစေတီပေါ်မှ မြင်ရသော ဟိုပန်မြို့

သဗ္ဗညုစုမ့်မိန်းစေတီပေါ်မှ မြင်ရသော ဟိုပန်မြို့

စေတီပေါ် မှတ်တမ်းတွေ ဓါတ်ပုံတွေ ရိုက်ပြီးနောက် စာရေးသူတို့အဖွဲ့ ၃၁ ဘုံကျောင်းနဲ့ ဟိုပန် စာသင်တိုက် ဆရာတော်ကို သွားကန်တော့ခဲ့တယ်။

၃၁ ဘုံကျောင်း ဟိုပင်မြို့

၃၁ ဘုံကျောင်း ဟိုပင်မြို့

အဲဒီနောက် မဟာစည်ရိပ်သာမှာ လာနားပြီး ည ၇ နာရီအချိန် စာရေးသူက မန်ကောင်းကျောင်းမှာ ရှမ်းဘာသာနဲ့ ညတရားပွဲ တစ်ပွဲ ဟောပေးခဲ့သေးတယ်။ ရှမ်းနဲ့ ၀ ပရိသတ်များ ကျောင်းအပြည့် လာပြီး တရားနာကြတယ်။ တရားပွဲပြီးနောက် မဟာစည်သာသနာ့ရိပ်သာမှာ လာတည်းကြတယ်။

ဟိုပင်မြို့ မန်ကောင်းကျောင်း ညတရားကြွဟောစဉ်

ဟိုပင်မြို့ မန်ကောင်းကျောင်း ညတရားကြွဟောစဉ်

12.1.2012 အရုဏ်ဆွမ်းဘုဉ်းပြီးတာနဲ့ လောက်ကိုင်မြို့ကို ခရီးဆက်ပြန်တယ်။ ချင်းရွှေဟော် ရောက်တာနဲ့ မြို့ထဲ မ၀င်ဘဲ အနောက်မြောက်ဘက်ကို လမ်းခွဲထွက်သွားတယ်။ လမ်းမှာ တောင်တွေ တော်တော်မတ်စောက်ပြီး အတိတ်က ဘိန်းခင်းတွေ ဖြစ်ထွန်းခဲ့တဲ့ နေရာတွေဖြစ်ကာ ယခုတော့ ရော်ဘာခြံတွေ၊ ကြံခင်းတွေနဲ့ အလုပ်ဖြစ်နေကြလို့ ကြံတောင်သူတွေ ကြံခုတ်နေတာ တွေ့ရတယ်။ ဒီကြံတွေကို တရုတ်ပြည်ကို တင်ပို့လို့ ၀င်ငွေရစေပါတယ်။ တောင်ပေါ်မှာတော့ ကိုးကန့်တရုတ်တွေ နေထိုင်ကြပြီး လယ်ရှိတဲ့နေရာတွေတော့ ရှမ်းတွေ နေထိုင်ကြတယ်။ လောက်ကိုင်မြို့မြင်ကွင်းကတော့ ချောက်ကပ်နေသလို ခံစားမိတယ်။ အရင်ကလို သိပ်မစည် တော့ပါဘူး။ အရင်တုံးက စည်တယ်ဆိုတာက လောင်းကစားဝိုင်းတွေ စနိုကာဝိုင်းတွေကြောင့် ဖြစ်တာပါ။

လောက်ကိုင်မြို့ကို ရောက်စဉ်

လောက်ကိုင်မြို့ကို ရောက်စဉ်

စာရေးသူတို့အဖွဲ့ ဆီအောရှမ်းရွာကို ရောက်လာချိန် ဘေးနားက ရွာသားတွေက အိုးစည်ဗုံမောင်းတွေ တီးခတ်ပြီး ပျော်ရွှင်စွာ ကြိုဆိုကြတယ်။ အဲဒီကျောင်းမှာ နေ့ဆွမ်းဘုဉ်းပေး၊ ပရိသတ်တွေကိုလည်း နေ့လည်စာ ကျွေးပါတယ်။ ရှမ်းတွေက ဘာပဲလုပ်လုပ် ထမင်းဟင်းတွေနဲ့ ဧည့်ခံရမှ စိတ်ကျေနပ်တဲ့ လူမျိုးပါ။ ပရိသတ်များ အကန်တော့ခံ သီလပေးပြီး နေ့လည် ၂ နာရီလောက် ကျောင်းရဲ့ ဘေးမှာရှိတဲ့ ဘုရားဂူကို သွားလည်ပါတယ်။ ဂူထဲမှာ အတော့ကို စိတ်ကြည်နူးစရာဖြစ် စေပါတယ်။ ဘုရားတွေလည်း ဂူဘေးပတ်ပတ်လည်မှာ တ၀ကြီး ဖူးတွေ့ရတယ်။ ဧည့်သည်တွေ လောက်ကိုင်မြိုကို ရောက်တိုင်း ဒီဂူကို ရောက်ဖြစ်တာများပါတယ်။ ဂူပေါက်က အရှည်ကြီး တော်တော်နဲ့ မဆုံးနိုင်ဘူးလို့ ဆိုတယ်။ ဂူထဲက ထွက်တဲ့ရေကို ပိုက်ဆက်ပြီး လောက်ကိုင်မြို့ကို ရေဖြန့်ပေးတယ်။ စာရေးသူတို့အဖွဲ့ ဘုရားဖူး မေတ္တာပို့ပြီး မကြာခင် ဂူကနေ ပြန်ထွက်လာတယ်။ ကျောင်းမှာ နားပြီး ည ၇း၃၀ အချိန် ပရိသတ်တွေကို ရှမ်းဘာသာနဲ့ တရားဟောပေးခဲ့တယ်။

တရုတ်ပြည်သို့

13.1.2012 နံနက်စာစားပြီးတာနဲ့ အဖွဲ့တွေ အားလုံးစုပြီး လောက်ကိုင်ကနေ ချင်းရွှေဟော်ကို ပြန်လှည့် လာခဲ့တယ်။ ချင်းရွှေဟော်က တရုတ်ပြည်နဲ့ နယ်စပ်မြို့ဖြစ်တယ်။ လူစုံတာနဲ့ ဂိတ်ကိုဖြတ်ပြီး တရုတ်ပြည်ထဲ ကိုရောက်လာပါတော့တယ်။ စာရေးသူတို့အဖွဲ့က မြန်မာပြည်က ကား ၅ စီးနဲ့ တရုတ်ပြည်ထဲကို ၀င်လာခဲ့တာပါ။ တရုတ်ပြည် မိုင်းတင်မြို့က သံဃာတော်တချို့ လာကြိုကြပါတယ်။ ဒီဘက်နိုင်ငံက လမ်းတွေကတော့ နယ်စပ်လမ်းတောင်မှာ ကတ္တရာအပြည့်နဲ့ ညီပြီး မွတ်နေတာပဲ။

ကီမားကျောင်း ကီမားမြို့ ယူနန်နယ် တရုတ်ပြည်

ကီမားကျောင်း ကီမားမြို့ ယူနန်နယ် တရုတ်ပြည်

စာရေးသူတို့အဖွဲ့ မိုင်းတင်မြို့ ဟန်းဟုန့်ကျောင်းမှာ နေ့ဆွမ်းဘုဉ်းပေးဖို့ စီစဉ်ပေးထားပါတယ်။ မိုင်းတိန် ဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းမှတ်တမ်းရှိတယ်။ ဒီလိုပါ . . .

မိုင်းတိန်သမိုင်း

ရှမ်းတွေ ယုံကြည်ချက်အရ ဓမ္မပဒထဲကအတိုင်း ဗာရာဏသီ မိဖုရားကြီး ကိုယ်ဝန်အရင့်အမာနဲ့ အ၀တ်နီကို ခြုံပြီး နေပူစာ လုံနေချိန် ငှက်ဆင်ကြီး တစ်ကောင်က မိဖုရားကို သားတစ်ထင်မှတ်ပြီး သုတ်ချီသွားခဲ့ကာ တောထဲကို ပျံသွားခဲ့တယ်။ အဲဒီငှက်ကြီး ရွှေလီမြစ်ဝှမ်းတ၀ိုက် ၀ဲပျံလာချိန် မိဖုရားကြီး မူးခဲ့လို့ အဲဒီ ရွှေလီဒေသကို ရှမ်းလိုက (ထုင့်မ၀်း) ထုန့်မောဝ် (မူးဝေတဲ့လွင်ပြင်)လို့ခေါ်ခဲ့တယ်။ ငှက်ကြီးက ဆက်လက် ပျံသန်းလာခဲ့ရာ ယခု မိန်းတိန်တောကြီး သစ်ပင်ကြီး တစ်ပင်ပေါ်ရောက်တော့ ခဏနားတယ်။ မိဖုရားကလည်း ထောက်တည်ရာ ရပြီးမှ ငှက်ကို ချောက်လှန့်ပျံသန်းစေပြီး သစ်ပင်ပေါ်မှာပဲ သားတော်မွေးခဲ့တယ်။ စာရေးသူတို့ နေ့ဆွမ်း လာဘုဉ်းပေးတဲ့ ဟန်းဟုန့်ကျောင်းက (ဟန်း= ငှက်အသိုက်၊ ဟုန့် = သိန်းငှက်ကြီး) မိဖုရားကြီး သားတော် မွေးခဲ့တဲ့ နေရာဖြစ်တယ် လို့ဆိုတယ်။

ဒီမြို့ကို ဘာကြောင့် မိန်းတိန်လို့ ခေါ်သလဲဆိုတော့ မိန်းတိန်ဖြစ်လာမဲ့ ဒီမြို့ဟာ ရှေးခေတ်က တောကြီး တစ်ခု ဖြစ်ခဲ့တယ်။ အဖော်ရသေ့ နှစ်ပါး တောရဆောက်တည်ပြီး နေခဲ့တယ်။ တစ်ပါးက ပျံတော်မူပြီး နတ်သားသွားဖြစ် တယ်။ ညအချိန် နတ်သားက ရသေ့ထံလာပြီး သူနတ်ပြည်ရောက်တဲ့အကြောင်း ပြောပြကာ ကျန်နေတဲ့ ရသေ့ အတွက် လိုအပ်တဲ့ အကူအညီ ရှိရင် မိန့်ကြားဖို့ ပြောတယ်။ ရသေ့ကလည်း သူ့နေရာမှာ ဆင်တွေ လွန်စွာပေါတဲ့ အကြောင်း ဆင်တွေလာရင် ကြောက်နေရတဲ့အကြောင်း ပြောတော့ နတ်သားက ရသေ့ကို စောင်းတစ်လက်ပေးပြီး ဆင်နိုင်တဲ့ ဂါထာမန္တန်ကို သင်ပေးလိုက်တယ်။ ရသေ့လည်း ဆင်တွေ လာတဲ့အခါ ဆင်တွေကို ပြေးစေတဲ့ မန္တာန်ရွတ်ပြီး စောင်းကို တီးခတ်တဲ့အချိန် ဆင်တွေထွက်ပြေးသွားတော့ ချမ်းသာစွာ နေထိုင်နိုင်ခဲ့တော့တယ်။

တစ်နေ့ သစ်သီးရှာရင်း သစ်ပင်ပေါ်မှာ ကလေးငိုသံကြားတော့ အသံရှိတဲ့ဘက်ကို လိုက်သွားခဲ့ရာ မိဖုရားကို တွေ့ခဲ့တယ်။ နောက်ပိုင်း မိဖုရားသားအမိကို သစ်ပင်ပေါ်က ဆင်းနိုင်အောင် ကူညီခဲ့ပြီး သူနေတဲ့ တောကျောင်း အနီးမှာ လာပြီး ပြုစုခဲ့တယ်။ မကြာခင် ဗာရာဏသီ ပြည့်ရှင်မင်းကြီး နတ်ရွာစံပြီဖြစ်ကြောင်း နက္ခတ်ကိုကြည့်ပြီး မိဖုရားကို ပြောပြခဲ့တယ်။ မိဖုရားလည်း ၀မ်းနည်းစွာ အားကိုးရာမဲ့ ဖြစ်ခဲ့လို့ နောက်ပိုင်း ရှင်ရသေ့နဲ့ အကြောင်းပါလို့ ရသေ့လည်း လူထွက်ကာ မိဖုရားနဲ့ ပေါင်းသင်းခဲ့တယ်။ သားတော်လေး စ၀်အုံ့တိန် (စောင်းပိုက်သခင်/ ပါဠိလိုတော့ ဥတေန) ကို ဆင်နိုင် မန္တာန် သင်ပေးခဲ့ပြီး သားတော်လေး အရွယ်ရောက်တဲ့အချိန် တောထဲက ဆင်တွေများစွာခေါ်ပြီး ဗာရာဏသီကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ် လို့ဆိုတယ်။  နောက်ပိုင်း ဗာရာဏသီမင်းက ရသေ့ဖခင်နဲ့ မိခင်တို့ နေထိုင်တဲ့ နေရာကို မြို့တည်ပေးလိုက်တယ်။ နတ်သားက စောင်းတစ်လက် လာပေးတဲ့ အရာကို အစွဲပြုပြီး ဒီမြိုကို မိန်းတိန် လို့ နာမည်ပေးခဲ့တယ်။ (မိန်း= မြို့၊ တိန်=စောင်း) ဒါကြောင့် မိန်းတိန်ဆိုတာ စောင်းမြို့လေး တစ်မြို့ပါ။

စာရေးသူတို့ မိန်းတိန်မြို့အနီးကို ဖြတ်လာပြီး ရှေးဟောင်းတောင်ကျိုင့်ဘုရားကို သွားဖူးခဲ့တယ်။ ဘုရားကျောင်းကြီး အသစ် တည်ဆောက်နေတာမို့ စာရေးသူက ကျောင်းအလှူငွေ ယွမ် ၃၀၀၀ လှူပေးခဲ့တယ်။ အဲဒီနောက် ဟန်းဟုန့်ကျောင်းကို ရောက်လာတော့တယ်။ မိန်းတိန်ဒေသမှာ ရှမ်းရွာပေါင်း ၃၈ ရွာရှိပြီး တချိန်က ရှမ်းစော်ဘွားတွေ ကြီးစိုးခဲ့တဲ့ဒေသပါ။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ဦးနုလက်ထက်မှာ တရုတ်ပြည်မြေပုံထဲကို ပါသွားခဲ့တယ်။ မြေပြန့်မှာက ရှမ်းတွေ လယ်လုပ် ခြံလုပ်ပါတယ်။ အခုတော့ ငှက်ပျောခြံတွေ မျက်စိတဆုံးပါပဲ။ တောင်ပေါ်မှာကတော့ ၀လူမျိုး၊ မျဲန်းလူမျိုး တရုတ်တွေ နေကြပါတယ်။ ဟန်းဟုန့်ရွာ ကျောင်းကိုရောက်တော့ စာရေးသူကို ဖူးမျှော်ဖို့စောင့်နေတဲ့ ပရိသတ်တွေက မနဲပါဘူး။ သူတို့က စာရေးသူရဲ့ တရားကို နာဖူးခဲ့တာ ကြာပါပြီ။ အခုတော့ လူကိုယ်တိုင်ကို ဖူးရတော့မယ် ဆိုတော့ ၀မ်းသာတဲ့ မျက်နှာ ရိုးစင်းတဲ့အမူအရာတွေနဲ့ စောင့်မျှော်နေခဲ့ခြင်းပါ။ စာရေးသူ ရောက်လာချိန် သူတို့ရဲ့ ရွှင်ပြတဲ့ မျက်နှာကလေးတွေဟာ ဟန်ဆောင်မှု လုံးဝ ကင်းပါတယ်။ တကယ့်ကို ရိုးသားတဲ့ ဒို့ရှမ်းမျိုးနွယ်တွေ မြင်ရတော့ စိတ်ထဲမှာ တမျိုးကြီး ခံစားမိတယ်။ သူတို့ရဲ့ ၀မ်းသာစွာ သာဓုခေါ်သံတွေလဲ မိုးထက်ညံနေပါတော့တယ်။

စားရေးသူ ကျောင်းထဲဝင်တာနဲ့ ပရိသတ်တွေ ပြည့်နေပါတော့တယ်။ တစ်မူးရှိလို့ တစ်ပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား ဆိုတဲ့အတိုင်း ရှမ်းလူမျိုးတွေရဲ့ ယုံကြည်မှုကတော့ စာဖွဲ့လောက်ပါတယ်။ စာရေးသူလဲ သူတို့ ကန်တော့ပြီးတာနဲ့ ဆုပေး သီလပေးပြီး နေ့ဆွမ်းဖို့အချိန်ရောက်တော့ ပရိသတ်တွေ နောက်တစ်သုတ် စောင့် ခိုင်းရပါတယ်။ မိန်းတိန် ၀က်သားချဉ်ကတော့ အင်မတန် နာမည်ကြီးပါတယ်။ နောက်ပြီးတော့ မိန်းတိန် သီးမွှေးငှက်ပျောပါ။ သီးမွှေးငှက်ပျောက ခေတ်မီနည်းပညာနဲ့ စိုက်ပျိုးတော့ တရုတ်ပြည် တပြည်လုံးအထိ ဖြန့်ချိတယ်။ နေ့ဆွမ်းပြီးတာနဲ့ နောက်ထပ် ရောက်လာတဲ့ ပရိသတ်တွေကို ဆုပေးသီလပေးနဲ့ စားရေးသူ မထနိုင်တော့ပါဘူး။ လူတိုင်းရဲ့ မျက်နှာက ၀မ်းသာနေကြတယ်။ သူတို့ ဖူးတွေ့ချင်တဲ့သူကို ဖူးတွေ့ခွင့်ရတော့ သူတို့ ကံကောင်းကြတယ်လို့ သူတို့ ကိုယ်တိုင် လက်အုပ်တချီချီနဲ့ တဖွဖွပြောနေကြတယ်။ တချို့သက်ကြီး ရွယ်အိုတွေခမျာ ၀မ်းသာလွန်းလို့ မျက်ရည်တောင် လည်မိကြတယ်။ ပရိသတ်တွေ ခြောက်ဖွဲ့လောက် ကန်တော့ပြီးတာနဲ့ မွန်းလွှဲ ၂ နာရီလောက် စာရေးသူတို့ မိန်းတိန်ကို ခွာပြီး ကိုင်မားမြို့ကို ခရီးဆက်လာခဲ့တယ်။ မိန်းတိန်ဒကာဒကာမတွေကတော့ သူတို့ဆီမှာ တစ်ည နှစ်ညလောက် တည်းစေချင်သေးတယ်။ အပြန်မှ ထပ်ဝင်လာဦးမယ်ဆိုကာ သူတို့ကို နှုတ်ဆက် ထွက်ခွာလာခဲ့တယ်။

မိုင်းတိန်နဲ့ ကိုင်မားမြို့လည်း မိုင် ၅၀ နီးပါးရှိပြီး တောင်တက်လမ်းဖြစ်တယ်။ တောင်ကြောတွေ မတ်စောက်ပေမဲ့ လမ်းကောင်း ကားကောင်းတာကြောင့် ခရီးသွားရတာ သက်သာပါတယ်။ ဒီဘက်နိုင်ငံက သစ်တောတွေကတော့ စိမ်းစိုအေးမြနေပေမယ့် ဒို့နိုင်ငံက သစ်တောတွေကျတော့ တောပြောင်ပြောင် ဖြစ်နေကြပါပြီ။ သာယာတယ် ဆိုတဲ့ ထင်းရူးတောတွေဟာ တောင်ယာတွေနဲ့ ရုပ်ပျက်နေ ဆိုသလို ဖြစ်ကုန်ပြီ။ လောကနီတိ အဆိုအရ တောကို ဖျက်ဆီတာက မျောက်လို့ ဆိုပေမယ့် သစ်တောကို ဖျက်ဆီးတာက လောဘဇောပါ။ အခုဆိုရင် လောဘဇောကြောင့် မီးသွေးတွေ ဖုတ်ပြီး တရုတ်ပြည်ကို ရောင်းနေကြတာ သစ်ပင်ကြီးငယ်တွေလည်း ပြောင်သလောက်ဖြစ်နေပြီ။ သစ်တစ်ပင်ခုတ် အချုပ် ၃ နှစ် ဆိုတဲ့ ဆိုင်းပုဒ်တွေ သာ ထောင်ထားပြီး သစ်တောတွေ ကြောက်ခမန်းလိလိ ပျက်စီးနေတာကြောင့် ကြုံတွေ့ရမည့် အနာဂတ်သဘာဝ ဘေးဆိုးတွေကို မတွေးဝံ့စရာပါပဲ။

ယူနန်ပြည်နယ်ရဲ့ စိမ်းစိုထူထပ်တဲ့ တောတောင်တွေကို ကျော်ဖြတ်ပြီး တောင်ခြေကိုရောက်တာနဲ့ ကိုင်မားမြိုကို ရောက်လာတော့တယ်။ ကိုင်မားလဲ ရှမ်းစော်ဘွားမြို့တစ်မြို့ဖြစ်ခဲ့တယ်။ ရှမ်းအကြီးအကဲ တစ်ဦးက မြို့တည်ဖို့ ဘုရင်ဆီတောင်းတော့ ဘုရင်က မြင်းဖြူတစ်ကောင် ပေးလာခဲ့ပြီး ဒီမြင်းဖြူ ရပ်နားတဲ့ နေရာကို မြို့တည်ဖို့ မိန့်ခဲ့ရာ ယခု မြေပြန့်နေရာကို ရောက်လာတော့ မြင်းက ရပ်နားပြီး မြက်တွေကို စားတော့ အဲဒီနေရာကို မြို့တည်လိုက်တာတဲ့။ ဒါကြောင့် ကိုင်မားမြို့ကို ၀င်လာရင် မြင်းဖြူရုပ်တစ်ကောင်ကို တွေ့ရပါမယ်။ ကိုင်မားနေ ရှမ်းတွေက ဆစ်ဆောင်ပန်းနား ရှမ်းသံနဲ့ နီးစပ်တယ်။။ အမျိုးသမီးများ ထဘီအနက်၊ အင်္ကျီအဖြူ၊ ခေါင်းပေါင်း အနက် (သို့မဟုတ်) ဆံဖျားမှာ ချည်ကြိုးအနက် ထွဲထားပြီး ခေါင်းကို စည်းကြတယ်။ အမျိုးသား အမျိုးသမီးကြီးတွေ ရှမ်းလိုအခေါ် (တွယ်)ဆိုတဲ့ ငုံဆေးတစ်မျိုး ငုံလေ့ရှိပြီး သွားတွေ မဲနေကြတယ်။ သွားတွေ ခိုင်တယ်လို့ဆိုတယ်။ ကိုင်မားဘုန်းတော်ကြီး ကျောင်းမှာ စာရေးသူတို့ အဖွဲ့လာတည်းတယ်။ ကိုင်မား ဆရာတော် ဘုရားကြီးက ဒီဒေသမှာ ထေရ်ကြီးဝါကြီး တစ်ပါးဖြစ်တယ်။ တရုတ်ပြည်မှာ ဒီလို ထေရ်ကြီး ၀ါကြီး ဖူးတွေ့ဖို့ ခဲယဉ်းတယ်။ ဘာကြောင့်လဲဆိုတော့ ကွန်မြူနစ်တွေ စ၀င်လာကတည်းက သံဃာတော်တွေ ထွက်ပြေးခဲ့ရတယ်။ ကိုင်းမား ဆရာတော်ဘုရားကြီးလည်း သာသနာတော်ကို ချစ်စိတ်ကြောင့် လူမထွက်ဘဲ ကွန်မြူနစ်တွေ မျက်စိစပါးမွေး မစူးအောင်း အထဲမှာ သင်္ကန်းဝတ် အပြင်မှာ လူအ၀တ်ဝတ်ပြီး နေလာခဲ့တဲ့ ဆရာတော်ဖြစ်တယ်။ ယခု ဆရာတော် သက်တော် ၇၀ ကျော်နေပြီ။

ဆရာတော် စဝ်ဆုခမ်းနဲ့ တရုတ်ပြည်မှ ရှမ်းအဆိုတော် စိုင်းအိုက်ကိန်

ဆရာတော် စဝ်ဆုခမ်းနဲ့ တရုတ်ပြည်မှ ရှမ်းအဆိုတော် စိုင်းအိုက်ကိန်

စာရေးသူရဲ့ ကျောင်းနေဘက် သူငယ်ချင်း အရှင်ဒီဃဒဿီလည်း စာရေးသူကို ကိုင်မားကနေ လာကြိုတယ်။ ဒီအရှင်ကတော့ ရန်ကုန် သာသနာ့တက္ကသိုလ်မှာ ၄ နှစ် သွားနေဖူးတယ်။ တရုတ်ပြည်ကနေ စကောလားရှစ် ပို့လို့ ယူနန်ပြည်နယ်သံဃာအနေနဲ့ ထေရ၀ါဒစာပေတွေကို လာလေ့လာသင်ယူခြင်းဖြစ်တယ်။ ကိုင်းမား ရောက်ချိန် မိုးစတင်ချုပ်နေပါပြီ။ နီးစပ်တဲ့ သတင်းကြားတဲ့ ဒကာဒကာမတွေ တသုတ်ပြီး တသုတ် လာကန်တော့နေကြတာ ည ၉း၃၀ မှပဲ အိပ်ခန်းကို ကြွရတယ်။

14.1.2012

ကိုင်မားမှ မိုင်းကော်သို့

နံနက် အရုဏ်ဆွမ်း ဘုန်းပေးပြီးတာနဲ့ အရှင်ဒီဃဒဿီက သူနေတဲ့ကျောင်းကို ကြွဖို့ ပင့်တာနဲ့ မနက်အစောကြီး နှင်းထုကို ဖြတ်ပြီး မိုင်းကော်ရွာကို ခရီးထွက်လာခဲ့တယ်။ အဲဒီရွာက မိုင်းတုမ်းမြို့နယ် (ချန်းရန်မြို့နယ်) အနီးမှာ တည်ရှိပြီး ရှမ်း၊ ၀၊ မျဲန်း၊ တရုတ်လူမျိုးတွေ စုပေါင်းနေထိုင်တဲ့ မြို့နယ်ဖြစ်တယ်။ အများစုက ၀တိုင်းရင်းသားပါ။ ဒီဒေသရှိ ရှမ်းတွေက သူတို့ကို သူတို့ (တွဲး) လို့ခေါ်ကြတယ်။ စကားကတော့ ဆစ်ဆောင်ပန်းနားနဲ့ သိပ်မကွာ ဘူး။ ကိုင်မားမြို့နဲ့ ချန်းရန်မြို့ဟာ မိုင် ၅၀ လောက်ဝေးမယ်။ မိုင်းကော်ရွာကိုရောက်တော့ ဘုန်းကြီးကျောင်းအနားမှာ ရှမ်းအိုးစည်တီးပြီး စာရေးသူတို့ကို ကြိုဆိုကြတယ်။ ကျောင်းအ၀င်ဝနားမှာ သူတို့ရဲ့ အနွေးထည်တွေကို ချွတ်ပြီး နတ်လမ်းခင်းထားကြတယ်။ သံဃာတော်တွေ အဲဒီ အ၀တ်ပေါ်ဖြတ်လျှောက်ရင် သူတို့အတွက် ကျန်းမာရေးကောင်းတယ်လို့ ယုံကြည် ယူဆကြတယ်။ စာရေးသူလည်း ကျောင်းထဲဝင်ပြီး ဘုရား ရှိခိုးတယ်။ နောက်ပြီး ပရိသတ်တွေ လာကန်တော့ကြတယ်။ အထူးသဖြင့် အဖိုးအဖွားကြီးတွေ ၀မ်းသာစွာ လာ ဖူးမျှော်ကြတယ်။ စာရေးသူလည်း သူတို့အတွက် တရားခွေတွေ ပရိတ်ကြိုးတွေနဲ့ ဝေပေးခဲ့တယ်။နေ့ဆွမ်းကို မိုင်းကော်ကျောင်းမှာ ဘုန်းပေးခဲ့တယ်။

ယူနန်နယ် မိုင်းကော်ရွာကို ရောက်စဉ်

ယူနန်နယ် မိုင်းကော်ရွာကို ရောက်စဉ်

ယူနန်ပြည်နယ် မိုင်းကော်ကျောင်းသို့ ရောက်လာစဉ်

ယူနန်ပြည်နယ် မိုင်းကော်ကျောင်းသို့ ရောက်လာစဉ်

ယူနန်ပြည်နယ် မိုင်းကော် ငြိမ်းချမ်းရေးစေတီ

ယူနန်ပြည်နယ် မိုင်းကော် ငြိမ်းချမ်းရေးစေတီ

အရှင်ဒီဃဒဿီ

ဆရာတော် အရှင်ဒီဃဒဿီဟာ ချန်းရန်ဇာတိဖြစ်ပြီး ၁၉၉၂ တုံးက တရုတ်ပြည်အစိုးရက မြန်မာပြည်ကို ထေရ၀ါဒအကြောင်းလေ့လာဖို့ ပညာတော်သင်အဖြစ် ရန်ကုန်မြို့ ကမ္ဘာအေး သာသနာ့တက္ကသိုလ်မှာ ၄ နှစ် လာတက်ပြီး ဒီပလိုမာဘွဲ့ရခဲ့တယ်။ အဲဒီအချိန်မှာ စာရေးသူလည်း သာသနာ့တက္ကသိုလ်တက်နေချိန်ဖြစ်လို့ သူနဲ့ သိကျွမ်းခဲ့တာပါ။ သူနဲ့ စာရေးသူနဲ့ မှတ်မှတ်ရရ တစ်ခုကို ပြောပြပါရစေ။

အရှင်သုခမိန္ဒနှင့် အရှင်ဒီဃဒဿီ ယူနန်

အရှင်သုခမိန္ဒနှင့် အရှင်ဒီဃဒဿီ ယူနန်

သာသနာ့တက္ကသိုလ် နေ့ဆွမ်းဘုဉ်းပေးတဲ့ နေ့တစ်နေ့က အဖြစ်အပျက်ကလေးတစ်ခုပါ။ စာရေးသူ နေ့ဆွမ်းစား ပြီးတိုင်း ထမင်းအကြွင်းအကျန်နဲ့ အရိုးတွေကို စုပြီး လေလွင့်နေတဲ့ ခွေးတွေကို နေ့စဉ် သွားကျွေးတယ်။ ဒါကြောင့် သံဃာတော်တွေ ဆွမ်းစားပြီး ထသွားကြသော်လည်း စာရေးသူက အမြဲတမ်း နောက်ကျခဲ့တယ်။ အရိုးတွေ လိုက်ကောက်နေလို့ပါ။ တစ်နေ့ အရိုးတွေ စုနေတုံး အရှင်ဒီဃဒဿီလည်း ဆွမ်းစားပြီး စာရေးသူ အနားကို ဖြတ်လျှောက်သွားတယ်။ သူက စာရေးသူကို လှမ်းကြည့်ပြီး အလိုအပ်ဆုံး အကူအညီ တစ်ခု လှမ်းတောင်းနေတဲ့ ပုံစံကို မြင်တွေ့ရတယ်။ သူကြိုစားပြီးတော့ လက်ယက်ပြီး စာရေးသူကို လှမ်းခေါ်တယ်။ စကားတော့ မပြောဘူး။ သူ့မျက်နှာတွေလည်း ရှုံ့မဲ့နေပြီးခွေလှဲကျသွားတယ်။ သူရဲ့ဦးခေါင်းက ဆွမ်းစားကျောင်း အုတ်ခံဒေါင့်စွန်းနဲ့ ရိုက်ခတ်မိဖို့ တာစူနေပါပြီ။ စာရေးသူလည်း အရိုးတွေ ကောက်တာကို ပစ်ထားပြီး သူ့ဆီကို အမြန်ပြေးသွားကာ လှမ်းပွေ့ယူလိုက်တယ်။ တော်သေးရဲ့ သူ့ဦးခေါင်းက ဘာမှ မထိခိုထက်မိတော့ဘူး။ အဲဒီအချိန် သူတစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေတော့တယ်။ ငန်းဆွဲသလိုလို အကြောဆွဲသလိုလိုဖြစ်နေတယ်။ မျက်ဖြူလဲ ဆိုက်နေပြီ။ ပါးစပ်ကလည်း ရွဲ့နေပါပြီ။ စာရေးသူလည်း သူ့ကို နှိပ်နှယ်ပေးတယ်။ ဘေးနားက ဦးဇင်းတွေ သုံးလေးပါးလောက် ရောက်လာပြီး လာမေးကြတယ်။ သူ့ရဲ့ အကြောတွေကို ဖြေပေးဖို့ စာရေးသူက ပြောတော့ ကျန်တဲ့ ကိုယ်တော်တွေ ၀ိုင်းနှိပ်ပေးကြတယ်။ ခြေမတွေကို ချိုးပေးကြတယ်။

အရှင်အတွက် အရေးကြီးနေမှန်း သိလို့ စာရေးသူက ဆွမ်းစားကျောင်းအနီးမှာ ရှိတဲ့ ကျောင်းကားတစ်စီးကို ခေါ်ပြီး တရုတ်ပြည်က ကိုယ်တော်တစ်ပါးကို အကြောင်းစုံ ရှင်းပြကာ ဆေးရုံကြီးကို အမြန်ပို့ခိုင်းတော့တယ်။ ကားဆရာကိုလည်း လိုအပ်တာ မှာပေးလိုက်တယ်။ ကားဆရာလည်း သူတို့ နှစ်ပါးကို တင်ပြီး ဆေးရုံကြီးကို အမြန်မောင်းလေတော့တယ်။ သူနဲ့ လိုက်သွားတဲ့ ကိုယ်တော်က မြန်မာလို တော်တော် ပြောတတ်လို့ စာရေးသူ လိုက်မသွားခြင်းပါ။ နောက်တစ်ခု နေ့ခင်း တစ်နာရီမှာ စာရေးသူက စာဝါ (သင်တန်း)ရှိနေလို့ပါ။ တရုတ်ပြည်ကလာတဲ့ သံဃာတော် ၆ ပါးရှိတယ်။ ကျန်တဲ့ကိုယ်တော်တွေကို သံရုံးကို အကြောင်းကြားစေ ခဲ့တယ်။ စာရေးသူလည်း ခွေးစာကို ကမန်းကတမ်း သွန်ကျွေးပြီး ပါမောက္ခချုပ်ဆီ ချက်ချင်း အကြောင်းသွားကြားလိုက်တယ်။ မော်ကွန်းထိန်းလဲ ရောက်လာတယ်။

ပါမောက္ခချုပ်က စာရေးသူကို ဘာကြောင့် အလောတကြီး ဆေးရုံကြီးကို ပို့လိုက်တာလဲ။ လူကြီးတွေနဲ့ တိုင်ပင်ပြီးမှ လုပ်သင့်တယ်လို့ စာရေးသူကို ဆူတယ်။ စာရေးသူလည်း လူနာက အရေးကြီးနေကြောင်း ချက်ချင်း မပို့ရင် မဖြစ်တဲ့အကြောင်း ပြန်လျှောက်လိုက်တယ်။ မော်ကွန်းထိန်းက စာရေးသူရဲ့ ဆုံးဖြတ်ချက် မမှားကြောင်း ပြောတယ်။ အဲဒီနေ့ တရုတ်သံရုံးက လူကြီးတွေ ဆေးရုံကြီးကို ရောက်သွားတယ်။ နောက်ပြီး နိုင်ငံတော် အကြီးအကဲတွေလဲ ဆေးရုံကြီးကိုရောက်သွားပြီး အရှင်ဒီဃဒဿီကို သွားကြည့်ကြတယ်။ ဆရာဝန်ကြီးတွေလည်း အကုန်လုံး ခေါင်းနဘမ်းကြီးကုန်တော့တယ်။ စဖြစ်ပျက်ပုံကို သိချင်လို့ ဆိုပြီး သာသနာ့တက္ကသိုလ်က ပါမောက္ခချုပ်နဲ့ မော်ကွန်းထိန်းဆရာတော်ကို ဆေးရုံမှာ ခေါ်တွေ့တယ်။ ဆရာတော်ကြီးလည်း အကြောင်းစုံ မသိတော့ မပြောနိုင်ဘူး။ ဒါကြောင့် ဒီကိုယ်တော်ရဲ့ အဖြစ်အပျက်ကို အစအဆုံး မြင်ရသူ ရှိရင် အဲဒီသူကို တွေ့ချင်ကြောင်း ဆရာဝန်ကြီးပြောတော့ စာရေးသူလည်း စာဝါအပျက်ခံရပြီး ဆေးရုံကြီးကို ကျောင်းကားနဲ့ လိုက်သွားခဲ့ရတယ်။ ဆရာဝန်ကြီးနဲ့အတူ သံရုံး အရာရှိများ၊ မြန်မာပြည် ၀န်ကြီးများ တိုင်းမှူးဗိုလ်ချုပ်မျိုးညွှန့်တို့ ရှေ့မှာ စာရေးသူ တွေ့ကြုံခဲ့ရပုံကို ဆရာဝန်ကြီးအား ရှင်းပြခဲ့ရတယ်။ စာရေးသူ ပြောပြချက်ကို သိရပြီး ဆရာဝန်ကြီး အတော်ကျေနပ်သွားခဲ့ပုံပဲ။ နောက်ပိုင်း ကိုယ်တော်ရဲ့ ဦးနှောက်ထဲမှာ ၀က်သားကြောင့် ဖြစ်တဲ့ ပိုးတစ်မျိုး ၀င်နေကြောင်း သိရတော့တယ်။ ကိုယ်တော်ကို အထူးကြပ်မတ်ကုသပေးခဲ့ပြီး တစ်ပတ်လောက် ဆေးရုံတက်ကာ ပြန်ကောင်းလာပါတော့တယ်။ အကယ်၍ ဆေးရုံကို နာရီဝက်လောက် နောက်ကျရင်တော့ ဒီကိုယ်တော်လေးအတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ ဆရာဝန်ကြိး စကားကို ကြားရတော့ စာရေးသူရဲ့ ဆုံးဖြတ်ချက်ကို ပါမောက္ခချုပ်က ပြန်လည် ချီးမွမ်းခဲ့ပါတယ်။ ဒါကတော့ အရှင်ဒီဃဒဿီနဲ့ မမေ့နိုင်တဲ့ အဖြစ်အပျက်လေး တစ်ခုပါ။

အခု အရှင်ဒီဃဒဿီဟာ ချန်းရန်ခရိုင်မှာ သံဃာနာယကဖြစ်နေပါပြီ။ သူ့ကျောင်းမှာ ဓမ္မာရုံ တစ်ခု တည်ဆောက်နေပါတယ်။ ၀ိပဿနာ တရားစခန်းဖွင့်ဖို့ရည်ရွယ်ထားပြီး ဓမ္မာရုံပြီးသွားရင် စာရေးသူကို တရားပြဖို့ ပင့်ဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။ စာရေးသူလည်း တရားလာပြပေးဖို့ အာမဘန္တေ ၀န်ခံခဲ့ပါတယ်။

နေ့ဆွမ်းဘုဉ်းပေးပြီး လယ်ကွင်းကုန်းပေါ်မှာ ရှိတဲ့ ချစ်စရာကောင်းတဲ့ မိုင်းကော်စေတီတော်ကို သွားဖူးတယ်။ နောက်ပြီး ချန်းရန်မြို့ကို သွားလည်ခဲ့တယ်။ နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက တည်ဆောက်ထားတဲ့ ရှေးဟောင်းဘုရားကျောင်းတော်ကို သွားဖူးခဲ့တယ်။ နံရံဆေးရေးပန်းချီတွေ တချို့ ငလျှင်ဒဏ်ကြောင့် ပျက်စီး သွားခဲ့ပေမယ့် တချို့ ဆေးပန်းချီတွေ တွေ့မြင်ရပါသေးတယ်။ ဆေးရောင်ကတော့ သိပ်မပီသတော့ပါဘူး။ ထုံးသုတ်ထားလို့ ယဉ်ကျေးမှုဌာနက မူလဆေးရည် မပျက်အောင် ပြန်လည် ရှင်းလင်းပေးတာမြင်ရတယ်။ အဲဒီနောက် ရှုခင်းကောင်းတဲ့ ချန်းရန်ရေကာတာကို သွားလည်ပြီး မိုင်းကော်ကို ညနေပိုင်းလောက် ပြန်ရောက်လာတယ်။

ချန်းရန်မြို့ နှစ်ပေါင်း ၂၀၀ ကျော်က နံရံဆေးပန်းချီ

ချန်းရန်မြို့ နှစ်ပေါင်း ၂၀၀ ကျော်က နံရံဆေးပန်းချီ

ချန်းရန် (မိုင်းတုမ်း)ရှိ ရှေးဟောင်း ဘုရားကျောင်း

ချန်းရန် (မိုင်းတုမ်း)ရှိ ရှေးဟောင်း ဘုရားကျောင်း

ချန်းရန်မြို့လည်ရှိ ကျွဲရုပ်များ

ချန်းရန်မြို့လည်ရှိ ကျွဲရုပ်များ

ချန်းရန်ဆည်ကို သွားလည်စဉ်

ချန်းရန်ဆည်ကို သွားလည်စဉ်

ချန်းရန်ဆည်မှ အမှတ်တရ

ချန်းရန်ဆည်မှ အမှတ်တရ

မိုင်းကော်ကျောင်းမှ ကိုရင်လေးတွေနဲ့ အတူ မီးလှုံစဉ်

မိုင်းကော်ကျောင်းမှ ကိုရင်လေးတွေနဲ့ အတူ မီးလှုံစဉ်

မိုင်းတိန်သွားတဲ့ တောင်ပေါ်လမ်း

မိုင်းတိန်သွားတဲ့ တောင်ပေါ်လမ်း

စာရေးသူအား ရပ်နီးရပ်ဝေးမှ ဒကာဒကာမများ တစ်ဖွဲ့ပြီး တစ်ဖွဲ့လာကန်တော့ရင်း မိုးချုပ်သွားလေတော့တယ်။ အရှင်ဒီဃဒဿီရဲ့ ဓမ္မာရုံအတွက် စာရေးသူက ယွမ်ငွေ တစ်သောင်းလှူပေးလိုက်တယ်။ ကိုယ်တော်လည်း စာရေးသူတို့ အဖွဲ့အားလုံး လက်ဖက်ခြောက်စသဖြင့် လက်ဆောင်ပေးလာသေးတယ်။ ညအိပ်ယာဝင်တာတောင်မှ လာကန်တော့တဲ့သူတွေ ရောက်လာလို့ ထပြီး အကန်တော့ ခံလိုက်ရသေးတယ်။

အေးသလား မမေးနဲ့

15.1.2012 နံနက် စောစောထ၊ ဘုရားဝတ်တက်၊ အရုဏ်ခေါက်ဆွဲဘုဉ်းပေးပြီး ဒကာဒကာမတွေ တချို့ စောစီး စွာလာကန်တော့ကြတယ်။ အေးလွန်းလို့ ကိုရင်လေးတွေနဲ့ အတူ မီးသွားလုံလိုက်ရသေးတယ်။ နံနက် ၈ နာရီကျော် မိုင်းကော် ဒကာဒကာမတွေကို နှုတ်ဆက်ပြီး စာရေးသူတို့အဖွဲ့ကို အရှင်ဒီဃဒဿီကိုယ်တိုင် ကားနဲ့ မိန်းတိန်အထိ လိုက်ပို့ပါတယ်။ လာလမ်းအတိုင်း ပြန်တာမဟုတ်ဘဲ မြန်မာပြည် ၀နယ်စပ် အနီး ကားလမ်းအတိုင်း တောင်တက်တောင်ဆင်းပြီး မိုင်းတိန်ကို နေ့လည် ၁၂ နာရီ မထိုးခင်ရောက်လာတော့တယ်။ ခရီးမိုင် ၇၀ ကျော်မယ်ထင်တယ်။ သတင်းပို့ထားတဲ့အတိုင်း ဟတ်ဆိုင်းကျောင်းမှာ နေ့ဆွမ်းဘုဉ်းပေးတယ်။ ပရိသတ်တွေလည်း ဘယ်လိုကနေ သတင်းရသလဲ မသိဘူး။ စာရေးသူ လာမယ်မှန်းသိလို့ ရွာပေါင်းစုံက လာစောင့်နေကြတာ ကျောင်းကို ပြည့်သွား တော့တာပဲ။ နေ့ဆွမ်းဘုဉ်းပေးချိန် မိုင်းတိန် အရာရှိကြီးများ ရောက်လာပြီး စာရေးသူကို လာကန်တော့ ကြတယ်။ အရှင်ဒီဃဒဿီက ခရိုင်ဘုန်းကြီးဖြစ်လို့ အရာရှိတွေလည်း လာကြရတာပေါ့။ စာရေးသူကို သူမိတ်ဆက်ပေးလိုက်တယ်။ သူ့ရဲ့ ကျောင်းနေဘက်သူငယ်ချင်းလည်း ဖြစ်သလို၊ သူ့ရဲ့ အသက်သခင် ကျေးဇူးရှင်ဖြစ်ကြောင်း။ သူ့ရဲ့ စာသင်ပေးတဲ့ ဆရာဖြစ်ကြောင်း ပြောပြလိုက်တယ်။ လူကြီးတွေလည်း သဘောပေါက်ပြီး နောက်တခါ မိုင်းတိန်ကိုလာရင် ယခုလို အချိန် တိုတိုလေး မပေးဖို့။ ဒကာဒကာမတွေကို တရားချီးမြှင့်ပေးဖို့ လျှောက်ကြတယ်။ စာရေးသူလည်း သူတို့အကန်တော့ခံပြီး တရားခွေတွေ လက်ဆောင်ပေးတယ်။

နောက်ပြီး ပရိသတ်တွေကို ဆုပေး သီလပေး တရားတိုတိုလေး ဟောပေးလိုက်ပါတယ်။ အပြန်လမ်းခရီးမှာ နမ့်ဆင်ရွာကို ခဏ၀င်ပြီး စောင့်နေတဲ့ ဒကာဒကာမတွေကို သွားတွေ့ခဲ့တယ်။ သူတို့ တစ်ရွာလုံးလဲ စာရေးသူ ကို ၀မ်းသာစွာ ပူဇော်ကန်တော့ကြတယ်။ ဆုပေး သီလပေးပြီး ကွမ်းလုံကို ညတရားဟော အမီပြန်လာခဲ့ရတယ်။ အရှင်ဒီဃဒဿီနဲ့ မိုင်းတိန် သံဃာတော်များ ချင်းရွှေဟော်နယ်စပ်အထိ လိုက်ပို့ကြတယ်။

မိုင်းတိန်မြို့ နမ့်ဆင်ကျောင်းသို့ ရောက်လာစဉ်

မိုင်းတိန်မြို့ နမ့်ဆင်ကျောင်းသို့ ရောက်လာစဉ်

နမ့်ဆင်ကျောင်း (မိုင်းတိန်မြို့)တွင် ဆရာတော် အရှင်သုခမိန္ဒ တရားဟောစဉ်

နမ့်ဆင်ကျောင်း (မိုင်းတိန်မြို့)တွင် ဆရာတော် အရှင်သုခမိန္ဒ တရားဟောစဉ်

မိုင်းတိန် ဒကာဒကာမများ လာရောက်ကန်တော့စဉ်

မိုင်းတိန် ဒကာဒကာမများ လာရောက်ကန်တော့စဉ်

စာရေးသူတို့အဖွဲ့လည်း မြန်မာပြည်ဘက်ချမ်းကို ပြန်ရောက်လာကြပြီး ကွမ်းလုံကို ခရီးဆက်ခဲ့ကြတယ်။ ညနေ ၅ နာရီကျော် ကွမ်းလုံမြို့ကိုရောက်လာစဉ် ကွမ်းလုံ ဒကာဒကာမတွေကလည်း မြို့ထိပ်မှာ ပန်းစည်းလေးကိုင်ပြီး ကြိုဆို ပူဇော်ကြတယ်။ ည ၇ နာရီအချိန် စာရေးသူက (ကျောင်းလှူရခြင်းအကျိုး) တရားကို ရှမ်းဘာသာနဲ့ ဟောပေးခဲ့တယ်။ ကွမ်းလုံ မြို့ အိုနွမ်းနေတဲ့ ရှမ်းကျောင်းကြီး အသစ်ပြန်လည် တည်ဆောက်ဖို့အတွက် ဓမ္မပူဇာတွေအားလုံးနဲ့ အတူ ရှမ်းကျောင်းကြီးအတွက် စာရေးသူ မတည်အလှူငွေ ဆယ်သိန်းလှူဒါန်းခဲ့တယ်။ အရင်တစ်ပတ်က နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းလည်း ဒီရှမ်းကျောင်းကြီးအတွက် အလှူတော်ငွေ သိန်းသုံးရာ လှူဒါန်းသွားခဲ့သေးတယ်။

ဖွားဖွားတစ်ဦးရဲ့ သဒ္ဓါတရား

ဖွားဖွားတစ်ဦးရဲ့ သဒ္ဓါတရား

16.1.2012 နံနက် ၈ နာရီ မထိုးခင် ကွမ်းလုံမြိုကနေ ထွက်လာပြီး သိန်းနီမြို့ ပိန်းအွယ်ဓမ္မရိပ်သာမှာ နေ့ဆွမ်း ဘုဉ်းပေးကာ လားရှိုးမြို့ လုံလော့ ကျောင်းမှာ တစ်ည တည်းခဲ့တယ်။

17.1.2012 လားရှိုးမှာ နေ့ဆွမ်း ဘုဉ်းပေးပြီး တန့်ယန်းမြို့ကို ခရီးဆက်ပြန်တယ်။ ၈၃ မိုင်ခရီးပါ။ ညနေ ၄ နာရီကျော်လောက် ရောက်ပါတယ်။

19.1.2012 နံနက် ၉ နာရီအချိန် တန့်ယန်းမြို့ မဟာမြတ်မုနိ ဘုရားကျောင်းတော်ကြီး အုတ်မြစ်ချအခမ်းအနားကို ကျင်းပခဲ့တယ်။ ကျောင်းကြီးက အလျား ၁၆၂ ပေ၊ အနံ ၁၀၀ ပေကျယ်မယ်။ စာရေးသူကပဲ ဦးဆောင်ပြီး ဆောက်လုပ်နေခြင်းပါ။

တန့်ယန်းမြို့ မဟာမြတ်မုနိဘုရားကို ပြန်လည် တည်ထောက်စဉ်

တန့်ယန်းမြို့ မဟာမြတ်မုနိဘုရားကို ပြန်လည် တည်ထောက်စဉ်

မဟာမြတ်မုနိဘုရား (တန့်ယန်း)အား အုတ်မြစ်ချစဉ်

မဟာမြတ်မုနိဘုရား (တန့်ယန်း)အား အုတ်မြစ်ချစဉ်

20.1.2012 မနက် ၈ နာရီ တန့်ယန်းကနေ ပြန်ထွက်ခွာပြီး နမ့်ပေါင်ရွာမှာ နေ့ဆွမ်းဘုဉ်ပေးကာ လားရှိုးမြို့ လုံလော့ကျောင်းမှာ တစ်ည တည်းတယ်။

21.1.2012 မနက် ၅ နာရီကျော် လားရှိုးကနေ သိန်းနီမြို့ ကို ခရီးဆက်ပြန်တယ်။ နံနက် ၇ နာရီ မထိုးခင် သိန်းနီမြို့ကို ရောက်လာပြီး ၈ နာရီအချိန်မှာ သိန်းနီမြို့ ကျောင်းဆိုင်ကျောင်း မဟာမြတ်မုနိဘုရားကြီး အထက် ပြသာဒ် ဌာပနာသွင်းပွဲမှာ ရပ်နီးရပ်ဝေး သံဃာတော်တွေနဲ့ အတူ ဌာပနာသွင်းခဲ့တယ်။ နေ့ဆွမ်းဘုဉ်းပေးပြီး မူဆယ်ကို ညနေ ၄း၃၀ လောက် ရောက်လာတယ်။

DSC08037

22.1.2012 မူဆယ်ကနေ တရုတ်ပြည် ယူနန်နယ်။ မန်စီမြို့ ဒကာမကြီး ဒေါ်ဝှီအိမ်မှာ ရောက်လာပြီး တရုတ် နှစ်သစ်ကူးကို ကြိုဆိုခြင်းပါ။ ဗျောက်အိုးသံ မီးရှူးမီးပန်းသံတွေ ၀ုန်း ဒိုင်း ၀ုန်း ဒိုင်းနဲ့ တစ်ညလုံး ညံနေလေတော့တယ်။ ရိုးရာအရဆိုပေမယ့် ငွေတွေကို မီးရှို့ခြင်းတစ်မျိုးပါပဲ။ စာရေးသူကတော့ အိပ်ခန်းထဲကနေ တရုတ်နှစ်သစ်ကူးကို ကြိုဆိုရင်း ဒီခရီးသွား ဆောင်းပါးရှည်ကို အဆုံးသတ်လိုက်ပါတယ်။

(ရှင်းညံခွဲလော့) ပျော်ရွှင်တဲ့ နှစ်သစ် ရောက်ပါပြီ။

အားလုံး ရွှင်ပြုံး ပျော်ရွှင်နိုင်ကြပါစေ။

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း)

 

About laisaitai